ရေးစရာ ထွေထွေထူးထူး အကြောင်းမရှိတာရယ်.. ရေးချင်လာတဲ့အချိန်မှာ မအားတော့ ရေးမယ်လည်းဆိုရော မေ့သွားတာရယ်ကြောင့် ရေးစရာမရှိပါဘူး...
အဲ့တော့ ပုံပဲတင်ပါမယ်...
အသီးစားရတာကြိုက်သလောက် အခွံခွာရမှာပျင်းတော့ တခါတလေမှစားဖြစ်တဲ့အသီး... စိတ်ရှည်လက်ရှည် အသီးနွှာပေးတတ်တဲ့ ချစ်သူကို ဒီလိုအချိန်မျိုးမှာ ပိုလွမ်းပါတယ်..
သူကတော့ ကိုယ်နွှာရင် အသီးတွေ ပြုန်းတီးလို့ဆိုကာ သူကိုယ်တိုင် လုပ်ပေးတယ်.. ကိုယ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သက်သက်သာသာ စားရဖို့က အဓိကဆိုတော့ ချစ်လို့လုပ်ပေးတယ်ပဲ သဘောထားပါတယ်.. ခစ်ခစ်ခစ်.. ဒါတောင် ဆရာမကြီးဝင်လုပ်သေးတာ.. ဖရဲသီးဆို အခွံနားထိခွာရင် လုံးဝမကြိုက်ဘူး.. ချိုမှမချိုတာကိုး.. အဲ့တော့ ချစ်သူခမျာ ခွာနေရင်းနဲ့ အဲ့ဒါတွေ နှမြောလို့ ကြိုက်တယ်လို့လည်းပြောပြီး အဲ့အောက်ပိုင်းတွေကို စားရရှာတယ်.. သခွားမွှေးသီးကျတော့ လုံးဝအပစ်မခံဘူး.. အခွံနားက ကျွတ်တဲ့အပိုင်းကို သူကပိုကြိုက်တာတဲ့... အိုးး...သိပ်အဆင်ပြေတာပေါ့.. သခွားမွှေးသီးစားရင် ချိုတဲ့နားလေးပဲကိုက်.. ကျန်တာကို ရော့ကိုကိုဆိုပြီး ခွံ့လိုက်ရုံပဲ... အသီးစားတာတောင် ချစ်သူရှိမှ အဆင်ပြေတဲ့ဘ၀မျိုး..
ဘယ်ရီသီးတွေ.. ရခဲပါတယ်.. တွေ့တုန်းဝယ်စားရတာ.. စမူးသီးလုပ်သောက်တာလေ..
Frozen စတော်ဘယ်ရီပါ.. ဒါလည်း စမူးသီးအတွက်ပဲလေ..
ဒိန်ချဉ်ကို ငယ်ငယ်တည်းကမကြိုက်တတ်ဘူး... လွန်ခဲ့တဲ့ ၁နှစ်လောက်ကစပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုလို့ ရယ်ဒီမိတ်ဘူးတွေ ကြိတ်မှိတ်စားရင်က ကြိုက်လာတာ... စားစရာရှားမှာဆိုလို့ နယ်ချဲ့တာပါ..
ဒါပေမဲ့ ခင်ကြီးကျယ်ဆိုတော့ ဗမာဖြစ်ဒိန်ချဉ်ကိုတော့ အနံ့ကိုမခံနိုင်ဘူးတော်..
ရုံးက အမတယောက်စပွန်ဆာပေးတဲ့ ပုဇွန်ချဉ်သုပ်...
ခုတလော အိုအိရှီ ဆူရှီဆိုင်ကို သဘောခွေ့နေတာ... ဒါလည်း စားစရာပါးရှာနေပီရယ်လို့ အထင်ရောက်ပြီး နယ်ချဲ့တာပဲ.. ကိုယ်က ဆူရှီလုံးဝမကြိုက်ဘူး.. ရေညှိကိုလည်းမကြိုက်ခဲ့ဘူး.. အနံ့ကိုမခံနိုင်တာဆိုတာမျိုး... ချစ်သူနဲ့ကြိုက်ပြီးနောက်ပိုင်း သူကရေညှိစားတော့ အတင်းခွံ့တယ်.. ရေညှိအချပ်တွေ.. အစပိုင်းကတော့ ခါးခါးသီးသီးပဲ.. နောက်ပိုင်းကျတော့ ကြိုက်တိုက်တိုက်ဖြစ်လာတယ်.. ဒါလည်း မစားသေးဘူး.. ခုကျတော့ အစာငတ်ခံရတဲ့ဘ၀မှာ ဘာမြင်မြင်စားချင်တာမျိုး.. အဲ့တော့ ဆူရှီကိုလည်း စိတ်ပါလာသည်ပေါ့.. အဲ့ဒါနဲ့ပဲ ဆူရှီစစားဖြစ်တယ်.. အဲ့တော့ ကြိုက်ပါသည်ပေါ့... ဒီဆိုင်လေးက ဈေးလည်းအတော်အသင့် အရသာလည်းကောင်းတယ်လို့ နာမည်ကြီးတယ်.. ကိုယ့်သူငယ်ချင်းတွေက တချိန်လုံး ချက်ကင်ဝင်နေကြတော့ စိတ်ဝင်စားပြီး သွားစားဖြစ်တာ.. တခြားဆူရှီဆိုင်တွေတော့ မစားဖူးသေးဘူး...
