ဆောင်းတွင်းရောက်ပြီဆိုတော့ ရှမ်းပြည်ဘက်သွားချင်တယ်...
ရှမ်းစာ စားချင်တယ်..
အဲ့တော့ ငါးထမင်းနယ်ကို စားချင်တယ်.. ဆိုင်လားတော့မသိ.. :P
တရက် ရုံးကိစ္စနဲ့ တောင်ကြီးဟိုတယ်တွေစုံစမ်းရတဲ့အခါ... ငါးထမင်းနယ်ကို ချက်ချင်းလက်ငင်းဆိုသလို စားချင်တာနဲ့ ခဏချင်းမှာပဲ သွားမယ်စားမယ်ဆိုပြီး ရုံးက အပေါင်းအဖော်တွေနဲ့ ဟက်ပီးကို လန့်ခ်ျအောက်ကြတယ်..
စားချင်နေတဲ့အချိန်မို့လား.. တကယ်ပဲ အရမ်းကောင်းတာလားတော့မသိ... အဲ့ဆိုင်က ငါးထမင်းနယ်ကို တခါမှမစားဖူးပေမဲ့ အရမ်းကြိုက်သွားတယ်... မိုးကုတ်ငါးထမင်းနယ်ပါတဲ့..
ကျိုင်းတုံဝက်အူချောင်း...
ကိုယ်သိပ်ကြိုက်တဲ့ ပဲကြာဇံ အော်စွန်းသုပ်.. အဲ့ဆိုင်ကို ရောက်တိုင်းစားဖြစ်တယ်...
ဖေ့ဘုတ်မှာ ခဏခဏတက်လာတဲ့ parfait ဆိုတဲ့ဟာမျိုးကို အတတ်စမ်းပြီး ဒိန်ချဉ်နဲ့လျှောက်လုပ်တာ.. ခရင်မ်နဲ့ဆိုရင်တော့ စားလို့ကောင်းမှာ သေချာပေမဲ့ ဒိန်ချဉ်နဲ့ဆိုတော့ ချဉ်တူးနေလို့ ဓာတ်ပုံသာရိုက်လိုက်နိုင်ပြီး တကယ်တမ်းတော့ မစားနိုင်ပါဘူး...
ဒါကတော့ whipping cream ကို ဘာမှမလုပ်ဘဲ ဒီတိုင်းဖောက်ထည့်ပြီး စတော်ဘယ်ရီထည့်ထားတာ..
whipping cream ကိုမခေါက်ဘဲ စားကောင်းချင်ရင် ရေခဲသေတ္တာအအေးခန်းထဲမယ် ထည့်ထားပြီး အတော်လေးခဲသွားမှစားရင် ခရင်မ်ခဲခဲ ပြစ်ပြစ်လေးရပါမယ်... ခုကတော့ လုံးဝ မစောင့်ချင်လို့ ဒီတိုင်းပဲ ထည့်လိုက်တာ..
ကိုးမိုင်မှာ Feel က ဆိုင်အသစ်ဖွင့်ပါတယ်.. တခြား Feel ဆိုင်ခွဲတွေလို ဆူညံပြီး ထိုင်စားရတာ စိတ်ချမ်းသာစရာမကောင်းတဲ့ ဆိုင်မျိုးမဟုတ်တာက အဓိက အဲ့ဆိုင်ကို ရောက်သွားစေတဲ့ အကြောင်းပြချက်ပါ... ဓါတ်ပုံကြည့်ပြီး ရောက်သွားခဲ့တာ.. တကယ်တမ်းလည်း သန့်သန့်ရှင်းရှင်းနဲ့ အေးအေးချမ်းချမ်းလေးဆိုတော့.. အစားအသောက်ကို အပြည့်အ၀ အာရုံပေးလို့ရတယ်လေ.. ပူလောင်အိုက်စပ်မနေတာကိုလည်း အမှတ်ပေးပါတယ်.. ဒါပေသိ.. လတ်တလော ခေတ်စားနေတဲ့ အခွန်တံဆိပ်ခေါင်းတော့ ဘောက်ချာမယ် မပါပါဘူး.. ဂါးဗားမင့်တက်စ်ဆိုပြီးတော့တော့ ရေးထားပြီး တောင်းပါတယ်.. အေးအေးဆေးဆေးရှိတဲ့ တနေ့တော့ ရစ်ပါဦးမယ်..
