Showing posts with label ချစ်သူ့အကြောင်း. Show all posts
Showing posts with label ချစ်သူ့အကြောင်း. Show all posts

Tuesday, December 2, 2014

ချစ်သူ့တမ်းချင်း

ဒီနေ့မနက် ချစ်သူကို ကြည်ကြည်နူးနူးလေး လွမ်းမိတယ်.....
ခါတိုင်းရောမလွမ်းဘူးလားတော့ဆိုတော့.. ခါတိုင်းက လွမ်းပြီး စိတ်ပျက် အားငယ်သွားတတ်တယ်.. ဘာကိုမှန်းမသိပေါ့......
လွမ်းတာတော့ မျက်လုံးမပွင့်ခင်.. နိုးဘီဆိုတဲ့အသိစိတ်စ၀င်လာတဲ့အချိန်ကစပြီး ချစ်သူကိုလွမ်းရတာပဲလေ...
နေ့တိုင်းလိုလိုပဲ.....
ဒီနေ့တော့အဲ့လိုမဟုတ်ဘဲ.... ကိုယ်စောင်းအိပ်နေတဲ့ဘက်ကနေတခြားတဘက်ကို လှည့်လိုက်တဲ့အချိန်မှာ ကြည်နူးပြီး ကိုယ်ပြုံးမိတယ်.... သိပ်မလိုတော့တဲ့ရက်ပိုင်းမှာ ကိုယ်အခုလိုလှည့်လိုက်တာနဲ့ နွေးထွေးနေတဲ့ ချစ်သူ့ရင်ခွင်ကို ကိုယ်တိုးဝင်နိုင်တော့မယ်လေ....
ချစ်သူရှိရင် ချစ်သူက ဖုန်းကို ကိုယ့်နားမှာထားပြီး ပေးမအိပ်ပါဘူး.... အိပ်ရာဘေးနားကနေရာမှာပဲထားပြီး နှိုးစက်မြည်ရင် သူလှမ်းယူပေးပါတယ်.... မြည်နေတဲ့ဖုန်းလက်ထဲရောက်လာတာနဲ့ အိပ်ချင်မူးတူးယူပြီး အသံပိတ်ပစ်ပါမယ်... အဲ့အချိန်မှာ ထတော့လေဆိုပြီး ချစ်သူက အိပ်ချင်မူးတူးနဲ့ပဲ ပြောပါမယ်...... ချက်ချင်းဆိုသလို ချစ်သူနားကို တိုးကပ်ပြီး ရင်ခွင်ထဲအတင်းတိုးဝင် ချစ်သူရဲ့ကိုယ်ငွေ့နွေးနွေးကို ခံစားရင်း ကိုယ်ပြန်မှေးပါမယ်..... ၂မိနစ်လောက်တော့ ချစ်သူကိုယ့်ကို ကြည်ဖြူပါလိမ့်မယ်... ပြီးတာနဲ့ ထတော့ဆိုပြီး ထပ်ပြောပါမယ်.... အာဘွားပေးဆိုပြီး အိပ်မှုန်စုံမွှားနဲ့ ကိုယ်ပြောပါဦးမယ်... မျက်လုံး လုံးဝမဖွင့်ဘဲ ချစ်သူ ကိုယ့်နဖူးကိုဖြစ်ဖြစ် ပါးကိုဖြစ်ဖြစ် ခပ်ဖွဖွနမ်းပါလိမ့်မယ်...... အဲ့ဒါဆို ကိုယ်ကျေနပ်သွားပြီး အီးအားအင်းအော်ပြီး ထထိုင်ပါမယ်.......
ဒါတွေကို အကုန်ဆက်စပ်စဉ်းစားမိပြီး ဒီနေ့မနက်ခင်း ကိုယ်မျက်လုံးမဖွင့်ခင် ပြုံးမိတယ်.....
ကြည်နူးပြီး လွမ်းမိတယ်....



ထပ်ပြီးတော့ ရုံးရောက်တော့ မြေပဲထောပတ်နဲ့ပေါင်မုန့်စားဖြစ်တယ်... ချစ်သူသွားပြီးနောက်ပထမဆုံး စားဖြစ်တာ.. ၀ိတ်လျှော့နေလို့ မစားသင့်ဘူးရယ်လို့ ဆုံးဖြတ်ပြီး သကာလ ခုကျတော့ အရမ်းကိုစားချင်နေပြန်ရော.. အဲ့တော့ သင်တန်းဆရာကို အာ့လေးစားလို့ရလားဆရာဆိုတော့ နဲနဲစားလို့ရတယ်တဲ့.. ၂မျိုးရှိတဲ့ အထဲက Low fat ဆိုတဲ့ဟာကိုစားဆိုတော့ ချက်ချင်းပဲ ၀မ်းသာအားရပြေးဝယ်တော့တာပဲလေ...  ဒီနေ့မနက်အဲ့ဒါကို စားတော့ ချစ်သူကို ထပ်လွမ်းမိပြန်ပါတယ်..
ပေါင်မုန့်တွေ ကိတ်မုန့်တွေချစ်သူက မစားပါဘူး.. ကြိုက်လည်းမကြိုက်ဘူး.. ကျွေးလို့လည်း မရဘူး.. ဒါပေမဲ့ အဲ့ပီးနပ်ဘတ်တာနဲ့ပေါင်မုန့်သုတ်ကျွေးရင်တော့ နှစ်နှစ်ခြိုက်ခြိုက်စားတာကို မှတ်မိတယ်..... ညကြီးအချိန်မတော်ဗိုက်ဆာရင် အာ့ကျွေးလိုက်တာပဲ.... ကိုယ်လည်းစားရင်းပေါ့.. သူက ၂ချပ်လောက်စားရင် ကိုယ်က ပေါင်မုန့်သုတ်နေရင်း ၂ချပ်.. သူနဲ့တူတူစားတာ ၂ချပ်.. အဲ့လိုတွေစားမှတော့ မ၀ပဲနေမလားတော်......
ထားတော့ ... စားစရာပုံတွေတော့ တပုံတပင်ရှိပေမင့်... တင်ဖို့ရာ အချိန်အားမရသေးလို့...
စားစရာတွေချည်းပဲ ရောက်တတ်ရာရာပို့စ်တပုဒ်လာပါဦးမည်...

