Friday, May 1, 2015

စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်

ကိုယ်အခုတလော စိတ်ကစဉ့်ကလျားရောဂါရနေတယ်..
ရဆို.. ချစ်သူ့အသံမကြားရတာ ရက်၂၀လောက်ရှိပြီလေ..
စပ်စပ်ဆော့ဆော့နဲ့ ကျောင်းတက်မိနေတယ်.. ဇွန်လမယ် စာမေးပွဲဖြေဖို့ရာအတွက် အခုထိ စာတလုံးမှ မကြည့်ဖြစ်ဘူး... စာသင်တာက ၄ရက်လောက်ရှိသေး.. အခန်းက ၈ခန်းလောက်ပြီးနေပြီ.. စာနဲ့ဝေးကွာနေခဲ့တာက ၃-၄နှစ်လောက်ရှိနေပြီ.. ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ.. ဒါတောင် ဒီဘာသာက ကိုယ်သင်ဖူးပြီးသားကိုမှ စပယ်ရှယ်လိုက်ထပ်သင်ရတာ.. ဘာမှလုပ်ချင်ကိုင်ချင်စိတ်ကိုမရှိဘူး.... အထူးသဖြင့် အာရုံစူးစိုက်ရမဲ့ကိစ္စတွေ မလုပ်နိုင်ဘူး.. ဆယ်ကျော်သက်လေးလည်း မဟုတ်ပါဘဲ ဒီလိုဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုလည်း အံ့သြမဆုံးဘူး..
ဒါတောင် ကိုယ်အဲ့လိုတွေ ရူးတူးတူးတွေဖြစ်မှန်းသိလို့ ချစ်သူက မအားတဲ့ကြားက ကိုယ့်ဆီကို တရက်၂ခါမှန်မှန် အီးမေးပို့ရှာတယ်.. အဲ့ဒါတွေအတွက်လည်း ချစ်သူကို ကိုယ်ကျေးဇူးတင်မိတယ်..... မဟုတ်ရင် အခုလောက်ဆို ရူးနှမ်းနေလောက်ပြီ.. မနက်ဖြန်တော့ ဖွန်းကတ်သွားဝယ်ပြီး ဖွန်းဆက်မယ်ရယ်လို့ ချစ်သူက ပြောရဲ့... ဒါလည်း ခုချိန်ထိ စာမလုပ်နိုင်ဘူး.. စာမလုပ်နိုင်လို့လည်း ဒီစာကို အားအားယားယား ထိုင်ရေးတာပေါ့... ထားတော့.. လွမ်းတာတွေပဲ တ၀ဲလည်လည်မို့..
ခရီးသွားတဲ့ပို့စ်လေးရေးချင်ပေမဲ့ ဓါတ်ပုံတွေ ကွန်ပျူတာထဲထည့်ဖို့ရာက ပျင်းနေသေးတယ်..
ခုတလောတော့ ဒူးရင်းသီးဘက်စိတ်ရောက်နေတယ်.. ချစ်သူက ဒူးရင်းသီးကြိုက်တယ်.. ကိုယ်က အနံ့မခံနိုင်ဘူး.. သူမသွားခင်လေးက ဒူးရင်းသီးစားချင်တယ်ဆိုတော့ ကိုယ်က စားချင်လည်း ၀ယ်ပြီး အပြင်မှာဘဲ ထိုင်စားပေါ့.. ကားပေါ်လဲမတင်နိုင်ဘူး.. အိမ်ထိလည်း မသယ်နိုင်ဘူးဆိုပြီး အပြင်းအထန်ကန့်ကွက်တယ်..
ဒါနဲ့ ချစ်သူလည်း ဘယ်လိုမှ ဖြောင့်ဖြလို့မရတဲ့အဆုံး.. ဘူးလေးတဘူးဝယ်ပြီး အပြင်မှာဘဲ စားဖြစ်တယ်ထင်ရဲ့.. ဒါပေသိ အဲ့ဒူးရင်းသီးက လုံးဝမကောင်းဘူး.. တကိုက်လောက်ကိုက်ပြီး သူဆက်မစားဘူး.. ချစ်သူက တော်ရုံတန်ရုံနှမြောတတ်တယ်.. အဲ့လိုမစားဘူးဆို အဲ့တာ တော်တော်ကို မကောင်းလို့ စားမရလို့ဘဲလို့ ကိုယ်နားလည်လိုက်တယ်.. တကယ်လည်း အဲ့အထုပ်ကြီးကို ကားပေါ်တညလုံးသိပ်ထားသည့်တိုင် အနံ့တစက်မှ မထွက်ဘူး.. ဆိုင်နားက ဖြတ်ရင်သာ အနံ့ရတာ..
ကိုယ့်ကို အစစအရာရာ လိုက်လျော အလိုလိုက်တဲ့ချစ်သူကို ကိုယ် အဲ့လို မလိုက်လျောပေးနိုင်တာ စိတ်မကောင်းလို့ အခု ဒူးရင်းသီးနံ့ခံနိုင်အောင် ကျင့်နေတယ်..