ပုံက အစုံသုပ်နဲ့ အင်းလေးငါးထမင်းနယ်ပါ.. အစုံသုပ်ကိုကြိုက်တယ်.. ငါးထမင်းနယ်ကတော့ ကိုယ့်အကြိုက်မဟုတ်ပါဘူး..
ဒီပို့စ်ကို ရေးလက်စနဲ့ဘဲ ဒရပ်ဖ်လုပ်ထားတာ.. ကြားထဲမှာ ၂ခါလောက် အဲ့ဆိုင်ကို ထပ်ရောက်ဖြစ်တယ်... အခုတော့ အခွန်တံဆိပ်ခေါင်းကပ်ပေးနေပါပြီ..
ဟိုတနေ့ကလည်း ဆရာစံလမ်းပေါ်က ယူနန်အကင်ဆိုင်မှာ.. တက်စ်ကို ၉၀၀ ကျော်ဆိုပြီး ထည့်တွက်ထားသည်ပေါ့... တံဆိပ်ခေါင်းလေးတွေကို မကပ်ဘဲ ၅ခုလောက်ထပ်ပြီး ဘောက်ချာမယ် စတေပလာနဲ့ ချုပ်ပေးလိုက်တယ်... တွက်ကြည့်လိုက်တော့ ၅၀တန် ၅ခု.. ၂၅၀ပဲရှိလို့ ပြန်ပြောတော့မှပဲ.. ၁၀၀၀ တန်ပြန်ပေးလာတယ်...
ဘာမှ မဟုတ်တဲ့ ရောက်တတ်ရာရာတွေပါပဲ...
Tuesday, December 23, 2014
Friday, December 12, 2014
ရောက်တတ်ရာရာ-၂
မအားလွန်းလို့ ပုံတွေတင်ချင်တာကို အောင့်အည်းထားရတယ်..
ဒါက စတော်ဘယ်ရီ.. ရန်ကုန်မှာ မပေါခင်တည်းက အောင်ပန်းက သူငယ်ချင်းက ပို့ပေးထားတာ..
တကယ်တော့ Frozen yogurt ဆိုပြီးဖြစ်ချင်တာ.. အရမ်းခဲသွားတော့ စားမကောင်းပြန်ဘူး.. မပျော့်တပျော်လေး စားတာပိုကောင်းတယ်...
ပိတ်ရက်တရက်မှာ အိပ်ရာကနိုးလာတော့ ငါးထမင်းနယ်ကို အသည်းသန်စားချင်တယ်... အဲ့ဒါနဲ့ ချက်ချင်း မျက်နှာသစ်အကျီင်္လဲပြီးသွားစားတာ... ဆိုင်ရောက်တော့ မြေအိုးမြီးရှည်ပါစားချင်သွားရော...
အိပ်ရာနိုးတယ်ဆိုပေမဲ့.. နေ့လည် ၃နာရီလောက်ပါ... စောစောစီးစီး မြေအိုးမြီးရှည်ကြီးစားတယ် ဖြစ်နေမဆိုးလို့.. မြေအိုးမြီးရှည်ဆိုတာ ကိုယ့်အတွက်တော့ မနက်စာမဟုတ်ဘူးလေ..
ကျောက်ကုန်းက ၂၂ ဆိုတဲ့ ရှမ်းခေါက်ဆွဲဆိုင်မှာစားတာ.. အဲ့ဆိုင်က ရှမ်းခေါက်ဆွဲလည်း အရမ်းကောင်းတယ်... ခုလောလောဆယ် ရန်ကုန်က စားဖူးသမျှရှမ်းခေါက်ဆွဲထဲမတော့ အဲ့ဆိုင်ကဟာကို အကြိုက်ဆုံးပဲ....
တရက်သောအခါမှာ.. ကိုယ်စားချင်တယ်ဆိုလို့ ကြက်ပဲဟင်းကို အမေချက်ပေးတာ... ဆိတ်သားခြောက်က ဘယ်သူဖုတ်သလဲတော့မသိဝူးး.. အာဗင်ထဲထဲ့တာကို တူးသွားတယ်...