Thursday, October 2, 2014

ပြန်လည်တမ်းတ

ချစ်သူကိုလွမ်းတဲ့အကြောင်းပဲ....
ခရီးတခုထွက်ဖို့ မနေ့ညက အထုပ်ပိုးပြင်ရတယ်.. ချစ်သူသွားပြီးတဲ့နောက်ပိုင်း ဒါက ပထမဆုံးထွက်မဲ့ ခရီးလေ..
နောက်ဆုံးခရီးထွက်ခဲ့တာကို ပြန်သတိရမိလို့....
နောက်ဆုံးတခေါက် အထုပ်ပိုးပြင်တုန်းက ကိုယ့်ဟာကိုယ် တယောက်တည်း ခရီးသွားမှာဆိုပြီး ချစ်သူကို စိတ်ကောက်နေတာပေါ့....
စိတ်ကောက်တာကလည်း ဒင်းက သူ့သူငယ်ချင်းတွေနဲ့ ခရီးထွက်သွားလို့ပါ..
၁၁၅ မိုင်ရောက်မှ ၁၁၅မိုင်ရောက်နေပြီ ပြန်လာလို့မရတော့ပါဘူးဆိုတာကို ဖုန်းဆက်ပြောတယ်..
ဒီတိုင်းပြောရင်လည်း လွှတ်မှာမှမဟုတ်တာတဲ့..
ခုပြန်ပြော ခုစိတ်တိုပါတယ်...
အဲ့တုန်းက ပြတ်ဖို့ထိတောင် စဉ်းစားပြီးသားပါ.....
ငါ့ကို ဒီလိုလုပ်ရကောင်းမလားဆိုပြီး...
ဖြစ်ချင်တော့ ကိုယ်ကလည်း သွားစရာကိစ္စရှိနေတယ်.. အဲ့ကိစ္စကို စပြောတုန်းက မသွားရဘူး ပိုက်ဆံအလကားကုန်တယ် ဘာညာနဲ့ လူကို တားမြစ်ပါတယ်..
အကျယ်ကျယ် မဖြစ်ချင်တော့ ကဲ မသွားဘူးပေါ့..
အဲ့လိုနေရင်းက ဒင်းက မပြောမဆို လုပ်သွားတော့.. နေပေါ့.. ဒင်းနဲ့ပြတ်မယ်ဆိုပြီး တယောက်တည်း ခရီးသွားဖို့ အကုန်စီစဉ်ပါတယ်..
ကားလက်မှတ်လည်း ၀ယ်ပြီးသား..
မနက်ဖန်မနက်လိုသွားမယ်ဆို ဒီနေ့လို ညမှ ဒင်းပြန်ရောက်လာပြီး လိုက်ခဲ့မယ်တဲ့.....
မလိုက်နဲ့ တယောက်တည်းသွားမှာ ဘာညာနဲ့ တော့ ပြောသေးတယ်..
သိပ်မချော့ရပါဝူး.. ပြတ်မယ် ဘာညာဆိုပြီး ပြောနေပေမဲ့... ကားလက်မှတ်ရရင်လိုက်ခဲ့ပေါ့လို့ပြောလိုက်တာပေါ့....
မနက်ကျတော့လည်း ကားလက်မှတ်ကို ကိုယ်ကိုယ်တိုင်ပဲ ဖုန်းဆက်လှမ်းမေးပြီး ဘွတ်ကင်တွေလုပ်....
ဘွတ်ကင်လုပ်ပြီး သိပ်မကြာ.. ဒင်းက ဖုန်းထပ်ဆက်လာ.. သူ့အိမ်က ကားနဲ့ သူကိုယ်တိုင်မောင်းပို့မယ်ဆိုပြီး.....
ဒါနဲ့ပဲ... ခရီးထွက်ဖြစ်ကြသည်ပေါ့..
အိမ်ကလူကြီးတွေကလည်း တယောက်တည်းသွားမယ်ဆိုတုန်းက အင်တင်ပါတင် လွှတ်ချင်သလိုလို မလွှတ်ချင်သလိုလို.. တားမရလို့ လွှတ်ရတဲ့ပုံမျိုး...
ဒင်းလိုက်ပို့မယ်လည်းဆိုရော.. ၀မ်းသာအားရနဲ့ တော်သေးတာပေါ့ ဘာညာနဲ့....
အဲ့ ဒင်းကလည်း မိဘတွေကို အဲ့လို အပိုင်ပေါင်းထားတော့ တော်ရုံတန်ရုံကိစ္စဆို ဒင်းလွန်တယ်လို့ကို မထင်ကြဘူး....
ဘာရယ်မဟုတ်ပါဘူး.. အထုပ်ထုပ်ရင်း မနှစ်က အဲ့အချိန်လေးကို သတိရမိလို့..
ချစ်သူနဲ့သွားခဲ့တဲ့ နေရာတွေကို ချစ်သူမပါဘဲ ထပ်ရောက်ရမှာကို တွေးကြောက်နေတယ်.. သေလောက်အောင် လွမ်းမိနေမလားဆိုတာကို..
တကယ်ဆို ခုသွားမဲ့နေရာတွေက ချစ်သူမပါဘဲလည်း မရေမတွက်နိုင်အောင် ရောက်ခဲ့ဖူးပြီးသားနေရာတွေလေ..
ကိုယ်ဆိုတာလည်း ..... ဘာမဟုတ်တာလေးကို အစွဲလမ်းကြီးလွန်းတယ်..

