ဘာလိုလိုနဲ့ ဆယ်တန်းအောင်ခဲ့တာ ဆယ်စုနှစ်တခုပြည့်တော့မယ်..
ဆယ်တန်းကျောင်းသူဘ၀လေးကိုပြန်တွေးကြည့်တော့...
နှင်းမှုန်တွေကြားထဲက မနက်ခင်းလေးတွေ..
တခါတခါ မနူးမနပ်.. တခါတခါ နူးနပ်လွန်တဲ့ ကောက်ညှင်းပေါင်းကို
ရှိတဲ့ အခြောက်အခြမ်းလေးနဲ့ မျှောချရတဲ့မနက်ခင်းလေးတွေ..
ကျောင်းကားလာခေါ်တဲ့အချိန်မှ အိမ်သာထဲ အပြေးဝင်ပြီး လာတဲ့ကျောင်းကားကို
ပွစိပွစိရေရွတ်ရတဲ့ မှောင်နေဆဲ မနက်ခင်းလေးတွေ.. (ဒီကစုတ်ကြီး (ကားစုတ်)ကလည်း ဒလောက်အစောရီးးလာစရာလားးး)
ကျောင်းကားပေါ်နောက်ဆုံးမှရောက်လို့ သွားနောက် စားနောက်..
ဘာညာကွိကွ... ဆိုတဲ့ အသံလေး ဝေဆာနေခဲ့တဲ့မနက်ခင်းလေးတွေ..
ချမ်းချမ်းစီးစီးနဲ့ အနွေးထည်ထဲကိုလက်ပိုက်ပြီးထည့် ခန္ဒာကိုယ်ကို
အနွေးဆုံးဖြစ်အောင်ကွေးထားပြီး ထိုင်ငိုက်ရတဲ့မနက်ခင်းလေးတွေ..
အငိုက်ကောင်းလို့ ခေါင်းခေါက်ခံရတဲ့.. မြေဖြူနဲ့အပေါက်ခံရတဲ့
မနက်ခင်းတွေက မှတ်မှတ်ထင်ထင်ရှိမနေပေမဲ့ ၂ယောက်တည်းထိုင်တဲ့ခုံမှာ သူငယ်ချင်းက ငိုက်လို့
ဘေးကတယောက် ဘယ်နားရောက်ပြီလဲ ပြလိုက်စမ်းပါဆိုမှ ၂ယောက်လုံးငိုက်နေလို့ အတန်းချိန်ပြီးတဲ့အထိ
မတ်တပ်ရပ်နေခဲ့ရတဲ့ အချမ်းဆုံး မနက်ခင်းလေး...
နေရယ်လို့ ပီပီပြင်ပြင်ထွက်ခါစ အချိန်မှာ အလုအယက် ၀ယ်ပြီး
စားသောက်ရတဲ့ ပေါက်စီကြော်လေးတွေ... တခါတရံမှရတတ်တဲ့ ပဲပလာတာလေးတွေ...
ကျောင်းကြီးသွားတက်ရမဲ့နေ့တွေဆို ပျော်လွန်းလို့.... အိပ်ရေးမ၀ခဲ့သမျှ
ကျောင်းမှာ အတိုးချအိပ်တိုင်း ဆရာမတိုင်းရဲ့ မျက်စိစူးစေခဲ့လို့ အိပ်ချင်မူးတူး စာထဖြေခဲ့ရတဲ့အချိန်လေးတွေ... (ဘေးကလူနှိုးမှ အိပ်ချင်မူးတူးထလာပြီး မေးတာဖြေလည်း ဖြေနိုင်ခဲ့ပါတယ်... ငယ်ငယ်တုန်းကပေါ့.. ခိခိ)
ငတ်သမျှကျောင်းရောက်မှ အတိုးချဝယ်ချမ်းစားသောက်ရတဲ့ အသုပ်စုံနဲ့
တိုတိုထွာထွာမုန့်လေးတွေ.....
ပူပူလောင်လောင်ကြက်ဥကြော်လေး မစို့မပို့ကို သူငယ်ချင်းတသိုက်နဲ့
လုယက်စားသောက်ရတဲ့ ညနေခင်းအေးအေးလေးတွေ...
ကိုယ့်မှာရှိတဲ့ အနွေးဆုံးလို့ထင်တဲ့ အင်္ကျိဘောင်းဘီကိုဝတ်..တစ်နေရာယူ..