တမနက်ခင်း အပြေးလေ့ကျင့်ဖြစ်တဲ့ရက်.. အပြန်မှာ တယောက်တည်း မနက်စာစားတာ.. တက္ကသိုလ်ရိပ်သာလမ်းက ဖူဂျီမှာ.. ကိုယ်တခါပြောဖူးသလို အဲ့ဆိုင်က နန်းကြီးသုပ်ကို ကြိုက်ပါတယ်.. နန်းကြီးသုပ်မစစ်လို့.. ဆီမများဘူးလေ.. တကယ်ကတော့ ပြည်ပလာတာကို စားချင်တာ.. ဒါပေသိ ဘယ်တော့မှ အဲ့တပွဲနဲ့လည်း မ၀တတ်ဘူး.. ပလာတာ ၁ချပ်အပိုဆိုပြီး ပြောရလောက်အောင်လည်း ဟင်းက နောက်တချပ်စာ မလောက်ဘူးဆိုတော့.. နောက်တမျိုးပေါ့.. သိပ်အဆင်ပြေတာပဲ.. ကျေနပ်တယ်လေ...
ဘဲကင်..
ဝက်သားပေါက်စီ
ဂဏန်းပျော့ကြော်
ငါးချိုချဉ်
ပိန်းဥပုဇွန်ကြော်
ဝက်နံရိုး
ဝက်သားကင်
ပုဇွန်မရောနိစ်
ပုစွန်ဖက်ထုပ်
ဆယ်လမွန်ငါးခေါင်း
ဆူးလေရှန်ဂရီလာဟိုတယ်ကြီးက ဒင်ဆမ်းတွေပါ.. မစားဖူးလို့ ရုံးကလူတွေနဲ့ သွားစားကြတာ... တယောက်ကို ၂၀ နဲ့ဘလောက်လည်း မသိဘူးပေးရတယ်.. မှတ်တော့မမှတ်မိတော့ဘူး.. အရမ်းလည်းကြာပါတယ်.. နောက်ဆုံး ၂ပုံက သရက်သီး ရေခဲမုန့်နဲ့ သရက်သီးပူတင်းပါ.. ရေခဲမုန့်တော့ မသိဘူး.. ပူတင်းကတော့ ချိုလွန်းတယ်... ဒါပေမဲ့ တခွက်ခွဲတော့ စားခဲ့တယ်လေ..
အဲ့လို ဟိုတယ်က ဒင်ဆမ်းချင်းယှဉ်မယ်ဆို ဆီဒိုးနား တရုတ်ဆိုင်က ဒင်ဆမ်းက ပိုကောင်းပါတယ်... ကြာတာတော့ အတူတူပါပဲ.. ဒါဟာ ထိုင်စားရတဲ့ဘူဖေးရဲ့ အဓိကအားနည်းချက်ပါပဲ.. သူတို့လာချမှစားလေ.. စောင့်နေတာနဲ့ပဲ ထင်သလောက် မစားနိုင်တော့ဘူးရယ်...
အလုပ်ကိစ္စနဲ့ နေပြည်တော်သွားရတုန်းက စားထားတာပါ... နေတာက မြတ်နန်းယုံဆိုတဲ့ ဟိုတယ်.. အပြင်ပန်း အပြင်ဆင် မဆိုးပေမဲ့ အခန်းအနေအထားကောင်းပေမဲ့ ရေချိုးရတာ အတော်အဆင်မပြေပါဘူး.. တည့်တည့်ကျတဲ့ ရေပန်းတခုအပြင် ရွေးစရာမရှိပါဘူး.. တည့်တည့်က ကောင်းကောင်းကျသလားဆိုတော့လည်း ကွက်တိကွက်ကျားပါ.. ၂ခါရှိပြီ.. အဲ့ဒီ့မှာ နေဖြစ်တာ.. ၂ခါလုံး အဆင်မပြေဘူး.. အဲ့ရေချိုးခန်းပဲ.. အိပ်ယာခင်းတွေကလည်း ဖြူဖွေးနေပေမဲ့ အနံ့အသက်ရှိတယ်.. ကိုယ်က အဲ့လိုအနံ့တွေဆို သူများထက်ပိုပြီး စန်းစန်းတင့်တတ်တယ်... ပထမတခါတုန်းက အိမ်ကလူကြီးတွေနဲ့သွားတာ.. အဲ့လိုပဲ အနံ့ရှိတယ်ပြောတော့ ငါတို့တော့ ဘာအနံ့မှ မရဘူးတဲ့... ထားတော့.. ပြောရရင် ကိုယ့်သဘောနဲ့ကိုယ်ဆို အဲ့ ဟိုတယ်မှာ ထပ်မနေပါဘူး.. ၀ိုင်ဖိုင်လည်း မကောင်းဘူးလေ..