Thursday, September 4, 2014

လူဖြစ်ရတဲ့ဒုက္ခ

တခါတလေကျရင် လောကကြီးမှာ ဖြစ်ချင်တာတွေ အရမ်းများနေတော့ စိတ်တွေပါရှုပ်လာတယ်.. (လောကကြီးမှာဆိုတာ ထည့်ပြောနေကျစကားသာဖြစ်ပါတယ်.. ထူးထူးခြားခြား ဆိုလိုချင်တဲ့ အဓိပ္ပါယ်မပါပါ)
ဒီစာကြောင်းကို ချရေးလိုက်တော့လည်း ဖြစ်ချင်တာတွေကသပ်သပ် စိတ်ရှုပ်တာတွေကသပ်သပ် ဖြစ်နေပြန်တယ်.. ဖြစ်ချင်တာတွေကြောင့် စိတ်ရှုပ်နေတာမဟုတ်ပြန်ဘူး...
စိတ်ရှုပ်တယ်ဆိုတာထက် ခုတလော စိတ်မမှန်တာပါ.. ခုတလောလဲ ဟုတ်ချင်မှ ဟုတ်မှာပါ.. တသက်လုံး မမှန်ခဲ့တာလည်း ဖြစ်နိုင်တာပဲ..
တနေ့ရွှေ .. တနေ့ငွေ.. ခုဆီထမင်း.. ခုစာကလေးကြော်.. ဘာတွေဖြစ်နေမှန်းကို မသိဘူး.. မတည်ငြိမ်ဘူး ပြောရအောင်လည်း ကိုယ့်အသက်က မြီးကောင်ပေါက်မဟုတ်ပြန်ဘူး..
စိတ်ရှုပ်တာကို စဉ်းစားကြည့်တော့လည်း ဒီယောကျာ်းယူဖို့ ကိစ္စပဲပေါ့.. ပီးယား ပရက်ရှာ ပြောရမလား ဘာလား.. စကားလုံးကြီးကြီးတွေပေါ့.. ဒီယောကျာ်းကိုပဲ ယူလိုက်ရတော့မှာလား... တသက်လုံးပဲ အပျိုကြီး လုပ်နေရမှာလားဆိုတဲ့ ဟာကို စဉ်းစားမိတယ်... ချစ်သူသာသိရင် စိတ်မကောင်းတာရော စိတ်တိုတာရော အကုန်ဖြစ်ပါလိမ့်မယ်... ဒါပေမဲ့ တကယ်ပဲ စဉ်းစားမိတယ်... ယောကျာ်းယူဖို့ကို တွန့်ဆုတ်စေတဲ့ တခုတည်းသော အကြောင်းရာက ချစ်သူရဲ့ အပေါင်းသင်းမင်တဲ့ စိတ်တခုတည်းကြောင့်ဆိုရင် လူတိုင်းက ကိုယ့်ကို ဘယ့်နှာဂျီးတုန်းဆိုပြီး ကြည့်ကြလိမ့်မယ် ထင်ရဲ့... ဒါပေမဲ့ တကယ်ပါ.... အဲ့တခုကြောင့် ကိုယ့်စိတ်တွေက မတည်မငြိမ်တွေဖြစ်နေတယ်.. ဒီယောကျာ်းကို ယူလိုက်ပြီးမှ ငါဟာ တသက်လုံး စိတ်ချမ်းသာနေရပါ့မလားဆိုပြီး တွေးပူနေတယ်.. အတ္တတွေလည်း သိပ်ကြီးနေမိမှန်း ကိုယ့်ဟာကိုယ် သိပေမဲ့ အဲ့အတ္တတွေကို မလျှော့နိုင်ပြန်ဘူး.. ပိုင်ဆိုင်ချင်စိတ်တွေပဲများနေတယ်..
သူငယ်ချင်းတယောက်ကပြောတယ်.. ဘာပေးနိုင်လဲဆိုတာပဲစဉ်းစားပြီး ဘာမှမမျှော်လင့်ပဲချစ်တာ ပိုအဆင်ပြေလိမ့်မယ်တဲ့.....
ဒါက ကိုယ့်ရဲ့ ယောက်ျားယူချင်တဲ့စိတ်ကိုေ၀၀ါးစေတဲ့ အခြမ်း..
နောက်တခုကတော့ ပျော်ရွှင်နေကြတဲ့ စုံတွဲတွေကို မြင်တော့လည်း ငါတယောက်တည်း အထီးကျန်နေလို့ မဖြစ်ပြန်ဘူးဆိုတဲ့ စိတ်..
နောက် ကိုယ့်ကို အရမ်းချစ် အရမ်းသည်းခံ ကိုယ့်အပေါ် အရမ်းကောင်းတဲ့ချစ်သူကို လက်လွှတ်လိုက်ဖို့မဖြစ်နိုင်ဘူးဆိုတာကလည်း တစိတ်တဒေသ...
ခုလောလောဆယ်ကျတော့လည်း... ကိုယ့်အတွက်နဲ့ ကိစ္စတော်တော်များများကို ပြောင်းလဲပေးခဲ့တဲ့ ချစ်သူဆိုပြီး သတိချပ်မိပြန်ရော....
ကိုယ့်ရင်းနှီးတဲ့သူငယ်ချင်းတွေက ရည်းစားဖြစ်ခါစက သူတို့ကြားရတဲ့ ကိုယ့်ရဲ့ ညည်းချင်းတွေနဲ့ ခုနောက်ပိုင်း ကိုယ်ပြောတဲ့စကားတွေက လုံးဝကွဲပြားနေတော့ အထူးတဆန်းတွေဖြစ်နေကျတယ်.. ကိုယ်ဘယ်လိုတွေလုပ်လို့ ချစ်သူပြောင်းလဲသွားလဲဆိုတာကို တအံ့တသြမေးကြတဲ့အထိကို ချစ်သူက ကိုယ့်အတွက်ပြောင်းလဲပေးနိုင်ခဲ့တယ်......
ကိုယ်မကြိုက်ဘူးဆိုတဲ့ကိစ္စတွေကို ကိုယ့်စိတ်ကြိုက်မဖြစ်တောင် ကိုယ်စိတ်မဆင်းရဲရအောင် အတတ်နိုင်ဆုံး ကြိုးစားပြုပြင်ပေးတယ်...
ပင်ပန်းလွန်းနေတဲ့ချစ်သူကို ဂျီမကျမိအောင် သတိထားပေမဲ့.. ဖျောက်မရတဲ့ကိုယ့်အကျင့်ကြောင့် တခါတလေမှာ ဂျီကျပြီး ဆိုးမိတယ်... အဲ့လိုအခါတွေမှာတောင် ချစ်သူက ကိုယ့်အပေါ်မှာ သည်းခံပြီး ချော့မော့ပြောဆိုရှာတယ်...
မနေ့ကလည်း သူ့သူငယ်ချင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှင်နဲ့ကျမတော့ တသက်လုံးအဆင်ပြေမှာ မဟုတ်ဘူးဆိုတဲ့စကားကို အလိုက်ကန်းဆိုးမသိစွာ ပြောမိတယ်..
တကယ်ဆို ခုတလော ချစ်သူက အလုပ်မှာ အဆင်မပြေလို့ စိတ်ဖိစီးမှုတွေများနေမှန်းသိသိကြီးနဲ့ ကိုယ် အဲ့လို မလုပ်သင့်ပါဘူး.... ဒါကိုလည်း ပြောပြီးဆိုပြီးမှသာ စဉ်းစားမိတယ်.... ကိုယ်ဟာ အတော်ဆိုးပါတယ်.. အဲ့ဒါကိုလည်း ချစ်သူက ကိုယ့်ကို စိတ်လျှော့ဖို့သာ တွင်တွင်ပြောပြီး တစက်လေးတောင် စိတ်မဆိုးရှာဘူး.... နောက်ဆုံးမှသာ ကိုယ့်မှာ အဲ့လိုလုပ်လိုက်မိလို့ စိတ်မကောင်းတွေဖြစ်လို့.....
