တပတ်တပတ် စနေ တနင်္ဂနွေ ၂ရက်က လုံးဝမလောက်ဘူး..
အရင်တပတ်ကလည်း လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူး.... ထုံးစံအတိုင်း စနေကို တနေကုန်အိပ်.. ညနေပိုင်းမှာ ယောက္ခမနဲ့ (ယောက္ခမ-ဆွန်း တူ ဘီ) ညစာထွက်စားဖြစ်တယ်.... ပီဇာ ကွန်ပနီမယ်.. ပြီးတော့ ဆိုင်ဖွင့်ပွဲတခုသွားတယ်.. ဒါနဲ့ပဲ တရက်ကုန်သွားတယ်.. တနင်္ဂနွေကျတော့လည်း မထချင်ပြန်ဘူး... ညနေစောင်းလောက်ထ.. ရေမိုးချိုးပြီး ဈေးဝယ်ရသေးတာ.. တပတ်စာ စားဖို့သောက်ဖို့ကို.. တခါတခါတော့ ကွကိုယ်သနားတယ်.. ထမင်းဘူး အဆင်သင့်လေးဆွဲပြီး ရုံးလာချင်တယ်.. အဲ့လို ကုသိုလ်ကံက ပါမလာတာတော့ မဟုတ်ဘူး.. ကုန်သွားခဲ့ပြီးပေါ့နော်.. အဲ့တော့ တပတ်လုံး စားဖို့ကို ကွကိုယ်စီစဉ်ပြီး ၀ယ်ခြမ်းရတယ်.. မနက်စောစောထပြီး ကိုယ့်ထမင်းချိုင့်ကိုယ်ထည့်ဖို့လောက်ထိတော့ ဇ မရှိဘူးလေ.. အဲ့တော့ တပတ်စာလောက်မှန်းပြီး ကြက်သားပြုတ်ထားလိုက်တယ်.. အရွက်ဝယ်တယ်.. တပတ်လုံး နေ့လည်စာ အဲ့ဟာကို စားရတယ်.. မနက်စာလည်း ထို့နည်းလည်းကောင်းပဲ.. ချစ်သူမရှိတည်းက ကိုယ့်မနက်စာတွေဟာ ပျင်းရိညည်းငွေ့ဖွယ်အတိဖြစ်နေခဲ့တယ်.. ပေါင်မုန့်.. စီရီယယ်... ဒါနဲ့ပဲ လုံးလည်ချာလည်လိုက်နေတယ်.. အစကတော့ အီကြာကွေး အသုပ် ဘာညာ စားသေးတယ်.. နောက်ပိုင်း စားလို့မရတော့ဘူးဆိုတော့လည်း မစားဘူးပေါ့.. အလုပ်ရှုပ်သက်သာတယ်ပဲ ဖြည့်တွေးပါတယ်.. ထားပါတော့.. ဈေးဝယ်တာပြောရင်းနဲ့ ရှည်တာ..
အဲ့ဒါဈေးဝယ်ပြီးတော့ အိမ်ကလူကြီးတွေနဲ့ ညစာထွက်စားတယ်.. ငါဈေးမှာ.. အဖေက ပထမဆုံးရောက်ဖူးတာ.. မကြိုက်ဘူးတဲ့.. ဆားဗစ်နဲ့ စားစရာကို လက်ခံလို့ရပေမဲ့ ပတ်ဝန်းကျင်မကောင်းဘူးပေါ့.. ကလေး စရိုက်လေးတွေနဲ့ တွေ့ခဲ့တယ်လေ.. ပြီးတော့ အုန်းအုန်းထ ဆူညံနေတော့ နောက်ဘယ်တော့မှ မလာတော့ဘူးတဲ့....
ဒါနဲ့ပဲ တနင်္ဂနွေတရက်ကုန်သွားပြီး ၅ ရက်တာ အချိန်ဇယားထဲပြန်ရောက်ပြန်ရော..
ဒီတပတ်ကျတော့လည်း စနေ နေ့လည်ကို လေ့ကျင့်ခန်းသွားလုပ်.. ပြန်ရောက်တော့ ရေမိုးချိုးပြီး ညနေစာ ထွက်စားတယ်.. Choke dee ဆိုတဲ့ဆိုင်မယ်.. အဲ့နာမည်ကြီး အသည်းယားလွန်းလို့... ပထမဆုံးရောက်ဖူးတာပဲ... သိပ်အကြိုက်ကြီးတော့ မဟုတ်ဘူး.... ကွကိုယ်ဆိုရင် နောက်တခါ စားဖြစ်တော့မယ်မထင်ဘူး... ပြန်ရောက်တော့ ရုပ်ရှင်လေး ၁ခွေလောက်ကြည့်ပြီး အိပ်..
တနင်္ဂနွေကျတော့.. မနက်ဘက် အဖေ့ကို လေယာဉ်ကွင်းလိုက်ပို့.. အဲ့လို လိုက်ပို့တိုင်း သွားကြိုတိုင်း.. လေယာဉ်ကွင်းကို ရောက်ရတိုင်း ချစ်သူကို ကြိုရမဲ့ရက် မြန်မြန်ရောက်ချင်ပြီလို့ပဲတွေးမိတယ်.. သိပ်မလိုတော့ပါဘူးလေ.. နောက်လထဲမှာ ကြိုရတော့မှာပါ.. ခစ်ခစ်ခစ်...
အဖွားအိမ်ကို သွားစရာရှိတယ်.. လေယာဉ်ကွင်းက တန်းသွားရင် ရပေမဲ့ ဘာမှ မ၀ယ်ရသေးတော့ ၀ယ်ပြီးမှသွားမယ်လေဆိုပြီး ဓာတ်ဆီအရင်ဝင်ထည့်တယ်.... လေဆိပ်ကနေ ဟံသာဝတီ ဆီဆိုင်.. အဲ့ကနေ ရန်ကင်းစင်တာမယ် အသီးအနှံဝင်ဝယ်တယ်.. တကယ်က လိုင်စင်ပုံ ရိုက်ချင်လို့ ရန်ကင်းစင်တာ သွားတာ... (ဒါကိုရှင်းပြရတာ နောက်တခါ စီးတီးမတ်သွားတယ်ဆိုပြီး ထပ်ပြောရဦးမှာမို့.... ) ပြီးတော့ ဆရာစံလမ်းမှာ အဖွားအတွက်ရော ကိုယ့်အတွက်ပါ မုန့်ဝင်ဝယ်တယ်.. လိုချင်တဲ့ ပေါင်မုန့်မရသေးလို့ ညနေလာယူမယ်ဆိုပြီး ထပ်မှာခဲ့သေးတယ်... အဲ့ကနေ ဓမ္မစေတီ စီးတီးမတ်.. ဘာသွားလုပ်တုန်းဆို ပိုက်ဆံသွားရောင်းတယ်.. ကြုံနေတော့ အဖွားအတွက် ရှားကီးစ်ကနေ ရေခဲမုန့်လေးဝယ်သေးတယ်.. မနက်ထဲကနေ ဘာမှမစားရသေးတဲ့ကိုယ့်ပါးစပ်လေးကို သနားလို့ ခွေးပူလေးတခုဝယ်ကျွေးတယ်.. ဟော့ဒေါ့ပေါ့. ၄၃၀၀ တဲ့.. ရွေးစရာမရှိလို့ စားတာပါ.. ဈေးကြီးတယ်လို့ထင်ပါတယ်..