တရက်ကျတော့ ဟိုတယ်မှာပဲ မှာစားရင်းနဲ့ ဖွဘုတ်ပေါ် ကွကိုယ်သနားလိုက်တာဆိုပြီး ဓာတ်ပုံတင်လိုက်တယ်.. မွေးသဖခင်ကလည်း နောက်နေ့ရောက်လာမယ်.. စောင့်နိုင်ရင် ညစာကျွေးမယ်ဆိုပြီး ကိုယ့်ခွင်ထဲကို အေးအေးဆေးဆေးဝင်လာတယ်လေ... အသစ်ဖွင့်တဲ့ ကမ်ပင်းစကီးဟိုတယ်မှာပါ.. ဆယ်လမွန်ငါးတပွဲမှာတာ.. ပေါင်မုန့်က ကွန်ပလီမန်ထရီပေါ့.. မယ်ရီဘယ်ရီဆိုလား မသိဘူး ..အအေးနာမည်က.. ကောင်းပါတယ်.. အစားအသောက်လည်း ကောင်းတယ်လို့ပြောလို့ရတယ်.. ဟိုတယ်အပြင်ဆင်ကလည်း မိုက်တယ်..
ဈေးကတော့ အင်တာနယ်ရှင်နယ်တို့ ထုံးစံအတိုင်း ကြီးသည်ပေါ့..
ဒါတွေကလည်း တနင်္ဂနွေတရက် ဖူဂျီမှာ မနက်စာစားထားတာ... ၂ပွဲလောက်စားလိုက်ရမှ နေသာထိုင်သာရှိတာမျိုး..
အဲ့လိုစားပြီး တနေကုန်အိပ်.. ပြီးတော့ ညနေလောက်ပြန်ထ.. သွားစရာရှိတာသွားပြီး ည၉နာရီလောက်ကျ ဗိုက်ဆာရော.. အဲ့ဒါနဲ့ မြို့ထဲကို တယောက်ထဲသွားပြီး သွားစားတာ.. Sushi Ichi လို့ထင်တယ် ဆိုင်နာမည်က.. နောက်စားဖြစ်မယ်မဟုတ်ဘူး.. ကိုယ်စားဖြစ်နေတဲ့ အိုအိရှီ ဆူရှိလောက် မကြိုက်ဘူး..
ပြီးတော့ အဲ့ဒါစားပြီးညတည်းက နောက်နေ့ထိ ရင်ပြည့်ပြီး နေလို့မကောင်းဘူး.. တကယ်တော့ အပေါ်ဆုံးကဟာက ကိုယ်မစားဘူး.. မှားပြီးမှာမိတာ.. ကယ်လဖိုးနီးယားရိုးနဲ့ အမေရိကန်ရိုးကို အမြဲမှားတယ်.. ကိုယ်စားနေကျက အမေရိကန်ရိုး.. ဒါပေသိ အဲ့ဆိုင်မှာ မရှိဝူး.. အိုအိရှီမှာလည်း တခါမှားပြီးမှာလို့ ခံရပြီးပြီ.. အဲ့ဒီကယ်လဖိုးနီးယားရိုးက ငါးအစိမ်းပါတယ်.. ပထမတခါက မသိဘဲစားလိုက်ပြီး ခုတော့ နပ်သွားပြီ..... လာချတော့ ငါးအစိမ်းတွေတွေ့တာနဲ့ လုံးဝမစားတော့ဘူး.. အဲ့တော့မှပဲ တလွဲ ကယ်လဖိုးနီးယားဖြစ်ပြန်ပြီလို့ ကွကိုယ်သတိချပ်မိတော့တယ်.. အမေရိကန်နဲ့ ကယ်လဖိုးနီးယားကို မကွဲဘူးရယ်..