 နောက်ဆုံးကိုယ်ဆုံးဖြတ်မိတာ ပေါ့ပေါ့နေ ပေါ့ပေါ့စားသင့်တယ်လို့.. ဘာကိုမှ အလေးနက်မထားဘဲနဲ့လေ.. ဒါဟာကိုယ့်စရိုက်ပေါ့... ချစ်သူပြောနေကျအတိုင်းဆို ဖြစ်စေချင်လို့ ပြောတာကတခု နားလည်သွားတာကတခု... စကားပြောရင် အရူးကို စကားပြောသလို.. တခုချင်း ပြောရတယ်..တဲ့..
ထားတော့.. ဒါက စိတ်ရှုပ်နေရတဲ့ အကြောင်းရင်းပေါ့..
ဖြစ်ချင်တာတွေ အရမ်းများတာကလည်း တကြောင်းပေါ့နော်...
ခုလောလောဆယ် ကိုယ့်မှာ မနက် ၇း၃၀ အိမ်ကထွက်ပြီး ၅နာရီမှာ ရုံးဆင်းလို့ရတဲ့ တပတ် ၅ရက် အလုပ်တခုရှိတယ်.. အဲ့ဒါပြီးရင် ကိုယ်လှဖို့ပဖို့ရာ လ့ကျင့်ခန်းကိုလည်း ပြေးလုပ်ချင်သေးတယ်..... (အိမ်မှာဆိုမလုပ်ဖြစ်မဆိုးလို့ gym မှာ ကွကိုယ် ကော်မစ်တန့်ပေးတဲ့အနေနဲ့ ပိုက်ဆံသွင်းထားတယ်... )..
ဒါကို မကျေနပ်သေးဘူး... ၄လ ၀ိတ်လုစ် ပရိုဂရမ်ကိုလည်း စပ်စပ်ဆော့ဆော့ ၀င်လုပ်ချင်သေးတယ်.. အရမ်းကို ပိန်ချင်နေပြီလေ... အဲ့ဒီ့ဟာက တပတ်ကို ၄ရက် ... အဲ့ကအပြန်တွေရယ်.. ကျန်တဲ့ ၃ရက်ရယ်ကို gym သွားမယ်ဆိုတဲ့ ကြီးမားသော ရည်ရွယ်ချက်နဲ့... လောလောဆယ်တော့ ပရိုဂရမ်က မနေ့ကမှ စတာဆိုတော့ ဘယ်လိုလာဦးမလဲမသိ.. ပုံမှန်ကတော့ ရုံးကအပြန် တခါတည်း gym ကိုတန်းသွား.. အိမ်ပြန်ရောက်တော့ ၁၀နာရီထိုးပြီ.... (ဒါက အချိန်တွေပေါမနေဘူးဆိုတာကိုပြောချင်တာ..... ) အရမ်းလှချင်တော့ တခြားအပို လေ့ကျင့်ခန်းလေးတွေကိုတောင် အိမ်မှာ ထပ်လုပ်ချင်သေးတယ်.. (ဒလောက်လုပ်နေတာ အရမ်းလှနေတယ်လို့မထင်ပါနဲ့ ၀မြဲဝဆဲမို့ ကြိုးစားနေတာပါ)..  ပိန်ဖို့ကို လောလောဆယ် နံပါတ်၁နေရာမှာ ထားထားတော့ သင်တန်းတခုတက်ချင်တာကိုတောင် ခဏအောင့်ထားရတယ်.. အဲ့သင်တန်းမှာ ကားပါကင်အဆင်မပြေတော့ တက်ဖို့ အာသီသနဲနဲ လျော့သွားတာလည်း ပါတာပေါ့လေ...  ဒီကြားထဲကမှ ရှိသမျှလူတွေကို တာဝန်ကျေချင်တာ... ကိုယ့်ကိုယ်ကိုရောပေါ့... ပိတ်ရက်လေးမှာ အိပ်ရေးဝအောင် အိပ်ချင်သေးတာ.... အိမ်ကမိဘတွေကို ပိတ်ရက်မှာ တနပ်စာလောက်ဖြစ်ဖြစ် ချက်ပေးချင်တာ..... မလုပ်ဖူးသေးတဲ့မုန့်တွေ ဟင်းတွေ စမ်းချက်ကြည့်ချင်တာ.. ကိုယ်တို့အိမ်နဲ့ အတော်ဝေးဝေးမှာရှိတဲ့နေရာမှာ နေတဲ့ အဖွားဆီကို မှန်မှန်လေး သွားချင်တာ.....  ယောက္ခမအိမ်ဘက်ကိုလည်း တတ်နိုင်သလောက် မကြာခဏဆိုသလို ရောက်ချင်တာ... သူငယ်ချင်းတွေနဲ့လည်း ကြုံရင်ကြုံသလို ဟန်းအောက်ရသေးတာ.... (ဒါလည်း သူငယ်ချင်းစုံအောင် အချိန်မပေးနိုင်လို့ ငြိုငြင်တဲ့သူက ငြိုငြင်ရဲ့) .. တရက်တခေါက်လောက်တော့ မေတ္တာသုတ်လေးရွတ်ချင်သေးတာ (အလွတ်မရလို့ စာအုပ်ကြည့်ရွတ်ရတာမို့ သွားရင်းလာရင်း ရွတ်မရပါ)... မျက်နှာလေး ကြည့်ပျော်ရှုပျော်ဖြစ်အောင် စကင်းကဲလေးတွေအတွက် အချိန်ပေးချင်သေးတာ..... ကောင်းနိုးရာရာ စာအုပ်လေးတွေလည်း ဖတ်ချင်သေးတာ.. (ကိုယ်စာအုပ်မဖတ်ဖြစ်တာ ချစ်သူနဲ့တွဲခဲ့တဲ့ ၃နှစ်တာကာလတခု လောက်ရှိပါတယ်.. အများဆုံးဖတ်ဖြစ်ခဲ့ရင် ၅ အုပ်ထက်မပိုဘူး)... ရုပ်ရှင်ကားလေးတွေ သွားရွေးဝယ်ပြီး အေးအေးဆေးဆေးကြည့်ချင်သေးတာ... ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေချည်းပဲစုပြီး စီဒီလေးတချပ်လုပ်ချင်သေးတာ..... ကိုယ့်အိမ်ကခွေးလေးနဲ့ဆော့ဖို့အချိန်ပေးချင်တာ...
ဒါမျိုးတွေပေါ့.. ဖြစ်ချင်တာတွေချည်းပဲ.. ဒီကြားတဲ ရုတ်တရက်ထထပေါ်လာတဲ့ သာရေး နာရေးမှန်သမျှကို မပျက်ကွက်ချင်တာ...
အကုန်လုံးကို ပြည့်စုံအောင်လိုက်လုပ်ဖို့ဆိုတာ တကယ့်ကိုမလွယ်တာပဲ.... ခုပြောခဲ့တဲ့ လုပ်ချင်တာတွေထဲက တော်တော်များများအတွက် အချိန်လည်းမပေးနိုင်သေးသလို လုပ်လည်း မလုပ်နိုင်သေးဘူး... အိမ်ပြန်ရောက်တိုင်းမှာ ပင်ပန်းပြီး အင်အားမရှိတော့သလိုမျိုးတွေဖြစ်ပြီး ဘာကိုမှ ထမလုပ်နိုင်ဘူး...
ချစ်သူရှိတုန်းကတော့ ကိုယ့်မှာလုပ်ချင်တာ ဘာမှမရှိသလိုပဲ.. ချစ်သူနဲ့ အတူရှိချင်တာကလွဲရင် တခြားဘာမှ မသိသလို.. လောကကြီးတခုလုံးကို မေ့နေခဲ့တာလေ.. ကိုယ်ဖြစ်ချင်တာတွေအကုန်လုံးကို မေ့နေရလောက်အောင်ကို ချစ်သူကို ကိုယ်ချစ်ပါတယ်....
ဘာမှမဟုတ်တဲ့ တကယ့်ကို ရောက်တတ်ရာရာပို့စ်ပါ......