ဒူးရင်းသီးဝယ်တယ်.. ဟိုနေ့ကတော့ ၀ယ်ပြီး တကယ်ကားပေါ်တင်လာတဲ့အခါမှာ လုံးဝကို အနံ့မခံနိုင်လို့ ရှိသမျှ ပြတင်းပေါက်ဖွင့်စီးရတယ်.. နောက်တရက်ကျတော့ ၀ယ်တဲ့အသီးတွေက မမှည့်သေးတော့ ကိုယ်ကံကောင်းတယ်.. နန္ဒာလှိုင်အိမ်က ဒူးရင်းသီးက ဖေ့ဘုတ်မယ် နာမည်ကြီးတော့ သူ့ဆီကလည်း သွားဝယ်သေးတယ်.. ကောင်းမကောင်းတော့ အခုထိ မသိရသေး.. မမှည့်သေးဘူးဆိုတာ အဲ့ဒါပေါ့...
ဒါက ဒူးရင်းသီးနဲ့ ကိုယ့်ဇာတ်လမ်း...
ဒီနေ့တော့ အမေရီးကားနိုး ၂ခွက်သောက်မိတဲ့အမှုနဲ့ ကိုယ်နေလို့ထိုင်လို့မကောင်းဘူး.. ရင်ပဲပြည့်နေသလိုလို ကတုန်ကယင်ပဲဖြစ်နေသလိုလိုနဲ့.. အခု ပုံမှန်အိပ်ချင်တဲ့ အချိန်ရောက်တာတောင် မအိပ်ချင်သေးဘူး.. ဒါပေမဲ့ လူက နားချင်နေပြီ... ပုံမှန်က ၃ခွက်လောက်သောက်လည်း ဘာမှမဖြစ်.. ဒါပေသိ ရုံးမှာဆို ရေကို ၂လီတာလောက် အနဲဆုံးသောက်ဖြစ်တာကိုး.. ဒီနေ့ ရေက ၁လီတာတောင် ကောင်းကောင်းမ၀င်လို့ဖြစ်မယ်.. ကိုယ့်မလဲ ရေမအေးရင် တစက်မှ မျိုမကျတာ တဒုက္ခ.. ကျောင်းမှာက ရေအေးမရှိ.. ဒါနဲ့ပဲ နေ့လည်ထမင်းစားချိန်က ၃ခွက်လောက် သောက်ဖြစ်တာကလွဲရင် ကျန်တာက အကုန်ကော်ဖီပဲမို့ အခုတော့ ရူးကြောင်ကြောင် အဖြစ်ကို ရောက်နေပြီ..
ဒါနဲ့ပဲ စာလည်းလုပ်မရ ချစ်သူကိုလည်း လွမ်းနဲ့.. အိပ်လို့ကလည်း မရ.. တခါတခါကျ အတော်စိတ်ကုန်တယ် ကိုယ့်ဟာကိုယ်ပြောပါတယ်..
ချစ်သူဆို ကိုယ့်ကို ခဏခဏပြောတယ်... အီးမေးမရှိ အင်တာနက်မရှိခေတ်ကများ ချစ်သူရည်းစားဖြစ်ခဲ့မယ်ဆို သေများသွားမလားမသိဘူးတဲ့.. ဘယ်လိုလုပ်မလဲတဲ့.. သေများသွားမလားဆိုတာ သူမဟုတ်ဘူး.. ကိုယ့်ကိုပြောတာ.. အဖြစ်သည်းလွန်းလို့.... တကယ်ကိုပဲ.. အခုလို အီးမေးလေးရ... ကမ်းကပ်လို့ အင်တာနက်လေးများရရင် တနေကုန် တညလုံး ထိုင်ကျူနေလို့ရတာတောင် အခုလောက်ဖြစ်နေတာ.. ဖွန်းကတ်လေးနဲ့ အလွန်ဆုံးပြောနိုင် နာရီဝက်လောက်ခေတ်ကများဆို တကယ်သေလောက်တယ်ထင်တယ်..
နည်းပညာတိုးတက်မှ ရည်းစားရတာပဲ ကျေးဇူးတင်ရမလိုလို...
ထားတော့... ဒါကတော့ ကိုယ်အိပ်မပျော် ရူးကြောင်ကြောင်ဖြစ်ပြီး ရေးတဲ့စာမို့ ရောက်တတ်ရာရာပါ..
ဒါဆို ခါတိုင်းရေးတာကရော.. ဒါလည်း ရောက်တတ်ရာရာပါပဲ... အတည်ရေးရလောက်အောင်လည်း ကိုယ့်မယ် ပါရမီမပါပါဘူး... ကိုယ်ခံစားရတာတွေကို ချရေးရုံသက်သက်ပဲမို့..
ခရီးသွားပို့စ်လေးတော့ တင်ပါဦးမယ်...
နောက်ဆုံးမှ ခေါင်းစဉ်တပ်တော့.. ကိုယ်ခုတလော ကြိုက်နေမိတဲ့ အဆိုတော်ကို ပြောဖို့သတိရတယ်..
လှိုင်ဦးမော်.. သူ့သီချင်းတွေကို တခါမှ သေချာနားမထောင်ဖူးဘူး.. လွန်ပါစေ အလွမ်းညတွေ ဆိုတဲ့သီချင်းကနေ အစပြုလို့ တခြားသီချင်းတွေပါ နားထောင်ကြည့်တော့ တော်တော်များများက ကိုယ့်အကြိုက်တွေဖြစ်နေတယ်.. ~~လွန်ပါစေ အလွမ်းညတွေ.. လွန်ပါစေ..လွန်ပါစေ...~~ ဒါကတော့ နေ့တိုင်းကိုယ်နားထောင်ဖြစ်နေတာ.....

No comments:

Post a Comment