အဲ့ကနေ အဖွားအိမ် သမိုင်းခေါ်လား ဘာလား ပါရမီ စိန်ဂေဟာ အကျော်နားကို သွားတယ်... အဖွားအိမ်မှာ စကားရောဖောရော ဟိုရွှီးဒီရွှီး တံမြက်စည်းလေး တချက်၂ချက်လှဲ ၀ယ်လာတဲ့ အသီးနှံလေးရေဆေးပြီး ရေခဲသေတ္တာထဲထည့်.. အဲ့ဒါလေး လုပ်ပြီးပြန်လာ.. လမ်းရောက်တော့ ချစ်သူဆီကဖုန်းလာတယ်... ခဏစကားပြောပြီး ဖုန်းကျသွားတယ်.. အဲ့မှာ အမြန်ဆုံးနှုန်းနဲ့ မောင်းလာပြီး အိမ်ပြန်.. အိမ်ပြန်ရောက်တော့ ဘယ်လိုပင်ပြန်ခေါ်သော်ငြား သူ့ဖုန်းက ခေါ်လို့မရတော့.. နာရီဝက်လား တနာရီလား ဖုန်းခေါ်အပြီးမှာ မရဘူးသေချာတော့ လုပ်ဖွယ်ရာရှိသည်များကို ဆက်လက်လုပ်ဆောင်ဖို့ အပြင်ပြန်ထွက်.. တချိန်လုံး ပြုတ်ထွက်သော ရွှံ့ကာကိုတပ်ဖို့.. မနက်က အဖေကပြောလိုက်တယ် .. ရွံ့ကာတခုပြုတ်နေတယ် .. သွားတပ်လိုက်တဲ့.. ဆိုင်ရောက်တော့ လေးခုလုံးမရှိရှာတော့ဘူး.. ဆိုင်ကလည်း တချိန်လုံးပြုတ်ထွက်နေတာ တပ်လို့မရတော့ဘူးတဲ့.. ဆိုင်မှာ စကူနဲ့ဖောက်မှရတော့မတဲ့.. ဂလိုဆိုလည်း နေပေါ့.. ဒါနဲ့ပဲ တော်ဝင်စင်တာမှာ ၀ယ်စရာရှိတာသွားဝယ်တယ်.. အားကစားဘောင်းဘီလေး တထည်.. ရိုးရိုး တီရှပ်လေးတထည်ဝယ်တယ်.. နှုတ်ခမ်းနီ အနီရဲရဲကို လိုချင်နေတာကြာပြီ.. ၀ယ်မယ်ဝယ်မယ်နဲ့ ခုမှပဲဝယ်ဖြစ်တော့တယ်..
အိုင်းလိုင်နာက လက်ဆောင်ရတာ.. ၀ယ်တဲ့အမောင့်တိုင်း လက်ဆောင်ပြန်ရတာ.. တန်ဖိုးတူတဲ့ဟာ ကြိုက်တာယူလို့ရသတဲ့..
တော်ဝင်သွားမှာဆိုတော့ မာမီက တော်ဝင်နားက Cafe House ဆိုတဲ့ဆိုင်က ဖက်ထုပ်စားမယ်တဲ့.... ဈေးဝယ်ပြီးတော့ ဖက်ထုပ်ဝင်ဝယ်... အိမ်ကိုဝင်ပို့.. သူငယ်ချင်းတွေနဲ့ ချိန်းထားတော့ ကန်တော်ကြီးထဲက ကွေ့သယိုဆိုင်မှာ သွားစားကြပေါ့.. ကိုယ့်ထုံးစံအတိုင်း ဆိုင်အသစ်ဆို ထွန့်ထွန့်လူးတယ်လေ..
အမှန်က ဒီငါးကို တယောက်က ဖေ့ဘုတ်မှာ တင်ထားတာကို တွေ့တာနဲ့ ဒီဆိုင်ကိုသွားမယ်ဖြစ်သွားတာ...
ငါးဆားကင်.. ငါးကို အဲ့လိုဆားနဲ့ကင်တာကို အရမ်းကြိုက်တာ.. ခု ဒီဆိုင်က ငါးကတော့ မလတ်လို့ လုံးဝစားမကောင်းဘူး.. ငါးလတ်လို့ရှိရင် အရမ်းကောင်းတယ်.. ကောင်းတယ်ဆိုတာထက် ကိုယ်ကြိုက်တယ်.. ချစ်သူကတော့ အရသာမရှိဘူးတဲ့.. မကြိုက်ဘူးပေါ့ ပြောချင်တာက...
ကွေ့သယိုကတော့ ကောင်းတယ်လို့ပြောရမယ်.. အမှန်တော့ တခါမှ မစားဖူးဘူး.. ကွေ့သယိုဆိုတာကို.. ညှပ်ခေါက်ဆွဲဖတ်ကို မကြိုက်တတ်ဘူး.... ဒါမဲ့ ခုတလော ဘာဖြစ်နေမှန်းမသိဘူး.. အဲ့လို တသက်လုံး မစားဖူးတာတွေကို စားနေတာ..
ပဲကြာဇံသုပ်.. ကိုယ့်အကြိုက်မဟုတ်ဘူး... ဘာမှန်းမသိတဲ့ အနံ့တခုပါတယ်...
ကြက်အစာသွပ်ကင်တဲ့.. မဆိုးပါဘူး.. ပုဇွန်ကော်ပြန့်တပွဲပါသေးတယ်.. ဓါတ်ပုံမရိုက်ခဲ့မိဘူး.. စုစုပေါင်း ၂၅၅၀၀ ကျတယ်.. မတန်ဘူးလားလို့...
ဖက်ထုပ်ပေါင်း.. အမေ့အတွက်ဝယ်ရင်းနဲ့ ပါဆယ်ဆွဲလာတာ.. အမေကတော့ ဖက်ထုပ်ကြော်စားတာ..