Tuesday, July 29, 2014

ဟော့ပေါ့ နဲ့ ချစ်သူနဲ့ ကျမနဲ့

ဟော့ပေါ့ဆိုတဲ့စားစရာနဲ့ ချစ်သူနဲ့ကျမအကြောင်းပါ....
ဘာအကြောင်းပြောပြော ချစ်သူနဲ့ကတော့ လွတ်မယ်မထင်ပါ....
တရက်မှာ ရုံးကသူငယ်ချင်းတွေနဲ့ ဟော့ပေါ့သွားစားဖြစ်တော့ ချစ်သူကို လွမ်းပါတယ်.. (မဟုတ်လည်းလွမ်းတာပါပဲ)... လွမ်းတာရော.. သတိတွေရနေတာရောပေါ့..
ကျမနဲ့ချစ်သူက အစားစာ ကြိုက်တဲ့ပုံစံချင်းမတူပါဘူး... ချစ်သူစားတတ်တာတွေကို ကျမ မကြိုက်သလို... ကျမ မက်မက်စက်စက်စားတဲ့ဟာတွေကိုလည်း သူကကြိုက်ပုံမရပါဘူး....
ကျမကတော့ ၀သောသူတွေရဲ့ထုံစံအတိုင်း.... အဆီ အဆိမ့် တော်တော်များများကြိုက်ပါတယ်....
ဒီနေရာမှာ ကျမရဲ့ မကောင်းတဲ့အကျင့်လေးတွေလည်း ထည့်ပြောပါဦးမယ်..
ရှေ့မှာလည်း ဂျီးများတဲ့အကြောင်းတွေ ရေးခဲ့ဖူးပြီးပါပြီ.. 
ကျမက အစားကို ကြိုက်သလောက် ဂျီးကလည်း အသေများပါတယ်.. လူမြင်ကတ်စရာကောင်းလောက်အောင်ကို ဇီဇာကြောင်တာပါ... လူအမြင်ကတ်တာပဲ ခံလိုက်မယ်... အကျင့်တော့ မပြင်နိုင်သလို မကောင်းတာလည်း မစားချင်ပါ...
မကောင်းတဲ့ အစာတခုအတွက်နဲ့တော့ ၀ရတာမတန်ဘူးလေ.. ၀တာချင်းတူတူ ကောင်းတာလေးတွေစားပြီး ၀ရတော့ စိတ်ကျေနပ်စရာကောင်းတာပေါ့.... ထားပါတော့.. စကားဆက်ရရင်.. ဇီဇာကြောင်တဲ့အကြောင်း....
ကျမ မလိုင်ကြိုက်တယ်.. ဒါပေမဲ့ ဆိုင်တိုင်းက မလိုင်ကိုမစားဘူး.... မေမြို့ကမလိုင်.. မေမြို့ကဆိုလည်း တဆိုင်တည်းက မလိုင်.. အဲ့ဆိုင်က မဟုတ်ရင် မလိုင်လို့ကို မထင်ရအောင် မစားပါဘူး..... တခါတလေတော့ ရွှေပုစွန်က ရက်စ်မလိုင် ဆိုတဲ့ဟာကို စားဖြစ်တယ်.. အဲ့ဒါကိုတော့ ကြိုက်တယ်... တခြားမလိုင်ဆိုရင် အားနာပါးနာတောင် တကိုက် မကိုက်တတ်ဘူး.....
မုန့်ဟင်းခါး .. အုန်းနို့ခေါက်ဆွဲ.. ကြိုက်တယ်... တပတ် တခါ.. ၂ ပတ်တခါလောက်တော့ စားချင်စိတ်ဖြစ်တတ်တယ်... ဒါပေမဲ့ ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့ မုန့်ဟင်းခါး.. အုန်းနို့ခေါက်ဆွဲဖြစ်နေပါစေ.. အကြော်နဲ့ ငရုတ်သီးမှုန့်မပါရင် လှည့်ကို မကြည့်တော့ဘူး..... စားလည်း မစားတတ်ဘူး.....
သီဟိုစေ့.. ကြိုက်တယ်... တော်တော်များများကို တထိုင်တည်း စားနိုင်တယ်.. ဒါပေမဲ့ ရေခဲမုန့်တို့.. ဒံပေါက်တို့.. ထောပတ်ထမင်းတို့ထဲ ပါလာရင် သေသေချာချာကို ဖယ်ထုတ်တယ်...
ကြက်သွန်.. အသားသုပ်တို့ အရွက်သုပ်တို့ထဲမှာပါရင် စားတယ်... မုန့်တီသုပ်တို့.. အုန်းနို့ခေါက်ဆွဲတို့ထဲမှာ  ပါလာရင် အသေမုန်းပြီး မရမက ဖယ်ပါတယ်......
ဝက်သား.. ၀က်ခေါက်ကင်ဆိုရင် ဘယ်အချိန်မြင်မြင် ငမ်းငမ်းတက်ဖြစ်တယ်.. ဒါပေမဲ့ ဟင်းထဲပါလာတဲ့ ၀က်ခေါက်တို့ ၀က်ဆီတို့ဆို သိပ်မုန်းပါတယ်.... စားလည်း မစားတတ်ဘူး..... ၀က်သားဆိုလည်းကြိုက်ပေမဲ့ ဟင်းအနှစ်နဲ့ချက်ထားတာကို တော်ရုံတန်ရုံ လုံးဝမစားဘူး.....
ရေခဲမုန့်ဆိုလည်း အသေကြိုက်ပေါ့.. ငယ်တုန်းရွယ်တုန်းကဆို ဘူးအကြီးကြီးကို တယောက်တည်းစားတာတို့ ဘာတို့ပေါ့..... ဒါပေမဲ့ ဗမာဖြစ်ရေခဲမုန့်တို့ တော်ရုံတန်ရုံ ရေခဲမုန့်တို့ဆို လုံးဝကို ပစ်ပစ်ခါခါ ဖြစ်ပါတယ်.... (ထူးရေခဲမုန့်ကတော့ ခြွင်းချက်အနေနဲ့စားပါတယ်... ဒါတောင် ချောကလက်တမျိုးတည်း) ...
ချောကလက်လည်း ထို့နည်းတူပါပဲ.. ပိုးစိုးပက်စက်ကြိုက်တဲ့အထဲပါပါတယ်.... ဒါပေမဲ့ ချောကလက်တိုင်းလည်း မစားဘူး... ချောကလက်ကြိုက်တယ်ဆိုပြီး.. တွေ့ကရာချောကလက်ကျွေးတာလောက် စိတ်ညစ်တာမရှိဘူး.. 
အအေး သောက်ရင်လည်း ကြံဖန်ဂျီးများပါတယ်..... ဘယ်လောက်သောက်ချင်နေနေ.. မအေးတဲ့ အအေးကို သည်းခံပြီး မသောက်ဘူး... ရေသောက်ရင်လည်း ထိုနည်းလည်းကောင်းပဲ.. သေလောက်အောင် မငတ်သရွေ့တော့ မအေးတဲ့ရေကို ချော့တိုက်တိုက် ခြောက်တိုက်တိုက်မသောက်ဘူးပေါ့နော်...
စသဖြင့်.. အခုလို ဇီဇာကြောင်တဲ့ကျမနဲ့... ဒေါင်ကျကျ ပြားကျကျနေတတ်တဲ့ ချစ်သူတို့တွေ့တဲ့အခါမှာ... ဒီဟာကလည်း တပြသနာပေါ့..
အဓိကပြောချင်တာက ဟော့ပေါ့.. ကြားကဟာတွေက အပိုတွေထည့်ပြောတာပါ..
အဲ့လိုတော်ရုံတန်ရုံအကြိုက်မတူတဲ့ ၂ယောက်က ဟော့ပေါ့ဆိုရင်တော့ ၂ခါညှိစရာမလိုလောက်အောင် ကြိုက်ကြတယ်.. ဘယ်အချိန်သွားစားစား ဘယ်လောက်စားစား မရိုးကြဘူး..
