သွားချင်တာက ပုဂံ.. ခရစ်စမတ် ပိတ်ရက်တုန်းက သွားမယ်ဆိုပြီး ဟိုတယ်စုံစမ်းတော့ ပုဂံတမြို့လုံး နေစရာနေရာမရှိ.. ဒါနဲ့ပဲ နှစ်ကူး ပိတ်ရက်ကျမှပဲ တောင်ကြီးဘက်သွားဖြစ်တော့တာ....
၃၁ရက်နေ့ နေ့လည် ရုံးဆင်းထဲက ဒီကထွက်တော့ ညနေစောင်းလောက် နေပြည်တော်ရောက်ပါတယ်.. ဘာမှလည်း ထူးထူးထွေထွေလုပ်စရာမရှိတော့ ဟိုတယ်မှာပဲ မှာစားလိုက်တယ်...
နောက်နေ့မနက်စောစော အဲ့ဒီကထွက်တော့ နေ့ခင်းလောက် အောင်ပန်းကိုရောက်တယ်.... ဗိုက်က အတော်ဆာနေပြီလေ.. အဲ့ဒီ့မှာ သူငယ်ချင်းက မိနစ် ၂၀လောက်ပဲဆိုပြီး ညာခေါ်သွားတယ်.. ညောင်ရွှေနားကို...
သူကျွေးချင်တဲ့ဆိုင်က ပေါက်ကျော်တဲ့.. ရောက်သွားတော့ ဆိုင်ကပိတ်ထားတယ်.... ဒါနဲ့ တခြားနေရာကို ထပ်သွားဖို့ရာ မဖြစ်နိုင်တော့ အဲ့ကပ်ရက်က နဒီလှိုင်းဆိုတဲ့ ဆိုင်မှာစားခဲ့တာ.. အရမ်းကြာပါတယ်.. မကောင်းပါဘူး..... ငါးကန်ထဲမှာ တဲလေးတွေထိုးထားတာ... ကြမ်းပြင်မှာ ထိုင်စားရတာ.. ငါးကန်ဆိုတော့ အနံ့အသက်လည်းရှိတယ်... အစားစာပုံရိုက်ရတာသာ ၀ါသနာပါတာမို့ ဘေးပတ်ဝန်းကျင်ကို ဓါတ်ပုံရိုက်ဖို့ အမြဲမေ့နေတတ်တယ်... နောက်ခရီးတွေဆိုရင်တော့ ဘေးပတ်ဝန်းကျင်လေးတွေပါ ရိုက်ခဲ့ရမယ်...
အဲ့ဒီ့နား တလျှောက်က ငါးကင်ဆိုင်တွေချည်းပါပဲ.. ၄-၅-၆ ဆိုင်လောက် တန်းဆီပြီး ရှိပါတယ်...... ဘယ်နားလဲတော့ မပြောတတ်ဘူး.....
အဲ့ကပြီးတော့ Red mountain ၀ိုင်ခြံခေါ်ရမလား အဲ့ဒီ့ကိုရောက်တယ်.. တောင်ကုန်လေးပေါ်မယ်.. အရမ်းသာယာတယ်.. တကယ်က အေးအေးဆေးဆေးလေးသွားထိုင်ရင် ကောင်းပေမဲ့ ကိုယ်တွေရောက်တော့ ၅နာရီကျော်နေပြီ.. နေ၀င်ခါစလေးကိုမီလိုက်ပေမဲ့ နေ၀င်သွားတာနဲ့ ခြင်အကြီးကြီးတွေကိုက်တာနဲ့ အမြန်စားသောက်ပြီး ပြန်လာရရဲ့.. နောက်တခါသွားဖို့တော့ ခရီးက နဲနဲဝေးတာကြောင့် ရောက်ဖူးရုံပဲ..