အဲ့ကအပြန် ဓမ္မစေတီလမ်းက စီးတီးမတ်မယ် ဈေးဝင်ဝယ်ရသေးတယ်.. ထုံးစံအတိုင်း တပတ်စာ စားသောက်ရန်.. အပြန် ဆရာစံလမ်းမှာ နေ့လည်က မှာထားတဲ့မုန့် ၀င်ယူ.. ပြန်ရောက်တော့ မောပန်းနေပြီ.... ရေချိုးပြီး အိပ်တာပဲ... ညသန်းခေါင်ကျော်မှ ချစ်သူဆီက ဖုန်းရတယ်... နေ့လည်က ခရက်ဒစ်ကုန်သွားတာ ဖုန်းအ၀င်ပါ လက်ခံလို့မရတော့တာတဲ့.. ခုက သူများဖုန်းက ၀ိုင်ဖိုင်လွှင့်ပေးထားလို့ဆိုပြီး ခဏပဲပြောလိုက်ရတာပါ... အလွမ်းတောင် မပြေဘူး...
ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်သူပြန်လာတော့မယ်ဆိုတော့ ကိုယ့်မနက်တွေက နဲနဲပြန်ပြီး အသက်ဝင်လာသလိုလို.. ပျော်နေသလိုလို.... သူ့အတွက်ကိုယ်က အားဆေးတုံးကြီးတဲ့.. ပြောပုံက..
ကိုယ့်အတွက်တော့ သူက Happy pill လေးပါ.....
ခုတလော.. အလုပ်ကနေလည်း အရမ်းထွက်ချင်နေတယ်..
ရှူးဂါး ကုတ်တက်စကားတွေကို စိတ်ထဲကမပါဘဲ အလိုလျောက်ထွက်နေတဲ့ ကိုယ့်ကိုယ်ကိုလည်း အံ့သြတယ်.. ချီးကျူးရမလား ကွကိုယ်ရွံရှာရမလား မသိဘူး...
တကယ်တော့ long distance relationship ဆိုတာပင်ပန်းလွန်းပါတယ်.. အဝေးတနေရာမှာ စားရေးသောက်ရေးခက်ခဲတဲ့နေရာမှာ သူစိမ်းတွေကြားမှာ အလုပ်လုပ်ရတဲ့ချစ်သူ ပင်ပန်းသထက်ပိုပင်ပန်းမဆိုးလို့ ချစ်သူနဲ့စာအသွားအပြန်လုပ်ရင် ကိုယ့်ရဲ့မကြည်လင်တဲ့လေသံတွေ စာထဲပါသွားမှာတောင် ကိုယ်စိုးရိမ်ပြီး စာတစောင်ကို ၃ခေါက်လောက် ပြန်ဖျက်ပြီးရေးရတယ်..
ဒီမှာရှိနေရင် ကွကိုယ် စူပုပ်ပုပ် ဆူအောင့်အောင့် ချစ်သူ စိတ်ညစ်မလား စိတ်ပျက်မလား တခါမှ ရှည်ရှည်ဝေးဝေးမတွေးပေမင့် ခုကျတော့ အဲ့လို အသေးမွှားလေးကစ ဂရုစိုက်တတ်နေတော့ ပိုပင်ပန်းတယ်..
ဘယ်လိုပဲဖြစ်ဖြစ် အနားမှာ ချစ်သူရှိမယ်ဆို ဒလောက်ထိပင်ပန်းလိမ့်မယ်မထင်ဘူးလေ.. ခစ်ခစ်ခစ်.. ဆိုင်လား မဆိုင်လားတော့မသိဘူး.. ဖြစ်ချင်တာပြောတာပဲလေ....
Monday, October 27, 2014
Thursday, October 16, 2014
သွားလာစားသောက်
အစားချည်းပဲတကားရိုက်ပါမယ်.. :)
သီတင်းကျွတ်ခရီးထွက်ဖြစ်တယ် ဆိုပါတော့.... အရှေ့ကပို့စ်မှာ ခရီးသွားမယ်ဆိုတာကို ရေးခဲ့ပြီးသားပေါ့နော်..
အဖေနဲ့အမေနဲ့ ကိုယ်နဲ့ ခုလိုမျိုး road trip မထွက်ဖြစ်တာကြာပြီလေ... ၃ယောက်တည်းတော့ ခရီးတွေသွားဖူးပေမဲ့.. ဒီလို ခရီးမျိုးကို ခုမှပြန်သွားဖြစ်တာဆိုတော့... လူကြီးတွေက စိတ်ချမ်းသာကြသည်ပေါ့.... ကိုယ်လည်း လူကြီးတွေစိတ်ချမ်းသာတယ်ဆိုတော့ ပျော်ပါတယ်.. ကိုယ့်အဖေဆို ကိုယ်လိုက်လာတဲ့အတွက် ပျော်တယ်ဆိုပြီး တလမ်းလုံးပြောလာတယ်... ကိုယ် လူကြီးဆန်လာပြီထင်ပါတယ်..... ကိုယ့်မိဘတွေအတွက် နဲနဲပါးပါး စဉ်းစားတတ်လာပြီဆိုတော့......
ထားတော့.... သွားတာက.. နေပြည်တော်.. မန်းလေး .. မေမြို့ပေါ့......
စားစရာတွေပဲ တင်မှာပါ..... :)
ဒါတွေက နေပြည်တော်ကိုရောက်ရောက်ချင်း ညမှာစားတာပါ.. ဟိုတယ်ဇုန်နားမှာပဲရှိတဲ့ဆိုင်.. တုံဂပူရိ ဟိုတယ်ဆိုလား.. အဲ့ဝင်းထဲမှာ.. Tai Kitchen တဲ့.. စားရတာ အဆင်ပြေတယ်.. သန့်ရှင်းတယ်.. နေရာထိုင်ခင်းကောင်းတယ်.. ဈေးကတော့ အခြားဆိုင်တွေထက် နဲနဲများတယ်ဆိုပေမဲ့ ဈေးကြီးတဲ့အထဲမှာ မပါဘူး.... လူကြီးတွေက အတော်ပဲပြောပေမဲ့ ကိုယ့်အတွက်တော့ ဟင်းတွေကပေါ့တယ်လို့ထင်တယ်...
ဂေါ်ရခါးညွန့်ကြော်..
မုန်ညင်းဖြူ မှိုကြော်..
ကြက်သားသုပ်..
ငါးပေါင်း.. ငါးက အတော်လတ်တယ်လို့ပြောရမယ်.. လတ်တဲ့ငါးဟာ ဘာမှမလုပ်ထားရင်တောင် သူ့ချည်းပဲစားကောင်းတယ်လို့ထင်တယ်လေ..
ကြက်သားလိပ်ဆိုလား.. ကြော်ထားတဲ့ဟာမို့ ကိုယ်မစားခဲ့တော့ အရသာမသိလိုက်ရဘူး......
ဒါတွေကနောက်တနေ့ နေ့ခင်းစာ.. အမေနဲ့ကိုယ်နဲ့ ၂ယောက်တည်း ဂျန်းရှင်းက YKKO မှာစားတာ.... တစက်မှ မကောင်းဘူးလို့ပဲ ပြောပါရစေ....