ဒီပို့စ်ကို ၅ ရက်လောက်ခွဲရေးပါတယ်.. နောက်ထပ်ပုံတွေရယ် ကိုယ်ရေးချင်တဲ့ ကိုယ့်အကြောင်းရယ် နောက်အပတ်ထဲတော့ ရေးဖြစ်မယ်ထင်ရဲ့...

Tuesday, December 2, 2014
ချစ်သူ့တမ်းချင်း
ဒီနေ့မနက် ချစ်သူကို ကြည်ကြည်နူးနူးလေး လွမ်းမိတယ်.....
ခါတိုင်းရောမလွမ်းဘူးလားတော့ဆိုတော့.. ခါတိုင်းက လွမ်းပြီး စိတ်ပျက် အားငယ်သွားတတ်တယ်.. ဘာကိုမှန်းမသိပေါ့......
လွမ်းတာတော့ မျက်လုံးမပွင့်ခင်.. နိုးဘီဆိုတဲ့အသိစိတ်စ၀င်လာတဲ့အချိန်ကစပြီး ချစ်သူကိုလွမ်းရတာပဲလေ...
နေ့တိုင်းလိုလိုပဲ.....
ဒီနေ့တော့အဲ့လိုမဟုတ်ဘဲ.... ကိုယ်စောင်းအိပ်နေတဲ့ဘက်ကနေတခြားတဘက်ကို လှည့်လိုက်တဲ့အချိန်မှာ ကြည်နူးပြီး ကိုယ်ပြုံးမိတယ်.... သိပ်မလိုတော့တဲ့ရက်ပိုင်းမှာ ကိုယ်အခုလိုလှည့်လိုက်တာနဲ့ နွေးထွေးနေတဲ့ ချစ်သူ့ရင်ခွင်ကို ကိုယ်တိုးဝင်နိုင်တော့မယ်လေ....
ချစ်သူရှိရင် ချစ်သူက ဖုန်းကို ကိုယ့်နားမှာထားပြီး ပေးမအိပ်ပါဘူး.... အိပ်ရာဘေးနားကနေရာမှာပဲထားပြီး နှိုးစက်မြည်ရင် သူလှမ်းယူပေးပါတယ်.... မြည်နေတဲ့ဖုန်းလက်ထဲရောက်လာတာနဲ့ အိပ်ချင်မူးတူးယူပြီး အသံပိတ်ပစ်ပါမယ်... အဲ့အချိန်မှာ ထတော့လေဆိုပြီး ချစ်သူက အိပ်ချင်မူးတူးနဲ့ပဲ ပြောပါမယ်...... ချက်ချင်းဆိုသလို ချစ်သူနားကို တိုးကပ်ပြီး ရင်ခွင်ထဲအတင်းတိုးဝင် ချစ်သူရဲ့ကိုယ်ငွေ့နွေးနွေးကို ခံစားရင်း ကိုယ်ပြန်မှေးပါမယ်..... ၂မိနစ်လောက်တော့ ချစ်သူကိုယ့်ကို ကြည်ဖြူပါလိမ့်မယ်... ပြီးတာနဲ့ ထတော့ဆိုပြီး ထပ်ပြောပါမယ်.... အာဘွားပေးဆိုပြီး အိပ်မှုန်စုံမွှားနဲ့ ကိုယ်ပြောပါဦးမယ်... မျက်လုံး လုံးဝမဖွင့်ဘဲ ချစ်သူ ကိုယ့်နဖူးကိုဖြစ်ဖြစ် ပါးကိုဖြစ်ဖြစ် ခပ်ဖွဖွနမ်းပါလိမ့်မယ်...... အဲ့ဒါဆို ကိုယ်ကျေနပ်သွားပြီး အီးအားအင်းအော်ပြီး ထထိုင်ပါမယ်.......
ဒါတွေကို အကုန်ဆက်စပ်စဉ်းစားမိပြီး ဒီနေ့မနက်ခင်း ကိုယ်မျက်လုံးမဖွင့်ခင် ပြုံးမိတယ်.....