အသစ်ဖွင့်တဲ့ Frozee Gelato ဆိုတဲ့ဆိုင်က.. ဈေးကြီးပါတယ်.. အောက်ကပုံက ရေခဲမုန့်ကိတ်ပါ.. အဲ့ဒါလေးကို ၄၈၀၀ ကတော့ မတန်ရေးချမတန်...
ဒါက ယောက္ခမရဲ့ အချစ်တွေပါ.. ပင်စိမ်းပဲပုတ်ငြုတ်သီးကြော်... ကိုယ့်အကြိုက် စပ်ပြဲနေအောင် ကြော်ပေးတာ.. အဲ့ဒါယောက္ခမက ကြော်ပေးတယ်ဆိုပြီး ချစ်သူကို လှမ်းပြောတော့ အစပ်တွေအများကြီး မစားနဲ့ဦးဆိုပြီး စိတ်ပူသေးတာ.. အဲ့လို သေးသေးမွှားမွှားလေးကို အဝေးကြီးကနေ လှမ်းဂရုစိုက်တဲ့ ချစ်သူကို အချစ်ပိုပါတယ်...
ဒါလည်း ယောက္ခမလက်ရာပဲ.. ကြာဇံချက်..
ကြာဇံချက်ကို သိပ်မကြိုက်ဘူး.. ယောက္ခမချက်တာကိုပြောတာမဟုတ်ဘူး.. ကြာဇံချက်ဆိုတာကို မကြိုက်တာ.. ဒါပေမဲ့လည်း ဒီလို တပန်းကန်တော့ စားလို့ရတယ်..
ဒိန်ချဉ်ဘူး အကပ်အသပ်လေးကိုလဲ ဒီလိုလုပ်ပြီးစားတယ်.. ပျားရည်နဲ့..
မိုးတွေရွာနေတုန်းက သွားစားတာ.. တကယ်တော့ ရုံးစောဆင်းလို့ အိမ်ကို ဘာဝယ်ခဲ့ပေးရဦးမလဲဆိုပြီး လှမ်းမေးတော့ အမေက မုန့်တီစားချင်ဆိုတာနဲ့ ၀င်ဝယ်ရင်း ကိုယ်ပါရောကြိတ်တာပေါ့...
မုန့်တီကိုလည်း မကြိုက်ဘူး.. တကယ်ပါ.. ငတ်တော့ အကုန်စားချင်တယ်လေ...
everything i see, i eat ဆိုပြီး ချစ်သူကိုပြောတော့ အသေရီတာပါဆို..
သူငယ်ချင်းတယောက်နဲ့သွားစားတာ.. Planet X ဆိုတဲ့ဆိုင်... ကျောက်ကုန်းမှာ.. ကိတ်သားက အရမ်းကြမ်းတယ်.. မကြိုက်ဘူး... ဆိုင်လေးကတော့ ထိုင်လို့ကောင်းတယ်.. လူရှင်းတယ်.. အင်တာနက်ကောင်းတယ်..
စပါဂတီ.. ပြောရမယ်ဆိုရင် ဒါကိုလည်းပဲမကြိုက်ဘူး... အစာငတ်ခံရတဲ့ဘ၀မှာ တခါမှ မက်မက်စက်စက်မရှိဘူးတာတွေကို နှစ်နှစ်ခြိုက်ခြိုက်ကို စားမိနေတာ... ရုံးက အမကြီးတယောက် လုပ်ကျွေးတာ... ချိစ်တွေအများကြီးနဲ့.. ကျေနပ်တယ်လေ..
မနက်ဘက် ထပြေးပြီးတော့ အိမ်အပြန် အမေ့အတွက် နန်းကြီးသုပ်ဝင်ဝယ်တာ.. အဲ့ဆိုင်မှာ တခါမှမစားဖူးသေးဘူး မြည်းကြည့်ဦးမှဆိုပြီး ရှမ်းခေါက်ဆွဲစားကြည့်တာ..
အကြောင်းပြချက်တွေကတော့ မရိုးရဘူးလေ.. ဂိုလ်ဒင်ဗယ်လီ ကဖေးဆိုလား... မားကတ်ပလေ့စ်ဘေးကဆိုင်..
ရောက်တတ်ရာရာတွေပဲဆိုတော့ နံပါတ်စဉ်ပဲပေးလိုက်တော့တယ်.. ပေးစရာနာမည်လည်း မစဉ်စားတတ်ဘူးလေ..
No comments:
Post a Comment