ဖက်ထုပ်ဆီချက်.. အမေဟာ တချက်မွှေပြီး လုံးဝမစားပါဘူး... မြင်ရသလောက်တော့ ဘာကို ဖက်နဲ့ထုပ်ထားတာလဲလို့ ပြန်မေးရမယ်ထင်တယ်..
ကာဖီရည်.. Flavored ဘာဆိုလားပဲ.. မကောင်းပါဘူးတဲ့.. အမေသောက်တာ..
စားသောက်ပြီးပြန်လာတော့ လုပ်စရာကိုင်စရာမရှိဘူး.. ဒါက ကိုယ့်အခန်းကနေ မြင်ရတဲ့ ပျင်းရိဖွယ်ရာ နေ့ခင်းတခု..
ဒါကညဘက်.. ကျောက်မဲ (ယူနန်) ဆိုတဲ့ဆိုင်... အဖေ့ရဲ့ ဖေးဘရိတ်ပေါ့...
ဂေါ်ရခါးညွန့်ကြော်.. နုဖတ်နေတာပဲ.. အမေက ဂေါ်ရခါးညွန့်ကြော်ကြီးပဲ နေ့တိုင်းတော့ မစားနိုင်တော့ဘူးဆိုပြီး ဘာညာကွိကွတယ်.. ကိုယ်ကတော့ အရွက်ကြော်ပဲစားတာဆိုတော့ ရွေးစရာမရှိဘူး.. တခြားအရွက်တွေကိုလည်း မက်မက်စက်စက်မရှိဘူးဆိုတော့ ဂေါ်ရခါးညွန့်နဲ့ကိုယ်နဲ့ အဆင်ပြေတယ်..
ပုဇွန် ဂဏန်းချက်တဲ့... ပုဇွန်ကို ဂဏန်းစတိုင်ချက်ထားလို့ အဲ့လိုခေါ်တာလားတော့မသိဘူး....
သုံးထပ်သားပေါင်း.. ဒါကို အသားချည်းသက်သက် ၂ဖတ်စားဖြစ်တယ်.. မုန်ညင်းချဉ်တွေစားတယ်.. အဆီကို စားချင်ရက်နဲ့ စိတ်ကိုထိန်းချုပ်ခဲ့ရတာပေါ့..
ပဲရွက်သုပ်.. မကြိုက်ဘူး.. အစိမ်းလိုက်သုပ်ထားလို့...
ကုန်းဘောင်ကြီးကြော်...
တောသူမြို့ရောက်... ဆင်ဖြူတော် သွားကြည့်တာ... ဘုရားခြေရင်းကနေ ဓါတ်ပုံရိုက်လာတာ.....
အဖေ့လက်ဆောင်ရလာတာတဲ့.... မန်းလေးကိုသွားတဲ့ နေ့ခင်းက ကားပေါ်မှာ... စပ်စုစိန်ကိုယ်ဟာ လက်ဆောင်ဆိုရင် ချက်ချင်းဖောက်ကြည့်ချင်တာပဲ....
မန်းလေးကိုရောက်တော့.. ကိုယ်အကြိုက်ဆုံး အရာကို ပထမဆုံးစားဖြစ်တယ်.... လမ်း ၈၀ပေါ်က ထမင်းပေါင်း.. ထမင်းပေါင်းဆိုပေမဲ့ ငရုတ်ဆီနဲ့နယ်ထားတာ.. အဲ့ဒါကို အရမ်းကြိုက်တယ်... ထုံးစံက ၀က်သားနဲ့လို့ပြောလိုက်ရင်.. ခုမြင်ရတဲ့ ၀က်သားကင်အပြင်.. ၀က်ခေါက်ကင်နဲ့ဝက်အူချောင်းပါထည့်ပေးတာ.. ဒါပေသိ ကိုယ်ဟာ အဆီတွေကိုတော့ မစားသင့်ဘူးရယ်လို့ ကိုယ့်ဟာကိုယ်သတိပေးရင် အသားချည်းပဲ ထည့်ပေးပါလို့ အောင့်သက်သက်မှာရတာပေါ့..
ကြက်သားသုပ်.. ကိုယ့်ရဲ့ထုံးစံက အသားအခေါက်သုပ်မဟုတ်ရင် နားရွက်သုပ်ကို စားတာ... ဒါကိုလည်း ဆန္ဒကို သိက္ခာနဲ့ထိန်းပြီး ကြက်သားသုပ်နဲ့ပဲ စိတ်ဖြေလိုက်တယ်လေ..
အမှန်မှာတော့ တခြားတနေရာမှာစားဖို့ကိုပါ.. ဒါကို ကိုယ်ကမစောင့်နိုင်လို့ ထမင်းပေါင်းကို အရင်စားတာ...
အောက်ကဟာတွေက ကရ၀ိတ်ဆိုတဲ့ ညလုံးပေါက်ဖွင့်တဲ့ဆိုင်က..
ဒံပေါက်နဲ့ အုန်းထမင်း တ၀က်ဆီ.. ကြက်သားဟင်း.. ဆိတ်သားဟင်း.. ဆိတ်စွပ်.. လူကြီးတွေ စားကြတာ..
ဘယ်လိုမှမနေနိုင်တဲ့ကိုယ်.. ပဲပလာတာ တချပ်တော့ ရအောင်စားခဲ့တယ်.. ပဲပလာတာဆို အသေကြိုက်တာလေ.. ဖြစ်နိုင်ရင် ဒံပေါက်တပွဲ ပဲပလာတာတချပ်အနဲဆုံး စားချင်တာ...
နောက်နေ့မနက်ကျတော့ .. အမေတို့အဖေတို့နဲ့ ခင်မင်သူ အမတယောက်က ဟိုတယ်ထိ လာပို့ပေးတာ..
ခိုတောင်မုန့်တီတဲ့... ဂျီးများတဲ့ကိုယ်က သိပ်မကြိုက်ပါဘူး.. အသားမပါလို့ထင်တယ်..
ပိတ်စွယ်သုပ်တဲ့.. မကြိုက်မှာကို ကြိုသိလို့ တဖတ်မှ နှိုက်မမြည်းမိဘူး..
ငါးခေါင်းဟင်းချို.. မကြိုက်တာကို အတင်းမြည်းခိုင်းလို့ တဇွန်းခပ်သောက်တယ်.. မကြိုက်ဘူး...
အဲ့ဒါကို စားသောက်ကြပြီးတော့ ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်ကိုသွားတယ်..... မန်းလေး ဆီဒိုးနားဘေးက.. အဲ့ဆိုင်ကလည်း ကိုယ့်ရဲ့ ၀မ်းအော့သည် ဖေးဘရိတ်စ်ပေါ့..