ကြည်နူးပြီး လွမ်းမိတယ်....

ထပ်ပြီးတော့ ရုံးရောက်တော့ မြေပဲထောပတ်နဲ့ပေါင်မုန့်စားဖြစ်တယ်... ချစ်သူသွားပြီးနောက်ပထမဆုံး စားဖြစ်တာ.. ၀ိတ်လျှော့နေလို့ မစားသင့်ဘူးရယ်လို့ ဆုံးဖြတ်ပြီး သကာလ ခုကျတော့ အရမ်းကိုစားချင်နေပြန်ရော.. အဲ့တော့ သင်တန်းဆရာကို အာ့လေးစားလို့ရလားဆရာဆိုတော့ နဲနဲစားလို့ရတယ်တဲ့.. ၂မျိုးရှိတဲ့ အထဲက Low fat ဆိုတဲ့ဟာကိုစားဆိုတော့ ချက်ချင်းပဲ ၀မ်းသာအားရပြေးဝယ်တော့တာပဲလေ... ဒီနေ့မနက်အဲ့ဒါကို စားတော့ ချစ်သူကို ထပ်လွမ်းမိပြန်ပါတယ်..
ပေါင်မုန့်တွေ ကိတ်မုန့်တွေချစ်သူက မစားပါဘူး.. ကြိုက်လည်းမကြိုက်ဘူး.. ကျွေးလို့လည်း မရဘူး.. ဒါပေမဲ့ အဲ့ပီးနပ်ဘတ်တာနဲ့ပေါင်မုန့်သုတ်ကျွေးရင်တော့ နှစ်နှစ်ခြိုက်ခြိုက်စားတာကို မှတ်မိတယ်..... ညကြီးအချိန်မတော်ဗိုက်ဆာရင် အာ့ကျွေးလိုက်တာပဲ.... ကိုယ်လည်းစားရင်းပေါ့.. သူက ၂ချပ်လောက်စားရင် ကိုယ်က ပေါင်မုန့်သုတ်နေရင်း ၂ချပ်.. သူနဲ့တူတူစားတာ ၂ချပ်.. အဲ့လိုတွေစားမှတော့ မ၀ပဲနေမလားတော်......
ထားတော့ ... စားစရာပုံတွေတော့ တပုံတပင်ရှိပေမင့်... တင်ဖို့ရာ အချိန်အားမရသေးလို့...
စားစရာတွေချည်းပဲ ရောက်တတ်ရာရာပို့စ်တပုဒ်လာပါဦးမည်...

Sunday, November 9, 2014
ရောက်တတ် ရာရာ- ၁
ရေးစရာ ထွေထွေထူးထူး အကြောင်းမရှိတာရယ်.. ရေးချင်လာတဲ့အချိန်မှာ မအားတော့ ရေးမယ်လည်းဆိုရော မေ့သွားတာရယ်ကြောင့် ရေးစရာမရှိပါဘူး...
အဲ့တော့ ပုံပဲတင်ပါမယ်...
အသီးစားရတာကြိုက်သလောက် အခွံခွာရမှာပျင်းတော့ တခါတလေမှစားဖြစ်တဲ့အသီး... စိတ်ရှည်လက်ရှည် အသီးနွှာပေးတတ်တဲ့ ချစ်သူကို ဒီလိုအချိန်မျိုးမှာ ပိုလွမ်းပါတယ်..