သူများတွေက ဟော့ပေါ့ဆိုတာ လူအများနဲ့စားမှတန်တာတို့ ပျော်စရာကောင်းတာတို့ပြောကြပေမဲ့... ကျမကတော့ ချစ်သူနဲ့ ၂ယောက်ထဲ စားရတဲ့ ဟော့ပေါ့ကသာလျှင် အကောင်းဆုံးလို့ထင်တာပါ.. လူအများနဲ့ စားတဲ့အခါ ကိုယ်မကြိုက်တာတွေလည်း အိုးထဲပါနေတယ်လေ.. ညှီတတ်တဲ့ဟာမျိုး အနံ့ပြင်းတဲ့အရွက်မျိုးတွေပါလာရင် စားရတာ ဖီးလ်ကွေးပါတယ်.. ၂ယောက်တည်းဆိုတော့ အဲ့လိုဟာတွေ သူစားချင်နေဦးတော့ အနိုင်ကျင့်ပြီး မထည့်နဲ့လို့ ပြောလို့ရတာမျိုးလေ.. အဲ့လိုပြောစရာမလိုလောက်အောင်ကိုလည်း ဟော့ပေါ့စားရင်တော့ တက်ညီလက်ညီရှိကြတယ်..
ဟော့ပေါ့ကြိုက်တော့ ဟော့ပေါ့ဆိုင်တွေ ပေါ်သမျှ လိုက်စားကြည့်ကြပေမဲ့ ရွှေကောင်းလောက်ကို ဘယ်ဆိုင်ကိုမှမကြိုက်ဘူး.. အဲ့တော့ အမြဲလိုလို ရွှေကောင်းမှာပဲစားဖြစ်တယ်..
အသားလွှာ ၁ပွဲရယ်.. အရွက်တွေရယ်ဆို ပြည့်စုံပြီ.. တခြားဟာတွေကို မစားဖြစ်ဘူး.... ချစ်သူကတော့ ကြာစွယ်ကို ၃-၄ ပွဲလောက် တယောက်တည်း စားတတ်တယ်.. ကျမကတော့ အရွက်တွေပေါ့.. ပဲရွက်နဲ့ ဂေါ်ရခါးရွက်က ၂ယောက်လုံးအကြိုက်...  မုန်ညင်းရွက် ၃-၄ မျိုးလောက်နဲ့စားကြတယ်..
အဲ့လို ညှိစရာမလိုအောင်အကြိုက်တူနေတဲ့အချိန်မှာတောင်.. အဲ့တခုထဲကို သဘောထားကွဲလွဲကြသေးတယ်.. ချစ်သူက ဘယ်ဟာကိုမဆို.. အရည်ကဆူနေတာဖြစ်တဲ့အတွက် ခဏစိမ်လိုက်ရင် ကျက်ပြီ စားလို့ရပြီဆိုပြီး စားတယ်.. ကျမက ပွက်နေတဲ့အထဲထည့်လိုက်ပြီး နောက်တခါ ပြန်ပွက်လာမှသာ ကျက်တယ်လို့ဆိုပြီး အကြာကြီးစောင့်ပြီးမှ စားတယ်.. ဒါက ပြသနာတော့သိပ်မဟုတ်ဘူးဆိုပေမဲ့ အသားတွေထည့်လိုက်... သူက ကျက်ပြီဆိုပြီးစား.. ကျမက နောက်မှစားဆိုတော့ ကျမက စားရတာပဲနဲသလိုလိုနဲ့ စမန်တွေခုတ်ကြပေါ့...
အဲ့လိုနဲ့ ချစ်သူမသွားခင် နောက်ဆုံးတခေါက် သွားစားဖြစ်တော့ အဲ့လိုတွေ စမန်မခုတ်ကြရအောင်ဆိုပြီး .. အသားပန်းကန်ကို တ၀က်ခွဲလိုက်ပြီး ကိုယ့်ဘက်ကဟာကိုယ်စားဆိုပြီး ၂ဦးသဘောတူခွဲလိုက်ကြတာပေါ့.... ဒီလိုနဲ့စားနေရင်း မကြာခဏဆိုသလို ချစ်သူက စားမကောင်းဘူးလားဆိုပြီး မေးပါတယ်.. ကျမကလည်း ကောင်းပါတယ် စားနေတယ်လေဆိုပြီး ဒီတိုင်းပဲ ပြန်ဖြေတယ်.. အပြန်လမ်းကျတော့ ချစ်သူကပြောတယ်.. ဒီတခါ ဟော့ပေါ့စားရတာ တခုခုလိုနေတယ်တဲ့... ဘာမှန်းမသိဘူးတဲ့.. အိမ်ရောက်တော့မှ သူ ထပ်ပြောတယ်.. ခါတိုင်းလို လုမစားရလို့တဲ့ စားလို့ကောင်းတယ်လို့ကို မထင်ဘူးဆိုပြီး.... အဲ့တော့မှ ကျမလည်း သေချာစဉ်းစားကြည့်တော့ .. ခါတိုင်းဆို လုလိုက် ရန်ဖြစ်လိုက်နဲ့ ဆူဆူညံညံနဲ့ပေါ့.. အဲ့တခါကတော့ သူကလည်း သူ့ဟာသူစား.. ကိုယ်ကလည်း ကိုယ့်ဝေစုလေးကိုယ်စားနဲ့.. တိတ်ဆိတ်နေတော့ .. ချစ်သူပြောတာ ဟုတ်တယ်ပေါ့..
တကယ်တော့ ဘယ်အရာမဆို ၂ယောက်အတူတူ တက်ညီလက်ညီရှိမှသာ ပျော်ဖို့ကောင်းတာပါ.. ဟော့ပေါ့တင်မကဘူး.. ရုပ်ရှင်ကြည့်တာတောင် ၂ယောက်လုံးကြည့်ချင်တဲ့ ကားမျိုး ကြည့်ရမှသာ ပျော်စရာကောင်းတာမျိုး.... တယောက်ကြည့်ချင်တာကို တခြားတယောက်က မကြိုက်ဘဲ လိုက်ကြည့်ပေးရရင်တောင် စိတ်ထဲမှာ သိပ်ဘ၀င်မကျချင်ဘူး.. ကျမကြည့်ချင်တာကို သူ့ကို အတင်းကြည့်ခိုင်းရရင်တောင် ၂ယောက်အတူတူဆိုတာမျိုးကို မခံစားရတော့သလိုလို.. ပိုတာပဲဖြစ်မှာပါ.. ခပ်ပိုပိုတွေပဲ ပြောတတ်လုပ်တတ်တဲ့သူဆိုတော့..
ဘယ်လိုပဲဖြစ်ဖြစ်.. ကျမအတွက်တော့ ချစ်သူနဲ့အတူရှိရတဲ့ဘ၀ကသာလျှင် ပိုကောင်းတာပါ.. စကားကို အကုန်တော့မပြောချင်တဲ့အတွက်.. အခုလောလောဆယ်လို့ ထည့်ပြောပါရစေ.. ခုလောလောဆယ်တော့ တယောက်တည်း နေရတဲ့အချိန်တွေက ချစ်သူနဲ့နေရတာလောက်မသာယာပါဘူး.. ဘယ်လောက်ပဲ ကိုယ်လုပ်ချင်တာတွေကို အဆူအပူကင်းပြီး လုပ်ချင်တိုင်းလုပ်နေရပေမဲ့ တကယ်မပျော်ဘူး... စားချင်တာတွေ စားချင်တဲ့အချိန်မှာ စားချင်သလောက် ပြောမဲ့ဆိုမဲ့သူမရှိဘဲ စားနိုင်နေပေမဲ့ အဲ့ဒါ ပျော်ရွှင်မှုမဟုတ်ဘူး..... လောလောဆယ်အတွက်တော့ Two is better than one ဆိုတာ ကျမအတွက် အတော်မှန်တဲ့စကားလေးပါပဲ..
ဘာရယ်မဟုတ်ပါဘူး.. ထုံးစံအတိုင်း ချစ်သူကို လွမ်းတဲ့ လွမ်းချင်းပါပဲ..