ပဲနံပြား.. စားချင်တာက ပဲပလာတာ.. ရသေ့စိတ်ဖြေ..
အကြော်စုံ.. ကောင်းမဲ့ပုံပေါက်နေပေမဲ့ ဒါကိုလည်း မစားသင့်ဘူးလို့ယူဆလို့ မစားခဲ့ဘူး...
ပင်မှည့်သီးတွေကောင်းတယ်လို့ ပြောနေကြတာနဲ့.. ပင်မှည့်ဖျော်ရည်..
အဲ့နေ့ နေ့လည်က သူငယ်ချင်းတယောက်နဲ့ Koffee Korner ဆိုလား အဲ့ဆိုင်မှာ စားဖြစ်တယ်.. ဓါတ်ပုံမရိုက်ခဲ့မိဘူး... ထည့်ပြောရတဲ့အကြောင်းရင်းက မကောင်းဘူးဆိုတာပြောချင်လို့.. အကြော်မစားချင်တဲ့ကိုယ်က Baked fish ဆိုတဲ့ဟာကို မှာလိုက်တယ်.. သေသေချာချာကို မုန့်နှစ်လေး ကပ်ပြီးကြော်လာတယ်.. သူငယ်ချင်းကပြောပါတယ်.. မျှော်လင့်ထားပေါ့တဲ့ဒါမျိုးတွေ... ဆိတ်သားခြောက်သုပ်ဆိုလား ဘာလားမသိဘူး.. အဲ့တာတော့ ကောင်းတယ်..
နောက်.. ညပိုင်းကျတော့လည်း သူငယ်ချင်းတွေနဲ့ မာလာဟင်းသွားစားတယ်.. ဒါလည်း ဓါတ်ပုံမရိုက်မိဘူး.... ကောင်းတယ်.. ရွှေမြို့သစ်တဲ့.. ဆိုင်တွေ အများကြီးရှိပုံပဲ.. သူ့နောက်မှာ နံပါတ်တော့ပါတယ်.. မမှတ်မိဘူး.. လမ်း ၃၀ပေါ်ကပဲ.. ထားတော့..
နောက်နေ့က မေမြို့တက်တယ်... မေမြို့ Feel က..
ကိုက်လန်ကြော်..နုလို့စားကောင်းတယ်..
ကြက်ပင်စိမ်းတဲ့..
အစိမ်းကြော်..
ဝက်ခေါင်းနဲ့လျှာသုပ်.. ကိုယ်မစားခဲ့ဘူး....
တို့ဖူးနာနတ်သီးချက်...
ကျောက်ပွင့်သုပ်.. Feel ကတော့ ထူးပြီးပြောစရာမလိုဘူးထင်တာပဲ......
ညကျတော့လည်း Feel ပဲတဲ့.. ချစ်သူကို တမ်းတမ်းတတကို လွမ်းမိတဲ့အချိန်ပေါ့.... ဖြစ်နိုင်ရင် ကိုယ်က ညဈေးတန်းမှာ ပေါက်ကရလျှောက်စားချင်တာ.. အဓိကက မြေအိုးမြီးရှည်စားချင်တာ... ချစ်သူနဲ့ကိုယ်နဲ့က အဲ့ဒါမျိုးတော့ အကြိုက်တူတယ်.. အကြိုက်မတူလည်း ဂျီကျပြီး အတင်းပို့ခိုင်းလို့ရတယ်.. ကိုယ့်အိမ်ကလူကြီးတွေက ပေါက်ကရစားပေမဲ့ မာလာဟင်း မြေအိုးမြီးရှည်ကိုတော့ အကောင်းလုပ်ပြီး စားစရာလို့မထင်ကြဘူး..... အရင်တခါလာတုန်းက ချစ်သူနဲ့ကိုယ်နဲ့ ၂ယောက်တပွဲစားခဲ့ရတဲ့ ဈေးလေးနားကမြေအိုးမြီးရှည်ကိုပဲ မျက်စိထဲမြင်ယောင်နေတယ်...
ဒါတွေကတော့ အောင့်သက်သက် ညစာပေါ့...
Gyoza တဲ့.. ဖက်ထုပ်.. အဲ့ဒါလေးကို ကြိုက်တယ်..
ကိုက်လန်ကြော်.. မနက်ကစားပြီးပေမဲ့.. နုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်စားတယ်..
အမဲကင်ပေါ့..
ဝက်ကင်..
ကြက်ကင်..ကိုယ်စားတာ... မဆိုးပါဘူးပေါ့.. အနှစ်တွေ အကုန်ဖယ်စားလိုက်တယ်.. မခံစားနိုင်လို့..
နောက်နေ့မနက်ကျတော့ ကိုယ့်ရဲ့ အကြိုက်ဆုံး ဆိုင်ကိုမရရအောင်ခေါ်သွားတယ်.. အဲ့ဆိုင်မှ မစားရရင် ကိုယ်ဟာ မေမြို့ရောက်သလို ခံစားရမှာမဟုတ်ဘူး... မောဓနုဆိုတဲ့ ရှမ်းခေါက်ဆွဲ.. ကိုယ့်ဟာကိုယ်သွားရင် နေ့တိုင်း အဲ့ဆိုင်မှာပဲ မနက်စာစားတယ်.... အဲ့နေ့ကတော့ လူတွေအရမ်းများလို့ ၁နာရီကျော်လောက်တောင် စောင့်ရတယ်ထင်တာပဲ.. အကုန်လုံးကို ကိုယ်ကိုယ်တိုင် မီးဖိုချောင်ထဲက သွားယူခဲ့ရတဲ့ မှတ်မှတ်ရရ မနက်စာပါ..... ပထမဆုံး ကိုယ့်အော်ဒါ ဘယ်အခြေနေရောက်နေပြီလဲရယ်လို့ တခါသွားကြည့်တယ်.. ရှစ်ဝိုင်းလောက်ရှေ့မှာရှိပါတယ်တဲ့.. အဲ့ဆိုင်က ကောက်ညှင်းထုပ်ကကောင်းတယ်.. ဓါတ်ပုံတော့ပါမလာဘူး.. အဲ့ဒါ မီးဖိုမှာတွေ့တော့ တခါထဲယူသွားမယ်ဆိုတော့ လာပို့ပါမယ်တဲ့.. ကဲပြီးရောဆိုပြီး သွားထိုင်စောင့်နေတော့ မလာပါဘူး.. ခဏနေပြီး ကိုယ်တိုင်တခါ သွားယူတယ်.. တို့ဖူးကြော်ပါယူသွားမယ်ဆိုတော့ လာပို့ပါမယ်တဲ့.. ပြီးရောဆိုပြီး ကောက်ညှင်းထုပ်ဗန်းလေးကိုင်ပြီး