သူကတော့ ကိုယ်နွှာရင် အသီးတွေ ပြုန်းတီးလို့ဆိုကာ သူကိုယ်တိုင် လုပ်ပေးတယ်.. ကိုယ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သက်သက်သာသာ စားရဖို့က အဓိကဆိုတော့ ချစ်လို့လုပ်ပေးတယ်ပဲ သဘောထားပါတယ်.. ခစ်ခစ်ခစ်.. ဒါတောင် ဆရာမကြီးဝင်လုပ်သေးတာ.. ဖရဲသီးဆို အခွံနားထိခွာရင် လုံးဝမကြိုက်ဘူး.. ချိုမှမချိုတာကိုး.. အဲ့တော့ ချစ်သူခမျာ ခွာနေရင်းနဲ့ အဲ့ဒါတွေ နှမြောလို့ ကြိုက်တယ်လို့လည်းပြောပြီး အဲ့အောက်ပိုင်းတွေကို စားရရှာတယ်.. သခွားမွှေးသီးကျတော့ လုံးဝအပစ်မခံဘူး.. အခွံနားက ကျွတ်တဲ့အပိုင်းကို သူကပိုကြိုက်တာတဲ့... အိုးး...သိပ်အဆင်ပြေတာပေါ့.. သခွားမွှေးသီးစားရင် ချိုတဲ့နားလေးပဲကိုက်.. ကျန်တာကို ရော့ကိုကိုဆိုပြီး ခွံ့လိုက်ရုံပဲ... အသီးစားတာတောင် ချစ်သူရှိမှ အဆင်ပြေတဲ့ဘ၀မျိုး..
ဘယ်ရီသီးတွေ.. ရခဲပါတယ်.. တွေ့တုန်းဝယ်စားရတာ.. စမူးသီးလုပ်သောက်တာလေ..
Frozen စတော်ဘယ်ရီပါ.. ဒါလည်း စမူးသီးအတွက်ပဲလေ..
ဒိန်ချဉ်ကို ငယ်ငယ်တည်းကမကြိုက်တတ်ဘူး... လွန်ခဲ့တဲ့ ၁နှစ်လောက်ကစပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုလို့ ရယ်ဒီမိတ်ဘူးတွေ ကြိတ်မှိတ်စားရင်က ကြိုက်လာတာ... စားစရာရှားမှာဆိုလို့ နယ်ချဲ့တာပါ..
ဒါပေမဲ့ ခင်ကြီးကျယ်ဆိုတော့ ဗမာဖြစ်ဒိန်ချဉ်ကိုတော့ အနံ့ကိုမခံနိုင်ဘူးတော်..
ရုံးက အမတယောက်စပွန်ဆာပေးတဲ့ ပုဇွန်ချဉ်သုပ်...
ခုတလော အိုအိရှီ ဆူရှီဆိုင်ကို သဘောခွေ့နေတာ... ဒါလည်း စားစရာပါးရှာနေပီရယ်လို့ အထင်ရောက်ပြီး နယ်ချဲ့တာပဲ.. ကိုယ်က ဆူရှီလုံးဝမကြိုက်ဘူး.. ရေညှိကိုလည်းမကြိုက်ခဲ့ဘူး.. အနံ့ကိုမခံနိုင်တာဆိုတာမျိုး... ချစ်သူနဲ့ကြိုက်ပြီးနောက်ပိုင်း သူကရေညှိစားတော့ အတင်းခွံ့တယ်.. ရေညှိအချပ်တွေ.. အစပိုင်းကတော့ ခါးခါးသီးသီးပဲ.. နောက်ပိုင်းကျတော့ ကြိုက်တိုက်တိုက်ဖြစ်လာတယ်.. ဒါလည်း မစားသေးဘူး.. ခုကျတော့ အစာငတ်ခံရတဲ့ဘ၀မှာ ဘာမြင်မြင်စားချင်တာမျိုး.. အဲ့တော့ ဆူရှီကိုလည်း စိတ်ပါလာသည်ပေါ့.. အဲ့ဒါနဲ့ပဲ ဆူရှီစစားဖြစ်တယ်.. အဲ့တော့ ကြိုက်ပါသည်ပေါ့... ဒီဆိုင်လေးက ဈေးလည်းအတော်အသင့် အရသာလည်းကောင်းတယ်လို့ နာမည်ကြီးတယ်.. ကိုယ့်သူငယ်ချင်းတွေက တချိန်လုံး ချက်ကင်ဝင်နေကြတော့ စိတ်ဝင်စားပြီး သွားစားဖြစ်တာ.. တခြားဆူရှီဆိုင်တွေတော့ မစားဖူးသေးဘူး...
အသစ်ဖွင့်တဲ့ Frozee Gelato ဆိုတဲ့ဆိုင်က.. ဈေးကြီးပါတယ်.. အောက်ကပုံက ရေခဲမုန့်ကိတ်ပါ.. အဲ့ဒါလေးကို ၄၈၀၀ ကတော့ မတန်ရေးချမတန်...