Sunday, June 8, 2014

ညည်းချင်း

ချစ်သူမရှိတဲ့ ဘ၀က ခက်ခဲလွန်းပါတယ်..
အသက် ၂၂ နှစ်လုံးလုံး ချစ်သူမရှိဘဲ ဘယ်လို အသက်ရှင် ရပ်တည်ခဲ့လဲ ဆိုတာကို ခပ်မေ့ချင်ချင်ပါပဲ..
စဉ်းစားလို့တောင် မရဘူး...
ချစ်သူ ဖျက်ထားတဲ့ အကျင့်တွေကြားထဲမှာ ရှင်သန်နေထိုင်ရတာ တော့်တော့်ကို ခက်ခဲပါတယ်...
မနက်အိပ်ယာနိုးရင် စားဖို့သောက်ဖို့ ပူပန်ရတယ်.. အရင်က ကိုယ်စားဖို့ကို ချစ်သူက ကြားထဲက ၀င်ပူပန်ပေးတယ်..
ရုံးကို စောစောမရောက်မှာ ပူရတယ်.. ကားပါကင်မရမှာစိုးလို့...  ၇း၃၀ လောက်ထိပေကပ်ပြီး အိပ်နေကျကို အခုဆို ၆နာရီမှာ အလူးလဲထရတယ်..  အရင်က ချစ်သူလိုက်ပို့ပေးတာကို အေးအေးဆေးဆေး ထိုင်စီးရတယ်... (ကားကျပ်လွန်းလို့ စောစောထပါဆိုတဲ့ ချစ်သူ့စကားကို ဘယ်တော့မှ နားမထောင်.. ချော့ပြောမရ ခြောက်ပြောမရတော့ နောက်ပိုင်း လက်လျှော့သွားတဲ့အထိကို ဆိုးတယ်)
ညနေရုံးပြန်ရင် မိုးရွာမှာ လမ်းမှာ ကားတခုခုဖြစ်မှာ ပူပန်ရတယ်.. မိုးရွာနေရင် မတိတ်မချင်း ရုံးမှာ ထိုင်စောင့်ရတယ်.. အရင်က မိုးရွာရွာနေပူပူ ချစ်သူ အချိန်မှန်လာကြိုတယ်..
(ချစ်သူကပြောပါတယ်... ခုဆို ညနေ ၄-၅နာရီလောက်ဆို... အကျင့်ပါပြီး ရုံးလာကြိုဖို့ ကားသော့ လိုက်ရှာနေမိတယ်တဲ့..  ကိုယ်ကိုယ်တိုင်ကလည်း ညနေဆို ချစ်သူလာတော့မလားဆိုပြီး ယောင်ယောင်ပြီး ဖုန်းကို ထိုင်ကြည့်နေမိတယ်.. :(   )
အိမ်အပြန်လမ်း မီးပွိုင့်တွေက ကြာလွန်းတယ်.. ချစ်သူနဲ့တုန်းက ရန်ဖြစ်ရင်ဖြစ်.. မဖြစ်ရင်လည်း စကားတွေဖောင်ဖွဲ့နေရလို့ ဘယ်တုန်းကမှ ကြာတယ်လို့ မထင်ဖူးဘူး......
ဈေးဝယ်ထွက်ရင် ပစ္စည်းတွေ အရမ်းလေးသွားမလားဆိုပြီး တချို့ပစ္စည်းတွေ လိုရဲ့သားနဲ့ မ၀ယ်မိဘူး... အရင်က ချစ်သူက အကုန်ဝိုင်းသယ်ပေးတော့ ဈေးဝယ်ရတဲ့အမှုက အဲ့လောက်ခက်ခဲတယ်လို့ တခါမှ မထင်ထားခဲ့ဘူး... ခုတော့ ပစ္စည်းတွေအပြည့်နဲ့ ကားနားရောက်တာတောင် ကားတံခါးဖွင့်ဖို့ ခက်ခဲလွန်းတယ်.....
ကားပျက်နေရင် ပြင်ဖို့ကို ပိတ်ရက်ရောက်တဲ့အထိစောင့်ရတယ်..... အရင်က ချစ်သူကပဲ တနေကုန် တနေခန်း ကားသွားပြင်ပေးတယ်...
ရုံးဖွင့်ရက်တွေဆို ကားမစစ်နိုင်လို့.. ပိတ်ရက် အပြင်သွားခါနီး လှတပတ ၀တ်ဆင်ပြီးသားနဲ့ ကားစက်ဖုံးဖွင့်ပြီး ဆီ ရေ စစ်နိုင်တယ်.. တခါတခါ စက်ဂျီးတွေ ပေပြီး အပြင်ရောက်သွားတယ်... အရင်က ဒါမျိုးတွေဆိုတာ ပူရကောင်းမှန်းသိခဲ့တာမဟုတ်ဘူး......
ခုဆို သွားချင်တဲ့ နေရာတိုင်းကို မသွားနိုင်.. ပါကင်မှ ရပါ့မလား.. ရရင်ရော ပါကင်ထိုးဖို့ အဆင်ပြေပါ့မလား ပူပန်ပြီး နေရာတကာ မသွားရဲဘူး... အရင်က ဘယ်လောက်ကျပ်တဲ့နေရာဖြစ်ဖြစ် ချစ်သူကို ပို့ခိုင်းတယ်..
ကားပါကင်ခက်လွန်းလို့ Junction square လိုနေရာကို မသွားပါနဲ့လို့ ချစ်သူက တောင်းပန်တာတောင် အတင်းအဓမ္မ ဂျီကျပြီး ပို့ခိုင်းတတ်တယ်..
ငှက်ပျောသီး အခွံနွှာစားရတာတောင် ခက်ခဲလွန်းတယ် ထင်ရအောင် ချစ်သူက အစစအရာအရာ လိုက်လုပ်ပေးခဲ့တော့ ကိုယ့်အားကိုယ်ကိုးပြီး နေရတဲ့အခါ လောကကြီးက မသာယာတော့ပါဘူး...
အဲ့လောက် သူများအပေါ် မှီခိုနေရမယ်လို့လည်း တသက်လုံး မစဉ်းစားဖူးဘူး.....
ခုတော့ ကိုယ့်ဟာကိုယ်ပဲ အပြစ်တင်ရမှာပေါ့..... ကိုယ်မဟုတ်တဲ့ အခြားလူတယောက်အပေါ် ကိုယ့်ရဲ့ရပ်တည်မှု ကိုယ်ရဲ့ ပျော်ရွှင်မှုအားလုံးကို တည်မှီလိုက်တဲ့အတွက်....
ချစ်သူက သူစိမ်းတွေကြားထဲမှာ နေရတဲ့အတွက် သူလွမ်းတာက ပိုပါသတဲ့...
ကိုယ်ကတော့ နေရာတိုင်း အရာရာတိုင်းက ချစ်သူ အငွေ့အသက်တွေပဲမို့ ကိုယ်လွမ်းတာက ပိုပါတယ်လို့ပြောပါတယ်.....
အိပ်ယာနိုးတော့လွမ်း....
သွားရင်းလာရင်းလွမ်း....
စားရင်းသောက်ရင်းလွမ်း...
မိုးရွာတော့လွမ်း..
မီးပျက်တော့လွမ်း..
ဟင်းချက်ရင်လည်းလွမ်း..
အိပ်ခါနီးလွမ်း....
အိပ်မက်ထဲမှာ လွမ်း....
ပိုတယ်ပြောချင်ပြော.. အဲ့ထက်ကိုပိုလွမ်းပါတယ်......