ပြန်ထွက်လား.. ပြန်ထိုင်.. ကောက်ညှင်းထုပ်လေးစားရင်းစောင့်တယ်.. ကောက်ညှင်းထုပ် တထုပ်ကုန်သွားပြီး တအောင့်ကြာတဲ့ထိ တို့ဖူးကြော်မလာဘူး.. မီးဖိုထဲ ထပ်ဝင်သွားတယ်.. တို့ဖူးကြော်ထည့်ပေးပါဆိုပြီးပြောတော့ လာပို့ပါ့မယ်တဲ့.. ဒီတခါတော့မရတော့ဘူးလေ.. ခုနကလည်းလာပို့မယ်ပဲပြောတာပဲလို့.. ဆိုပြီး မပေးမချင်းအဲ့နားမှာ ရပ်နေမဲ့ပုံပြတော့ ချက်ချင်းထည့်ပေးလိုက်တယ်.. ပန်းကန်လေးကိုင်ပြီး စားပွဲမှာပြန်ထိုင်.. တို့ဖူးကြော် တခုစား... လူကြီးတွေက ဘာလို့ တပွဲပဲယူလာတာလဲဆိုပြီး အပြစ်တင်သေးတယ်.. သူတို့ မ၀လို့ဆိုပြီး ထပ်မှာ.. တို့ဖူးကြော် ကုန်သွားတော့လည်း ခေါက်ဆွဲတွေကရောက်မလာ... မီးဖိုချောင်ထဲကလူကို ရတော့မှာလားဆိုပြီး ထပ်သွားမေး.. ၃၀ိုင်းလောက်ပဲ ကျန်တော့တယ်တဲ့.. ကဲလေ... ဟုတ်ပါပြီ.. ပြန်ထိုင်စောင့်.. တအောင့်ထပ်ကြာ..... ထပ်သွားကြည့်.. ရပြီတဲ့.. လာပို့မယ်တဲ့.. ဟင့်အင်း...ရတယ်..ကွကိုယ်ယူသွားမယ်ဆိုပြီး ပန်းကန်ကို မ လာ.. ပြန်ထိုင်စား.. ကိုယ်စားတာကို လူကြီးတွေက ထိုင်ကြည့်.. တ၀က်လောက်ကုန်တော့ အခြားဟာတွေရပြီလား ထပ်သွားကြည့်.. ရတော့မယ်တဲ့... ပြန် လာထိုင်.. ဆက်စားနေတုန်း အာလူးထမင်းရောက်လာ..... အမေနဲ့တယောက်တ၀က်ဆီစားတာ.... စားရင်းတန်းလန်း ထပ်သွားကြည့်... ရပြီလားဆိုတော့ ရပြီတဲ့.. ၀က်ဦးနှောက် ဂျုံဆီချက်.... အဖေစားဖို့... လာပို့မယ်တဲ့... ရတယ်လာမပို့နဲ့ .. ကျမဟာကျမသယ်သွားမယ်ဆိုပြီး ဘန်းလိုက်သယ်ချလာ.... ကော်ဖီကောရပြီလား ဆိုတော့ရပြီတဲ့.. လာပို့မယ်တဲ့.. ကော်ဖီတော့ မနိုင်လို့ သယ်မလာခဲ့တော့ စားလို့ကုန်ခါနီး အချိန်မီလေးရောက်လာတယ်.. ပြန်ပြောရင်းနဲ့တောင် မောတာ.... ကဲ ပြီးပါပြီ.. မနက်စာ တနပ်...
အဲ့နေ့ နေ့လည် မန်းလေးကို ပြန်ဆင်း.. မန်းလေးရောက်တော့ ဆိုင်အတော်များများက လပြည့်နေ့ဆိုတော့ ပိတ်ထားကြတယ်.. ပန်းသခင်ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ လူကြီးတွေ မုန့်စား လက်ဖက်ရည်သောက်ကြတယ်.. ကိုယ်ကတော့ ကိုယ်ကြိုက်တာ ဘာမှမရှိလို့ ဘာမှမစားရတော့ စူပုပ်ပါတယ်..
အဲ့ဒါနဲ့ ဟိုတယ်ရောက်ကတည်းက အိပ်ပလိုက်တာ.. ညစာ စားချိန်မှ နိုးထ ရေမိုးချိုးပြီး ညစာစားတော့.. ကိုယ့်ဖေးဘရိတ်ဆိုင်ပဲ.. ရှမ်းမမတဲ့.. ရှမ်းထမင်းဆိုင်.. ဆိုင်အတော် များများ ပိတ်တဲ့အတွက်ရော.. ညပိုင်း ဖြစ်တာအတွက်ရောကြောင့် ဟင်းမစုံတော့ပါဘူး....
မုန်ညင်းချဉ် ၀က်သားကြော်.. အဲ့ဒါ အိုးထဲမှာရှိတာအကုန်ပဲ....
ဝက်ကတက်ချဉ်ကြော်..
ဝက်စတူးဆိုလား ဘာလား..

မရိုးနိုင်တဲ့ ဂေါ်ရခါးညွန့်ကြော်နဲ့ ကုန်းဘောင်ကြီးကြော်... ကိုက်လန်ကြော်.....
နို့ခြောက်ကြော်..
အဲ့ဆိုင်ရှေ့မှာ ကလေးတွေ မီးထွန်းနေကြတာ.. သီတင်းကျွတ်ဆို အဲ့လို မီးထွန်းထားတာလေးတွေ တွေ့ရင်ကို ပျော်နေတတ်တယ်.... အကြောင်းကြောင့် အဲ့လိုမျိုးလေး အလိုလို မကြည်နူးမိတာ ဘယ်နှနှစ်ရှိသွားပလဲ မသိဘူး... ဒီတနှစ်တော့ ကြည်နူးမိသလိုလိုဖြစ်သွားတယ်.. ပျော်တဲ့အဆင့်ထိတော့ မရောက်လိုက်ဘူး...
နောက်နေ့မနက်စာ.. ရွှေပြည်မိုးမှာပဲ......
အကြော်နဲ့ ကောက်ညှင်းပေါင်း.. ဘယ်လိုမှမနေနိုင်တော့လို့.. ပြန်လည်းပြန်တော့မှာမို့ ကောက်ညှင်းပေါင်း ၂ဇွန်းနဲ့ အကြော်တခုစားမိတယ်...
ကိုယ့်ရဲ့ စိတ်ဖြေမနက်စာပေါ့.. ပဲနံပြား...
ဆန်ပြားသုပ်.. လူကြီးတွေ တယောက်တပွဲစီစားကြတယ်.. အဲ့ဆိုင်က အဲ့ဟာက ကောင်းတယ်ဆိုပြီးလည်း လူတွေကပြောကြတယ်...
မတ်ပဲကြော်.. လုံးဝမကြိုက်တဲ့အထဲမှာ ဒါလည်းပါတယ်..