White wine ကကိုယ်သောက်တာ.. ချိုအီနေတော့ ကိုယ့်အကြိုက်ပါ..... Red wine က ချစ်သူသောက်တာ.... ကိုယ်က ၀ိုင်နီမကြိုက်တတ်သူမို့ မကြိုက်ပါဘူး..... ဟိုး ဖရဲသီးခွက်လေးက သူငယ်ချင်းမှာတာ.. ဘာလို့မှန်းမသိဘူး... မကောင်းဘူးဆိုပြီး ဒင်းက ကုန်အောင်မသောက်လို့ အဲ့ခွက်ကိုလည်း ကိုယ်ဘဲသောက်ပါတယ်..... ၀ိုင်တွေကတော့ ၄၀၀၀~၇၀၀၀ ကြားပါ.. ဘယ်လောက်တွေလဲတော့ ကိုယ်မမှတ်မိတော့ဘူး......
နောက်နေ့မနက်ကျတော့ ကလောမှာ မနက်စာစားတယ်.. ကိုယ်သိပ်တောင့်တနေတဲ့ ငါးထမင်းနယ်... ကိုယ့်အကြိုက်ဆုံးဆိုင်ပါ... ဈေးအပြင်ဘက် ကမ္ဘောဇဘဏ်ရှေ့က... တပွဲကို ၅၀၀ ပါ...
ပြီးတော့ ချစ်သူက ရှမ်းခေါက်ဆွဲဆိုလို့ ဈေးထဲက သူ့အကြိုက် ရှမ်းခေါက်ဆွဲဆိုင်မှာ စားပါတယ်..
ချစ်သူက အစီးသုပ်..
ကိုယ်က ရှမ်းသုပ်..
တို့ဖူးကြော်အပါဝင်.. ၉၀၀ ကျပါတယ်.. တပွဲ ၃၀၀... ဆိုင်နာမည်က ကမ္ဘောဇ..
ကလောကပြန်တော့ အင်းလေးသွားကြပါတယ်....
မကောင်းဘူးပြောချင်လို့ ဆိုင်နာမည်ကို သေချာမှတ်ထားပေမဲ့ ခု မမှတ်မိတော့ဘူး... ဆိုင်အောက်မှာ အင်းလေးအထည်တွေလည်းရောင်းတယ်.....
ငါးအသားလုံးကြော်.. လုံးဝမကောင်းတာ..
ငါးထမင်းနယ်ကလည်းမြင်တာနဲ့စားလို့မကောင်းမှန်းသိမှာပါ..
အင်းထဲက အပြန် အဲ့နားကပဲ ViewPoint Lodge& Fine Cuisine ဆိုတာကြီးကို ဆိုင်အပြင်အဆင်ကြည့်ပြီး အထင်တကြီးဝင်စားမိတယ်... ရေငတ်နေပြီတို့.. အေးတာလေးသောက်ချင်နေပြီတို့..
ချစ်သူသောက်တဲ့ ကော်ဖီ.. ကောင်းလားမကောင်းလားတော့မသိ..
Sliced fish and patato tempura ဆိုတာကို ကိုယ့်ဟာကိုယ်တွေနားလည်ပြီး ငါးသတ်သတ်.. အာလူးသတ်သတ်ထင်ပြီးမှာလိုက်တာ.. တကယ်တမ်းလာတော့ ဒီပုံကြီး... စားလို့ တစက်မှမကောင်းပါ..
ဖရဲသီးကကိုယ်သောက်တာ... ဖရဲသီးက ချဉ်တောင်ချဉ်နေပါပြီ.. ၃၀၀၀ ဆိုတာကို နှမြောလွန်းလို့ ကြိတ်မှိတ်ပြီး အသက်မရှုဘဲသောက်မိတယ်...
ဟိုးနောက်ကမြင်ရတာ.. သံပုရာရည်... သူငယ်ချင်းမှာတာ.. လုံးဝမသောက်နိုင်လို့ ဒီတိုင်း ထားပစ်ခဲ့တယ်...
ကြုံရင် သွားမစားဖို့ အကြံပြုပါတယ်..
နောက်နေ့ကျတော့ တောင်ကြီးတက်ပါတယ်.... ရောက်ရောက်ချင်း လူပြောများလွန်းတဲ့ ဖက်ထုပ်ဆိုင်ကို ရှာပြီးသွားစားပါတယ်.. ဘာတွေရလဲမေးတော့ ၂မျိုးပဲရမယ်.. မုန့်တီရယ်.. ဖက်ထုပ်ရယ်တဲ့ ပြတ်ပြတ်ပဲ..