ဒါက ယောက္ခမရဲ့ အချစ်တွေပါ.. ပင်စိမ်းပဲပုတ်ငြုတ်သီးကြော်... ကိုယ့်အကြိုက် စပ်ပြဲနေအောင် ကြော်ပေးတာ.. အဲ့ဒါယောက္ခမက ကြော်ပေးတယ်ဆိုပြီး ချစ်သူကို လှမ်းပြောတော့ အစပ်တွေအများကြီး မစားနဲ့ဦးဆိုပြီး စိတ်ပူသေးတာ.. အဲ့လို သေးသေးမွှားမွှားလေးကို အဝေးကြီးကနေ လှမ်းဂရုစိုက်တဲ့ ချစ်သူကို အချစ်ပိုပါတယ်...
ဒါလည်း ယောက္ခမလက်ရာပဲ.. ကြာဇံချက်..
ကြာဇံချက်ကို သိပ်မကြိုက်ဘူး.. ယောက္ခမချက်တာကိုပြောတာမဟုတ်ဘူး.. ကြာဇံချက်ဆိုတာကို မကြိုက်တာ.. ဒါပေမဲ့လည်း ဒီလို တပန်းကန်တော့ စားလို့ရတယ်..
ဒိန်ချဉ်ဘူး အကပ်အသပ်လေးကိုလဲ ဒီလိုလုပ်ပြီးစားတယ်.. ပျားရည်နဲ့..
မိုးတွေရွာနေတုန်းက သွားစားတာ.. တကယ်တော့ ရုံးစောဆင်းလို့ အိမ်ကို ဘာဝယ်ခဲ့ပေးရဦးမလဲဆိုပြီး လှမ်းမေးတော့ အမေက မုန့်တီစားချင်ဆိုတာနဲ့ ၀င်ဝယ်ရင်း ကိုယ်ပါရောကြိတ်တာပေါ့...
မုန့်တီကိုလည်း မကြိုက်ဘူး.. တကယ်ပါ.. ငတ်တော့ အကုန်စားချင်တယ်လေ...
everything i see, i eat ဆိုပြီး ချစ်သူကိုပြောတော့ အသေရီတာပါဆို..
သူငယ်ချင်းတယောက်နဲ့သွားစားတာ.. Planet X ဆိုတဲ့ဆိုင်... ကျောက်ကုန်းမှာ.. ကိတ်သားက အရမ်းကြမ်းတယ်.. မကြိုက်ဘူး... ဆိုင်လေးကတော့ ထိုင်လို့ကောင်းတယ်.. လူရှင်းတယ်.. အင်တာနက်ကောင်းတယ်..
စပါဂတီ.. ပြောရမယ်ဆိုရင် ဒါကိုလည်းပဲမကြိုက်ဘူး... အစာငတ်ခံရတဲ့ဘ၀မှာ တခါမှ မက်မက်စက်စက်မရှိဘူးတာတွေကို နှစ်နှစ်ခြိုက်ခြိုက်ကို စားမိနေတာ... ရုံးက အမကြီးတယောက် လုပ်ကျွေးတာ... ချိစ်တွေအများကြီးနဲ့.. ကျေနပ်တယ်လေ..
မနက်ဘက် ထပြေးပြီးတော့ အိမ်အပြန် အမေ့အတွက် နန်းကြီးသုပ်ဝင်ဝယ်တာ.. အဲ့ဆိုင်မှာ တခါမှမစားဖူးသေးဘူး မြည်းကြည့်ဦးမှဆိုပြီး ရှမ်းခေါက်ဆွဲစားကြည့်တာ..
အကြောင်းပြချက်တွေကတော့ မရိုးရဘူးလေ.. ဂိုလ်ဒင်ဗယ်လီ ကဖေးဆိုလား... မားကတ်ပလေ့စ်ဘေးကဆိုင်..
ရောက်တတ်ရာရာတွေပဲဆိုတော့ နံပါတ်စဉ်ပဲပေးလိုက်တော့တယ်.. ပေးစရာနာမည်လည်း မစဉ်စားတတ်ဘူးလေ..

Subscribe to:
Posts (Atom)