ကိုယ့်အကြိုက်ဆုံးလမုန့်.. အကြိုက်ဆုံးဆိုတာ ဘိုပြောရမလဲ.. တခြားဟာတွေတခုမှ မကြိုက်ဘူး.. စားလည်း မစားဘူး.. ဒီဟာပဲ.. ဒီတံဆိပ်ပဲ.... အားနာပါးနာနဲ့တောင် တခြားတံဆိပ်ဆိုရင် မစားဘူး... လမုန့်ဆိုလည်း သကြားလမုန့်ကို မကြိုက်ဘူး.. ပဲ ပဲ... ဂျီးများတာအဲ့လို..... ကိုယ်လမုန့်ကြိုက်တယ်ဆိုတာ မှတ်ထားပြီး လမုန့်မှန်သမျှလာကျွေးရင် သိပ်မုန်းတာ...... ဒါဟာ အပျိုကြီးဖြစ်မဲ့ ဇီဇာကြောင်တဲ့ လက္ခဏာတခုထင်တယ်... ဒါပေမဲ့ ချစ်သူက အရင်ကတော့ ကိုယ့်ရဲ့ ဒီလိုမျိုး အကျင့်ကို ပြင်ခိုင်းဖူးပေမဲ့ နောက်ပိုင်းသိပ်မပြောတော့ဘူး.. ကိုယ်နဲ့ပေါင်းပြီးမှ သူနဲနဲနားလည်သွားတယ်.. စားစရာတိုင်းဟာ အမျိုးစားတူပေမဲ့ အရသာကွာတယ်ဆိုတာကို.. အရင်ကဆို သူအမြဲပြောတယ်.. ဒီဟာပဲဥစ္စာ အတူတူပဲစားပေါ့တဲ့.. တော်တော်ကြာမှ လက်ခံသွားတယ်.. နောက်ပိုင်း သူတောင် ဆိုင်ရွေးတတ်လာတယ်... မတူဘူးဆိုတာ နားလည်သွားတယ်.. အောင်မြင်မှုတွေပေါ့လေ..
ပြန်ခါနီးကျတော့.. အသုပ်စုံရတယ်ဆိုတဲ့ဆိုင်ကို ခေါ်သွားတယ်.... တခါမှ မစားဖူးဘူး.. နန်းရှေ့က ဗထူး အသုပ်ဆိုင်တဲ့... ကျိတ်ကျတ်တိုးပဲ.... အရက်ဘီယာထိုင်သောက်နေတဲ့လူတွေလည်းရှိရဲ့.... နောက်တခေါက် သွားစားရလောက်အောင်တော့ မကြိုက်မိဘူး... ခေါ်သွားတဲ့လူကို အားနာလို့ ကောင်းတယ်လို့တော့ ပြောမိတယ်...
သခွတ်ပွင့်သုပ်တဲ့.. မကြိုက်နိုင်လောက်လို့ မမြည်းခဲ့ဘူး.. အဲ့ဒါ ကိုယ့်အကျင့်.. ဘယ်ဟာကိုမှ မမြည်းကြည့်ဘဲ မကြိုက်ဘူးဆိုပြီး အတင်းငြင်းတာ.. ချစ်သူဆိုရင်တော့ အတင်းခွံ့တတ်တယ်... ရန်လည်း ခဏခဏဖြစ်ရတယ်..
တို့ဖူးသုပ်.. မဆိုးပါဘူး..
အသဲမြစ်သုပ်.. မကောင်းဘူး.. ငန်ဒယ်..
ငါးဖယ်သုပ်.. ငန်တယ်..
ပဲကြာဇံ အာလူးသုပ်.. ရွဲရွဲကြီးနဲ့ ပေါ့ရွှတ်နေတာပဲ...
ထမင်းသုပ်.. တလုပ်မြည်းကြည့်တယ်.. မကြိုက်ဘူး..
မြင်းခွာရွက်သုပ်.. ဒါကိုလည်း မကြိုက်ဘူး.....
ခြုံပြောရရင် ငံတဲ့ဟာက ငံပြီး ပေါ့တဲ့ဟာက ပေါ့တယ်... ရှင်းသွားတာပဲ.... အနေတော် စားလို့ကောင်းတာ တခုမှမပါဘူးလို့ပြောချင်တာ.....
ကိုယ့်လျှာနဲ့ သိပ်ကီးမကိုက်ဘူးပေါ့နော်..ထားတော့.. အဲ့ဒါဟာ နောက်ဆုံး မန်းလေးမှာ စားခြင်းပါဆိုပြီး ဖေ့ဘုတ်မှာ ဓါတ်ပုံတွေဘာတွေတင်သေးတာ.... လမ်းရောက်တော့မှ မုန့်ပေါင်းသည်ကထွက်နေပြီလေ.... ၀မ်းသာအားရနဲ့ အဖေ့ကို ချက်ချင်းကားရပ်ပေးပါဆိုပြီး ဆင်းဝယ်စားရသေးတယ်... အချိုတခု ပဲတခုစားတယ်.... စားနေကျနေရာနားက အသည်ကို စားနေကျအသည်ထင်နေတာ.... စားပြီးတော့မှ မဟုတ်မှန်းသိတယ်.. စားနေကျအသည်က အချိုကို အုန်းသီးနဲ့လုပ်တာ.. ဒီအသည်က ထန်းလျက်နဲ့.. ဘယ်လိုပဲဖြစ်ဖြစ် မုန့်ပေါင်းစားလိုက်ရလို့ အကျေနပ်ကြီးကျေနပ်တယ်.. လပြည့်နေ့က မုန့်ပေါင်းသည်က မထွက်ဘူးလေ.... မစားရတော့ဘူးဆိုပြီး စိတ်တွေမကောင်းဖြစ်နေတာ..... မန်းလေးက မုန့်ပေါင်းနဲ့ ရန်ကုန်ကမုန့်ပေါင်း ဘာကွာမှန်းတော့ သေချာမသိပေမဲ့ ရန်ကုန်ကဟာက လုံးဝစားမကောင်းတာတော့ သေချာတယ်... ဖွယ်တယ်တယ်နဲ့..
ဒါနဲ့ နေပြည်တော်ကိုရောက်သွားပြန်ရော.. ညစာကို ရွှေတောင်ကြီးဆိုတဲ့ ဟိုတယ်နားက ဆိုင်မှာပဲစားဖြစ်တယ်...
မာလာဟင်း.. မဆိုးဘူး.. ကောင်းတယ်ပေါ့.. ဒါပေမဲ့ကိုယ့်အကြိုက်ဆုံး ရွှေလီကိုတော့ ခုထိဘယ်သူ့မှ မမီသေးဘူး.. ကိုယ့်အတွက်ကိုယ်ပြောတာပါ...
ကညွတ်ကြော်..