မုန့်တီက ၅၀၀.. ၀က်သားချဉ်နဲ့လို့ထင်တယ်.. ချစ်သူပဲစားတာ.. ကိုယ်တော့မကြိုက်ဘူး...
ဖက်ထုပ်ကိုတော့ တော်တော်လေးကြိုက်တယ်.. ၁၅၀၀... တောင်ကြီးက ဖက်ထုပ်ဆိုင်ဆို လူတိုင်းနီးပါးသိလောက်တယ်.. ကိုယ်က ကြားသားကြားဖူးတာ.. ဘယ်နားမှန်းမသိ.. ဘယ်လိုမေးရမှန်းမသိ.. ဘယ်လိုရှာရမှန်းမသိတော့..
တောင်ကြီးရောက်တာနဲ့.. ကိုယ့်အိမ်ကလူကြီးတွေနဲ့ ခင်တဲ့ တောင်ကြီးသားဦးလေးတယောက်ကို တောင်ကြီးမှာ ဘာတွေစားရမလဲလှမ်းမေးတယ်.. ပြီးတော့ ဖက်ထုပ်ဆိုင်ဆိုတာ ဘယ်နားမလဲလို့..
အ.ထ.က ၆ နားလို့ထင်ပါတယ်.. မမှတ်မိတော့ပါ... လမ်းကတော့ ကျောက်တလုံးလမ်း.. ကျိတ်ကျိတ်တိုးရောင်းရပါတယ်...အကြာကြီးလည်း မစောင့်ရပါဘူး..
အဲ့ဆိုင်ရှေ့မှာပဲ တို့ဖူးကောင်းတယ်ဆိုလို့ ထပ်စားပါတယ်..
ငါးပေါင်းပေါ့.. သူတို့ကတော့ ငါးကင်လို့ရေးထားပါတယ်.. မကောင်းဘူး..
ဆန်တို့ဖူးသုပ်.. ကောင်းတယ်လို့ပြောလို့ရပေသိ ကိုယ်တို့ အကြိုက်တော့မဟုတ်ဘူး.....
ပဲကပ်ကြော်သုပ်ဆိုပြီး ချစ်သူက မှာသေးတယ်.. သူက ပဲကပ်ကြော်ကြိုက်သူ.. တကယ်လာတော့ မုန့်ဟင်းခါးထဲ ထည့်တော့ ပဲကြော်ကို သုပ်ထားတာ...
ကြက်ဥကင်ဆိုပြီးလဲ ၁လုံးစားသေးတယ်... မကြိုက်ဘူး...
ညနေဘက်ကျတော့ ချစ်သူနဲ့ရန်ဖြစ်ပါတယ်.... ဘာကိစ္စနဲ့လဲတော့မမှတ်မိတော့.... ဒါနဲ့ပဲ စိတ်ကောက်ကောက်နဲ့ ညဈေးတန်းရောက်ပါတယ်.... ငါးထမင်းနယ်ထပ်စားတယ်.. မကောင်းဘူး...
ချာပါတီရယ်.. မြေအိုးမြီးရှည်ရယ်.. ပဲမြစ်ရယ်စားတယ်.... စိတ်ကောက်နေတာဆိုတော့ ဓါတ်ပုံမရိုက်ပါဘူး..... စားတော့စားတယ်လေ.. ကောက်ညှင်းပေါင်း မုန့်လင်မယား တို့ဖူးနှစ်ပြန်ကြော် ပါဆယ်ဝယ်တယ်....
နောက်နေ့မနက်ကျတော့ ကျိုင်းတုံအမဲလုံးခေါက်ဆွဲသွားစားပါတယ်.. ဒါလည်း တောင်ကြီးသားဦးလေးရဲ့ ညွှန်ကြားမှုနဲ့ပါ.. အ.ထ.က တခုခုနားက အမဲလုံးခေါက်ဆွဲဆိုလူတိုင်းသိပါသတဲ့.. တကယ်လည်း အဲ့လိုမေးပြီးသွားတာပါ.. အ.ထ.က ဘယ်လောက်လဲတော့ မမှတ်မိတော့ပါ....