နှစ်အသင့်ပြင်.. သုံးအိပ်ငိုက်.. ဆရာမလစ်တာနဲ့ခိုးအိပ်ရတဲ့ အေးလွန်းတဲ့ညတွေ...
သဘောကောင်းလွန်းတဲ့ သူငယ်ချင်းရဲ့ စာဖတ်ပြနေတဲ့အသံကို အိမ်သာတံခါးမပိတ်ဘဲ
အိမ်သာတက်ရင်း အိမ်သာထဲက နားထောင်ခဲ့တဲ့ညတွေ...
စိမ့်နေအောင်.. စိတ်တိုဖို့ကောင်းလောက်အောင် အေးတဲ့ညတွေမှာ
မခံစားနိုင်လို့ သူငယ်ချင်း ၂ယောက်ကြားတိုးဝင်အိပ်ပြီး တစ်ရှူးတောင်ကြီးဖြစ်တဲ့အထိ
နှာစေးခဲ့ရတဲ့ညနက်နက်တွေ...
အကုန်လုံးကို လွမ်းလွမ်းဆွတ်ဆွတ်ကြီး သတိရမိတယ်...
အေးစိမ့်နေဆဲနေ့လည်ခင်းလေးတွေမှာ ပျင်းခြောက်ခြောက်လမ်းတွေပေါ် လတ်ဆတ်တဲ့လေကို ရှူရင်း လမ်းလျှောက်ပြီ outpass ထွက်ခဲ့ရတဲ့အချိန်လေးတွေကလည်း ထည့်မပြောလို့မရဘူးလေ..
လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုစာဆီက မြို့လေးက အခုထက်အများကြီး အေးချမ်းပြီး အခုထက်အများကြီး ရိုးသားခဲ့တယ်.. ကားတွေ လူတွေ ဆိုင်ကယ်တွေ အခုလို ရှုပ်မနေခဲ့ဘူး.....
ချမ်းအေးလွန်းတဲ့ မြို့လေးက နွေးထွေးနေခဲ့တယ်....
အခုတော့ ပူနွေးလာပြီဖြစ်တဲ့မြို့လေးက အေးစက်စက်မြို့ကြီးဖြစ်သွားတော့မဲ့ဟန်...
အရင်လို နွေးထွေးမှုတွေ ကွယ်ပျောက်သွားတော့မယ်... ကိုယ်စားနေကျ ရှမ်းခေါက်ဆွဲဆိုင်လေးလည်း နာမည်ကျော်ခဲ့ပြီကိုး... အရင်လိုဘာတခုမှမဟုတ်တော့ဘူး.......
ကိုယ်လျှောက်နေကျ ယူကလစ်နံ့သင်းနေတဲ့လမ်းလေးက အိတ်ဇောနံ့တွေထုံနေခဲ့ပြီ.....
ကိုယ်နေခဲ့တဲ့ တိုက်ပုပုကုပ်ကုပ်လေးနဲ့ ပန်းပင်တွေအများကြီးရှိတဲ့ခြံလေးက အကောင်းစားတိုက်ကြီးဖြစ်နေခဲ့ပြီ.....
ကိုယ်သိပ်ကြိုက်တဲ့ခြံဝကစိန်ပန်းပင်ကြီးကတော့ အစအနတောင်ရှာမရတော့ပါဘူးလေ....
ကိုယ်အားပေးနေကျ ကျောင်းထဲက အသုပ်သည်ကြီးကော နေမှကောင်းရဲ့လား... အသုပ်ဆိုင်လေးကော ရှိသေးရဲ့လား.. ကိုယ်မသိဘူး......
ကိုယ်ကြိုက်ခဲ့တဲ့ အအေးဆိုင်လေးက အအေးတွေက အရင်လောက်သောက်မကောင်းတော့တာ သေချာတယ်...
ဒါပေမဲ့အရာအားလုံးကတော့ ကိုယ့်အသိဥာဏ်ထဲ မှတ်ဥာဏ်ထဲမှာ စွဲနေဆဲပဲ... အကုန် အကောင်းတိုင်းပဲ.... ရုပ်ရှင်တခုခုကို အပိုင်းပိုင်းဖြတ်ပြီး မှတ်မိနေသလို အကုန်လုံးကို တစစီဆိုပေမဲ့ ကောင်းကောင်းမှတ်မိနေတုန်းပဲ.......
ဘာရယ်မဟုတ်ပါဘူး... အောင်စာရင်းကာလမို့ လွန်ခဲ့သော ဆယ်စုနှစ်တခုဆီပြန်တမ်းတမိတာပါ....
No comments:
Post a Comment