ကုန်းဘောင်ကြီးကြော်..
ဝက်နံရိုးဟင်း.. မနူးဘူးတဲ့... လူကြီးတွေ တယောက်တတုံးဆီစားပြီး ဆက်မစားကြဘူး.... ပြောရရင် ဈေးသက်သာပြီး မကောင်းတဲ့ဆိုင်ပေါ့နော်.. မာလာဟင်းလေး ကယ်သွားလို့တော်သေး...
မန်းလေးကနေ နေပြည်တော်ရောက်ကတည်းက ရေငတ်တာ.. အအေးတခုခုကိုသောက်ပစ်ချင်ပေမဲ့... ရေခဲသေတ္တာထဲက အအေးဘူးက တစက်မှ မအေးဘူး.... ဒါနဲ့ ညစာစားချိန်ထိ အောင့်အည်း သည်းခံပြီး ရောက်ရောက်ချင်း ကမ္ဗလာရည်သောက်တယ်.... စားပြီးတော့ ဖရဲသီးတခွက် ထပ်သောက်တယ်..... ကိုယ်ဟာ အစားအသောက်နဲ့ပတ်သက်ရင် အရမ်းလောဘကြီးတယ်.. လူတိုင်းပြောကြတယ်...
နောက်နေ့မနက်ကျတော့ ပြန်မှာပေါ့... လူကြီးတွေက ဟိုတယ်ကဘရိတ်ဖတ်ကို ထစားကြတယ်.. ကိုယ့်အတွက်ကတော့ စားစရာလည်း သိပ်မရှိတော့ ထမစားတော့ဘူး..... ပြန်ခါနီးမှ အဖေက မခင်အေးဆိုင်မှာ ရေခဲဝယ်မယ်တဲ့.. အဓိပ္ပါယ်မရှိဘူးပေါ့နော်.... ချက်ချင်းအမေ့ကို ကပ်ဒိုးလေး ဂျန်းရှင်းမှာပဲ ၀ယ်လိုက်ဆိုပြီး ဥာဏ်နီဥာဏ်နက် သုံးပလိုက်တယ်.....
ရွှေပလ္လင်..ကီးစတုန်းဆိုပြီး လည်းရေးထားသေးတယ်... နန်းကြီးသုပ် ဆီလျှော့ဆိုပြီး ပြောလိုက်တာ.. မကောင်းပါဘူး...... စားလိုက်တယ် တပွဲကုန်အောင်....
လူကြီးတွေက ရွှေကော်ဖီဆိုလား ဘာလားမှာသောက်သေးတယ်... နို့ဆီမလိုချင်ဘူး နို့စိမ်းနဲ့ပေးပါဆိုတာ နှစ်ပေါက်လောက်ထည့်လာတယ်... ထပ်ပေးဆိုတော့ ထည့်ထားတယ်ဆိုပြီးပြောတယ်.. ဘူးလိုက်ရောင်းဆိုတော့လည်း မဟုတ်ဘူး.... ဒါနဲ့ စိတ်ဆိုးကြပြီး မသောက်ဘဲ ဒီတိုင်းထားခဲ့ကြတယ်...
၁၁၅မိုင်ရောက်တော့ ထပ်စားသေးတယ်...
ပြည်ထမင်းသုပ်... ကိုယ်စားတာ..အသွားတုန်းကရော.. မိတ္ထီလာမှာရော... အပြန်ကျတော့ရော ဒါကိုပဲစားတယ်..အဲ့လိုသစ္စာရှိတာ..
စစ်ကိုင်းထမင်းသုပ်.. အမေကတော့ ပြည်ရယ်.. ကြံခင်းရယ်.. စစ်ကိုင်းရယ် အမျိုးမျိုးစားတယ်..
ပုန်းရည်ကြီးသုပ်.. အဖေက ငါးသလဲထိုးဟင်းနဲ့ ပုဇွန်ချဉ်သုပ်နဲ့ ထမင်းမှာစားတော့ အလကားပေးတဲ့ဟင်းပွဲပေါ့.. ဟင်းတွေကတော့ ဓါတ်ပုံမရိုက်ခဲ့မိဘူး..
အတော်ရှည်သွားတယ်ပေါ့နော်.. ပို့စ်က.... အစကတော့ ခွဲရေးမလို့ပဲ.. သူများတွေက ခရီးသွားပို့စ်တွေဆို ခွဲရေးတယ်လေ.. ကိုယ်က ရေးစရာလည်း သိပ်မရှိ .. အစားအကြောင်းပဲဆိုတော့ ခွဲမနေတော့ဘူး.. ပုံတွေကြောင့်ရှည်သွားတာပါ... ဟိုဟာမစားဘူး ဒီဟာမစားဘူးဆိုတော့ ဘာတွေများထူးခြားသွားလဲဆိုပြီး မေးချင်တဲ့သူတွေရှိရင် ဖြေပါမယ်.... မမေးချင်လည်း ပြောပါရစေ... ခရီးသွားတာ တပေါင်မှတက်မလာပါဘူး.... ပြန်ရောက်ပြီး နောက်တရက်မှာ ပေါင်ချိန်တဲ့အခါ တပေါင်မှတက်မလာဘူးဆိုတာ သိရတော့ အရမ်းပျော်ပါတယ်.. တပတ်လောက်လေ့ကျင့်ခန်းမလုပ်တဲ့အတွက် ၄-၅ ပေါင်လောက်များတက်လာမလားဆိုပြီး စိုးရိမ်နေခဲ့ရတာ..... ၀ိတ်ကျဖို့ခက်တဲ့သူ တယောက်အတွက် ၄-၅ပေါင်ဆိုတာ အိပ်မက်ဆိုးပါ.... ထားတော့.. ဘယ်လိုပဲဖြစ်ဖြစ်.. အရွက်ကြော်တွေ လှိမ့်စားရကျိုးနပ်တယ်လို့ပဲ တွေးပြီး ပီတိတွေဖြစ်နေတယ်လေ..

ဂေါ်ရခါးညွန့်ကြော်.. နေပြည်တော်မှာ အရွက်တွေက လတ်ဆတ်တယ်လို့ ကိုယ်မှတ်ယူထားခဲ့တာ.. ဒီဆိုင်က ဂေါ်ရခါးညွန့်က ထူးထူးခြားခြားကို ရင့်ပါတယ်...
ဆန်ပြုတ်.. စားလို့ရရုံပါပဲ.. လုံးဝမကောင်းပါ..ဖက်ထုပ်ဆီချက်.. အမေဟာ တချက်မွှေပြီး လုံးဝမစားပါဘူး... မြင်ရသလောက်တော့ ဘာကို ဖက်နဲ့ထုပ်ထားတာလဲလို့ ပြန်မေးရမယ်ထင်တယ်..

Subscribe to:
Posts (Atom)