ချစ်သူက အမဲလုံးဆိုတာနဲ့ ညှီမှာပေါ့တို့ နံမှာပေါ့တို့နဲ့ နှာခေါင်းရှုံ့တော့ တပွဲပဲမှာပါတယ်.. စမ်းစားကြည့်ပြီး ကြိုက်သွားတယ်.. ဒါပေသိ ဘေးဘက်မှာ ၀က်သားလုံးခေါက်ဆွဲဆိုင်ကို မျက်စောင်းထိုးပြီးသားမို့ ဆိုင်ကူးပြီး ထပ်စားပါသေးတယ်..
ကိုယ်ကတော့ ကြက်ပေါင်းခေါက်ဆွဲ စားတာပါ.. အမဲလုံးလောက်မကြိုက်ကြဘူး...
ပြန်ခါနီးကျ ဖက်ထုပ်ထပ်စားသေးတယ်.. အောင်ပန်းက သူငယ်ချင်းအတွက် ပါဆယ်ဝယ်ရင်းနဲ့... တကယ်တော့ သူငယ်ချင်းကလည်း တောင်ကြီးမှာ ဈေးအတူဝယ်မယ်ဆိုပြီး လိုက်လာပေမဲ့ အဲ့ဒီ့နေ့က လပြည့်နေ့မို့ ဈေးပိတ်ပါတယ်.. လွတ်လပ်ရေးနေ့လို့ ပိတ်တယ်ထင်နေပြီး လပြည့်နေ့မှန်းကို နောက် ၃ရက်လောက်နေမှသိတာပါ.... ဘာလို့ဈေးပိတ်သလဲဆိုတဲ့အကြောင်းကို ခေါက်ဆွဲဆိုင်က အဒေါ်ကြီးနဲ့ ဟိုတယ်က ဦးလေးကြီးကို မေးစမ်းပေမယ့် သူတို့ကလဲ ဂဂဏဏ မပြောပါဘူး.. လပြည့်လကွယ်ပိတ်တယ်တဲ့.. ဒီနေ့လပြည့်နေ့လားဆိုတော့လည်း မဟုတ်ဘူးတဲ့..... လွတ်လပ်ရေးနေ့မို့ ပိတ်သလိုလိုနဲ့ကောက်ချက်ချကြပါတယ်....
နောက်တောင်ကြီးဘယ်နားကမှန်းမသိတဲ့ အိမ်ဆိုင်လေးကို ကောင်းတယ်ဆိုပြီး သူငယ်ချင်းက လိုက်ပို့သေးတယ်...
ပေါက်စီကြော်.. အထဲမှာ အုန်းသီးနဲ့သကြားပါမယ်ထင်ပြီး ၀မ်းသာအားရမှာလိုက်တာ.. အသားတွေဖြစ်နေတော့ မကြိုက်ဘူး... တကယ်တော့ အသားစားဘီလူးမ.. ဒါပေသိ.. အသားနဲ့ပေါက်စီကျတော့မကြိုက်ပြန်ဘူး..
ပလာတူးမုန့်တီဆိုလား ဘာလား.. အဲ့လိုလေး ဆလတ်ရွက်နဲ့ထုတ်စားရတာ.. ဒါလည်း မကြိုက်...
ဆန်မှုန့်နဲ့လုပ်ထားတဲ့ အချိုမုန့်.. အထဲမယ် ပဲပါတယ်.. ဒါတော့ ကြိုက်လို့ တပွဲလုံး ကိုယ်တယောက်တည်း စားတယ်...
ဆန်တို့ဖူးသုပ်.. မကြိုက်..
ကြက်ဥကင်.. ဒါလည်း မကြိုက်ပြန်...
သူငယ်ချင်းကတော့ စေတနာနဲ့ ဒေသစာဆိုပြီး ခေါ်သွားပေမဲ့ တခုမှမကြိုက်.... အားနာနာနဲ့ပဲ အချိုမုန့်သာ ကုန်အောင်စားခဲ့တယ်.. ကျန်တာတော့ ချစ်သူနဲ့ သူငယ်ချင်းနဲ့ပဲ စားကြတာပေါ့...
တောင်ကြီးကဆင်းတော့ ပင်းတယသွားလိုက်တယ်... တကယ်ကတော့ ဘုရားပေါ်မရောက်ခဲ့ပါဘူး..... ဘုရားရင်ပြင်က စောင်းတန်းမှာ လက်ဖက်နဲ့ကွိစိကွစ၀ယ်ပြီး သစ်ပင်ကြီးတွေနား ဓါတ်ပုံရိုက်ခဲ့တယ်.. ညနေစောင်းနေပြီမို့ ဂူထဲမ၀င်သင့်တော့ဘူးရယ်လို့ သူငယ်ချင်းက အကြံပြုလို့ရယ်ပါ... အပြန်ကျတော့ အဲ့နားကဆိုင်မှာပဲ ၀င်စားပါတယ်.. ဆိုင်နာမည်မသိတော့ပါဘူး.. ဆိုင်အပြင်အဆင် အရမ်းကောင်းပါတယ်.. ပုန်းတလုတ်ကန်ကို မေးတင်ထားတာပါ... (စာလုံးပေါင်းမသိပါ) အစားအသောက်ကတော့ စားလို့ရရုံပါပဲ..
ငါးထမင်းနယ်စွဲလမ်းမှုနဲ့ ငါးထမင်းနယ်ပဲ စားပါတယ်.. မကောင်းပါ....
နောက်နေ့မနက်ကျတော့ ကလောမှာ မနက်စာ ထပ်စားပါတယ်.... ကလောမရောက်ခင် ဗိုက်နာလာပြီး အရေးထဲအရာပေါ်ပါတယ်.... ချစ်သူကိုလည်း အမြန်မမောင်းရကောင်းလားဆိုပြီး ပွစိပွစိလုပ်သေးတယ်...
မျက်စိထဲမှာ Seven sisters ဆိုတဲ့ဆိုင်ကိုပဲမြင်တယ်.. သပ်သပ်ရပ်ရပ်နဲ့ အဲ့တဆိုင်ပဲမြင်ဖူးတာကိုး....
ဒါနဲ့ အဲ့ဆိုင်လည်းရောက်ကော အလျင်အမြန်ကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်တော့ ဆိုင်က မဖွင့်သေးဘူး.. ဒါနဲ့ ဆိုင်မဖွင့်သေးဘူးလားဆိုပြီး အိမ်သာတက်ချင်လို့လို့ပဲပြောပြီး အိမ်သာကို တန်းပြေးတော့တာပဲ....
ဘိုထိုင်မဟုတ်ပေမင့် သန့်ပါတယ်..
ဒါနဲ့ပဲ ကိစ္စရှင်းပြီးတော့ ချစ်သူနဲ့ သူငယ်ချင်းက မကောင်းတတ်လို့ စတော်ဘယ်ရီတခွက်စီနဲ့ ဆင်းဒ၀စ်မှာထားကြတယ်တဲ့....
မဆိုးပါဘူး.. ချဉ်လို့တဲ့.. ချစ်သူကမသောက်တော့ ကိုယ်ပဲပေါ့....
သူငယ်ချင်းကို အဲ့ဆိုင်ဘေးက ပြည့်ပြည့်ဆိုတဲ့ဆိုင်မှာ ကျွေးမယ်ဆိုပြီး အတင်းခေါ်လာတာမို့ အဲ့ဆိုင်မှာလည်း ၀င်စားပါတယ်.. သူကတော့ ရှမ်းခေါက်ဆွဲစားတယ်.. ကိုယ်နဲ့ ချစ်သူကတော့ မြေအိုးမြီးရှည် တယောက်တ၀က်ကြိတ်ပါတယ်....
ငါးထမင်းနယ်ကို ထပ်စားပါတယ်..... လောဘကြီးပြီး ၂ပွဲမှာတာ မကုန်လို့ ချစ်သူက ကူစားရသေးတယ်....
ထုံးစံအတိုင်း ချစ်သူကလည်း သူ့ဆိုင်မှ သူ့ဆိုင်.. ဈေးထဲမှာ ရှမ်းခေါက်ဆွဲထပ်စားတယ်..
တို့ဖူးနွေးက ချစ်သူတပွဲ.. သူငယ်ချင်း တပွဲစားကြတယ်......
ပြီးတော့ကိုယ်က အင်တာနက်ပေါ်မယ် ဘယ်ဆိုင်ကောင်းလဲ တက်ရှာတော့ ဆိုင်တဆိုင်တွေ့တာနဲ့ လိုက်ရှာပြီး အအေးသောက်ကြပြန်ပါတယ်.....
တကယ်တော့ အဲ့ဈေးနားလေးပါပဲ... Dream တဲ့.. ၀ိုင်ဖိုင်လည်းကောင်းသလို ဆိုင်လေးကလည်း သပ်သပ်ရပ်ရပ်ပါ.....
ထောပတ်သီးဖျော်ရည်ကလွဲရင် သောက်လို့ကောင်းတယ်.. စာကလေးချီးက အလကားကျွေးတာ....
ပန်ကိတ်.. (ပုံတွေ လှည့်ရမှာ ပျင်းလို့ သည်းခံတော်မူကြပါ)
Fruit cocktail ဆိုပြီးမှာလိုက်တာ.. အသီးတွေက လတ်ဆတ်ပေမဲ့ လိမ္မော်ရည်ကြီး ဆမ်းထားတာကို မကြိုက်ဘူး....
စားပြီးအဲ့နေ့နေ့လည် ရေပူစမ်းသွားကြတယ်.. ခေါင်တိုင်ကို..... ကံဆိုးစွာနဲ့ မီးပျက်နေလို့ အခန်းတွေထဲ စိမ်လို့မရပါတဲ့.. လူအများစိမ်တဲ့ကန်ပဲရှိပါတယ်တဲ့.. လူအများစိမ်တဲ့ကန်ထဲ စိမ်ရအောင်လည်း ဘာမှမပါ.. အစတည်းက ကွကိုယ်စိမ်ရမယ်အထင်နဲ့ ရေချိုးဖို့ပစ္စည်းလောက်သာပါတော့ ဂွတွေကျနေတာပေါ့..
ဒါနဲ့ပဲ သူငယ်ချင်းက နောက်တနေရာပို့ပေးမယ်ဆိုပြီး နောက်တနေရာပို့ပါတယ်..... နာမည် မမှတ်မိပြန်ပါဘူး.. ရွှေ ဆိုတာတော့ ပါတယ်ထင်တယ်.. အတော် မေ့တတ်နေပြီပဲ...
သုံးယောက် ၂ခန်းစိမ်တာ ၈၀၀၀ ပေးရတယ်.. ပြီးတော့ အဲ့မယ် စားလို့ကောင်းတယ်ဆိုပြီး သူငယ်ချင်းက ထမင်းကျွေးသေးတယ်.. ကြက်ဟော့ပေါ့ရယ် ငါးထောင်းရယ် .. ဖီးလ်ကိုမလာလို့ ဓါတ်ပုံတောင်မရိုက်မိဘူး... ဆက်ဆံရေးကလည်း အတော်ညံ့ပါတယ်....
အဲ့နေ့ညက ကလောက ဆိုင်ကိုပဲ ထပ်သွားစားသေးတယ်.. ဓါတ်ပုံတော့မရိုက်မိပြန်ဘူး.... Pork chop စားတာ ကောင်းတယ်လို့ပြောရမယ်...
ကြားထဲမှာ ဈေးဖွင့်ရက် တောင်ကြီးထပ်တက်သေးတယ်.. ဖက်ထုပ်နဲ့အမဲလုံးခေါက်ဆွဲပဲ စားပြီးပြန်လာတယ်.. သူငယ်ချင်းအိမ်မှာ ချက်ပြုတ်စားသောက်ဖြစ်ကြတာတွေတော့ ဓါတ်ပုံမရိုက်မိဘူး..
ပြန်ခါနီး တရက်ကျတော့ ဘယ်မှမသွားဘဲနားကြတယ်.. ကလောကိုပဲ နေ့လည်စာနဲ့ ညစာသွားစားကြတယ်..
Dream မှာနေ့လည်စာစားထားတာ..
အဲ့ဒီ့ Dream ကစတော်ဘယ်ရီဖျော်ရည်.. အရမ်းကြိုက်လို့ ကိုယ် ၂ခွက် သူငယ်ချင်းက ၃ခွက်သောက်ကြတယ်... ဆိုင်ဖျော်တွေကို သိပ်မကြိုက်တတ်ဘူး.. နို့ဆီတွေ နို့စိမ်းတွေ စိတ်ကြိုက်မထည့်ရလို့လေ..
ပြန်တယ်ဆိုပေမဲ့ အိမ်မရောက်သေးပါဘူး... မေမြို့ကို ခရီးဆက်ပါသေးတယ်.. ရောက်ရောက်ချင်း ကိုယ်တို့သိပ်ကြိုက်တဲ့ မြေအိုးမြီးရှည်သွားစားပါတယ်.. မနှစ်က တခါစားပြီး အရမ်းကြိုက်သွားတဲ့ဆိုင်ပါ.. ဈေးလေးရှေ့က ရင်ဝမ်ဆိုတဲ့ ဆိုင်စုတ်စုတ်လေးပါ...
နောက်နေ့မနက်ကျတော့ ထုံးစံအတိုင်း မောဓနုမှာစားပါတယ်..
လျှာရှည်ပြီး ရှမ်းခေါက်ဆွဲမမှာဘဲ ငါးထမင်းနယ်မှာလိုက်တာ.. မကြိုက်ဘူး...
မန်းလေးမြီးရှည်.. မကောင်းလောက်ပါဘူးဆိုတာကို ချစ်သူဇွတ်မှာတာ..
အစီးသုပ်..
နေ့လည်ကျတော့ ချစ်သူက ဗိုက်မဆာဘူးတဲ့.. ကိုယ်ကတော့ ဆာတယ်ပေါ့.. ဟုတ်ဟုတ် မဟုတ်ဟုတ်.. စားချင်တာကိုး.. သိပ်စားချင်နေတဲ့ ရှမ်းထမင်းပုံစား.. ပန်ဆိုင်းဆိုတဲ့ဆိုင်.. လာရှိုးလမ်းပေါ်က..
၂ပွဲလုံးကိုယ်စားတာ.. မကုန်ပါဘူး.. ဟင်းတွေချည်းစားတာ.. တပွဲ ၁၅၀၀..
ညနေကျတော့ ဒီဇင်ဘာခြံထဲသွားတယ်.. စတော်ဘယ်ရီခူးပြီး ၀ိုင်မှာသောက်တာ... ငွေနန်းတော်လေ.. တစက်မှမကောင်းဘူး.. ဒီဇင်ဘာဝိုင်က ကုန်နေသတဲ့..
အူနုကြော်နဲ့ အစိမ်းရွက်ကြော်စားတာ.. ပုံတော့မရိုက်မိဘူး... စတော်ဘယ်ရီသောက်တယ်...အပေါ်က မလိုင်ဖတ်လေးထည့်ပေးတယ်..
အဲ့နေ့ညက ညစာလည်းမြေအိုးမြီးရှည်ပဲ... :)
နောက်နေ့မနက်ကျတော့ အဆောင်ထမင်းဟင်းစားချင်လို့ဆိုပြီး သွားတောင်းစားပါတယ်... ၀က်မုန်ညင်းချဉ်ဟင်းနဲ့.. ကိုယ့်အကြိုက်ပေါ့.. ဓါတ်ပုံမရိုက်မိဘူး...
ပြန်ဆင်းတော့ ဓါတ်တော်ချိုင့်နားက The view ဆိုတဲ့ ဆိုင်ကို ၀င်ဖြစ်တယ်.. နှာတွေအရမ်းစေးနေလို့ အလှပုံကောင်းကောင်းမရိုက်နိုင်ရှာတဲ့ ကွကိုယ်တအားတွေသနားမိတာပေါ့...
ကော်ဖီ.. တော်တော်ကောင်းပါတယ်..
ဆင်းဒ၀စ်..ဒါလည်း မဆိုးပါဘူး..
စတော်ဘယ်ရီကတော့ သိပ်မကောင်းပါဘူး.....
ဆိုင်ကဈေးကြီးပါတယ်.... ဗျူးလည်း အရမ်းကောင်းပါတယ်.. ဓါတ်တော်ချိုင့် ၃ဆင့်လုံးမြင်ရပါတယ်.. ဘိုင်ဒဝေး ဓါတ်တော်ချိုင့်ကို တခါမှ မရောက်ဖူးဘူး.... လမ်းလျှောက်သွားရတယ်ဆိုလို့လေ.....
တခါလောက်တော့ ရောက်အောင်သွားဦးမယ်...
Last but not least ပေါ့.. ကိုယ့်ရဲ့ အကြိုက်တကာ့အကြိုက်ဆုံးပါ.. ရှမ် (SHAM) ကမလိုင်.. ရက်စ်မလိုင်.. မေမြို့မှာ ၂ညအိပ် ၃ရက်နေတာ.. ၃ဗူးစားပါတယ်.. ရောက်ရောက်ချင်း ချစ်သူကလည်း စားမယ်တဲ့.. အဲ့တော့ ကိုယ်ကလည်း ကိုယ့်ဘူးထဲက မျှမကျွေးချင်ဘူးလေ.. ဒါနဲ့ ၂ ဗူးဝယ်တယ်.. တကယ်တမ်းစားတော့ ချစ်သူကဘယ်လိုမှ မခံစားနိုင်ပါဘူးတဲ့.. သူမစားနိုင်ဘူးတဲ့... ၂ဇွန်းလောက်စားပြီး လက်လျှော့သွားပါတယ်.. ဒါနဲ့ ကိုယ့်ဗူးကို တဗူးလုံးစားလိုက်ပြီး သူ့ဗူးကို နောက်နေ့အတွက် save ထားလိုက်တယ်ပေါ့နော်.. နောက်နေ့ည တဗူးစား.. ပြန်မဲ့ရက် အိမ်အတွက်ဝယ်ရင်းနဲ့ ရောက်တုန်းစားရတာပဲဆိုပြီး အပြန်လမ်းမှာစားဖို့ဆိုပြီး တဗူးဝယ်စား.. အရမ်းကိုကြိုက်တာပါ.. Life of essence လို့ကိုယ်တင်စားတဲ့ အစားအစာတမျိုးပါ...
ပြီးတော့ အိမ်ပြန်သည်ပေါ့.. မိတ္ထီလာကျော်တော့ အိမ်ကဖုန်းဆက်ပါတယ်.. ဘယ်နားရောက်ပလဲဆိုပြီး.. မှောင်ခါနီးဆိုတော့ နေပြည်တော်မယ် ၁ည၀င်အိပ်ပါတဲ့.. ညဘက်ကြီး အမြန်လမ်းကို မဖြတ်သန်းစေချင်ဘူးတဲ့.. အိုကေလေ.. အိပ်ပါတယ်..၀မ်းသာအားရ..
Junction က Bangkok sky ဆိုတဲ့ ထိုင်းဆိုင်လေးမှာ ညစာစားတယ် .. ပုံတော့မပါဘူး.. တော်တော်ကောင်းတယ်လို့ပြောရမှာပါ.. ဒါပေသိ ဈေးကြီးတယ်လို့ထင်ပါတယ်.... ကြက်ပင်စိမ်းတပွဲနဲ့ သင်္ဘောသီးထောင်းတပွဲ.. ထမင်း ၂ ယောက်စားတာ.. ၁၀၀၀၀ ပါ...
ပြီးတော့ သိပ်သွားချင်နေတဲ့ Teak spa ကိုသွားပါတယ်.. အနှိပ်သွားခံတာ... အရမ်း အေးချမ်းပြီး မိုက်တယ်လို့ပြောလို့ရတယ်.. လုပ်ထားတာလေးက တကယ့်ကိုချစ်စရာလေးပါ.. ရေကူးကန်လေးလဲရှိတယ်.. ဈေးလဲမဆိုးဘူးလို့ပြောလို့ရတယ်....
ကဲ.. ဒလောက်ပါပဲ.. ကုန်ပါပြီ...
လောလောဆယ်ရေးစရာလဲမရှိသေးလို့.. နောက်ပို့စ်ကဘာဖြစ်ဦးမလဲ မသိသေးပါ...
P.S. ပုံတွေက ဖုန်းနဲ့ပဲ ရိုက်ထားတယ်ဆိုပေမဲ့ ကွာလတီမလျှော့ထားတာမို့ အကြီးချဲ့ကြည့်ကြပါ..... စားစရာတွေသေချာကြည့်လို့ရအောင်....... :)
No comments:
Post a Comment