Monday, May 26, 2014

ရည်းစားပူ

လာပါဦးမည်.. ချစ်သူ့အကြောင်း...း)
အရင်ပို့စ်တွေမှာ ရေးခဲ့တဲ့အတိုင်း ချစ်သူက ဘာမဆို လိုက်လုပ်ပေးလေ့ရှိပါတယ်....
သေးသေးကွေးကွေး ပုစိပေါက်စကိစ္စကအစ ချစ်သူပါမှ ပြီးပါတယ်.... လက်သည်းခြေသည်းကို ကိုယ့်ဟာကိုယ် မညှပ်တတ်ဘူး ဆိုတဲ့အမှုနဲ့အစပြုပြီး လက်သည်းခြေသည်းညှပ်တာက အစ ချစ်သူက လုပ်ပေးပါတယ်.. တခါတလေ ဆိုင်လိုက်ပို့ပေးပြီး များသောအားဖြင့်တော့ သူပဲ လုပ်ပေးတတ်တယ်...
မနက် ရုံးလိုက်ပို့.. မနက်စာကျွေးတဲ့ တာဝန်နဲ့.. ညနေရုံးလာကြိုတဲ့တာဝန်ကိုလည်း သူပဲယူထားပါတယ်..
အရင့်အရင် ရုံးနေရာတွေက အိမ်နဲ့ သိပ်မဝေးလှတော့ ကိုယ့်ဟာကိုယ် ကြုံသလိုသွားနေရင်းကနေ.. အိမ်နဲ့ ဝေးတဲ့နေရာမှာ လုပ်ရတော့ ကြိုတဲ့ပို့တဲ့ အလုပ်တခုပိုပါတယ်..... ၉ လလောက်ရှိပြီပေါ့.. အစကတော့ ဖခမည်းတော်က တာဝန်ယူထားပြီး နောက်ပိုင်း ခဏခဏခရီးထွက်တာ စိတ်လာတော့ ဒီဂျူတီက ချစ်သူဆီ လုံးလုံးရောက်သွားပါတယ်.... ကျမကလည်း တက်စီငှားစီးရင်ဖြစ်ရဲ့သားနဲ့ ကားငှားရခက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဂျီကျပါတယ်.. (တကယ်လည်း ငှားရခက်ပါတယ်)..
ဒါကရုံးကြိုရုံးပို့..
ဒါတင်ပဲလားဆိုတော့... မဟုတ်ပါဘူး.. ပိတ်ရက်မှာ.. ဒါမှမဟုတ် ညနေဘက်တွေမှာ သွားချင်သမျှနေရာတိုင်းကို လိုက်ပို့တာ.. စားချင်သမျှလိုက်ကျွေးတာလည်း ချစ်သူပါပဲ.. စီးတီးမတ်မှာ ဈေးဝယ်တာ.. တခါတလေ.. ဖိနပ်.. အိတ် အစရှိသည်ဝယ်တာကို လည်း မညီးမညူလိုက်ရပါတယ်.. (ဖိနပ်တို့ အိတ်တို့ ၀ယ်ရင် ဂျီးများတတ်လွန်းလို့ ၃နေရာလောက် မရောက်ဘဲနဲ့ မပြီးတတ်ပါဘူး)
နယ်က သူငယ်ချင်းတွေလာလို့ သွားတွေ့တာမျိုးဆိုလည်း ဘေးနားမှာ ငုတ်တုတ်လိုက်စောင့်ခိုင်းတတ်ပါသေးတယ်..
မင်္ဂလာဆောင်ဆိုလည်း ထိုနည်းလည်းကောင်း... အတူတူလိုက်ခိုင်းတာမျိုးရှိသလို... လိုက်ပို့ပြီး ဟိုတယ်မှာဆိုလည်း လော်ဘီမှာ ထိုင်စောင့်ခိုင်းတာမျိုးလည်းရှိတယ်.. 
နောက်ပိုင်း ချစ်သူက အလိုလိုက်တော့...... ချစ်သူကို ပိတ်ရက်ဆို ဘယ်မှ မလွှတ်တော့ပါဘူး..
ဘယ်သူငယ်ချင်းနဲ့မှ မသွားခိုင်းဘဲ ပိတ်ရက်မှာ ကျမနဲ့ပဲနေရမယ်ဆိုတဲ့ rule နဲ့ အနားမှာပဲခေါ်ထားပါတယ်...
ွှအဲ့တော့ တောက်တိုမယ်ရ ချစ်သူက အကုန်လုပ်ပေးရပါတယ်.. တခါတရံ စိတ်လိုလက်ရ ၂ယောက်သားဟင်းချက်စားမယ်ဆိုလည်း.. ကိုယ်က အမည်ခံ.. ချစ်သူပဲ ချက်ပါတယ်.. စားပြီးသောက်ပြီးလို့ ဆေးကြောစရာများနေလည်း ကူဆေးပေးပါသေးတယ်....
အသီးခွာတယ် ဘာညာဆိုလည်း ကိုယ်လုပ်တာ သဘောမကျလို့ သူပဲလုပ်ပေးပါတယ်..
ကော်ဖီဆိုလည်း ချစ်သူဖျော်တာမှကောင်းတယ်.. ချစ်သူဖျော်တာပဲ သောက်ချင်တယ်ဆိုပြီး ဂျီတော့.. ချစ်သူပဲဖျော်ပေးပါတယ်....
အိမ်ကခွေးလေး သွာျးေကျာင်းဖို့ အိမ်က ခိုင်းရင်လည်း ချစ်သူကို အပါခေါ်ပြီးကျောင်းပါတယ်....
(ခွေး ၂ကောင် ကျောင်းရတယ်လို့ ချစ်သူကပြောပါတယ်... ကျမကိုပါ အတင်းဆွဲပြီး လမ်းလျှောက်ခိုင်းရလို့ပါ)..
ကားမောင်းသင်တာကစလို့.. ကျွမ်းကျွမ်းကျင်မောင်းတတ် ပါကင်ထိုးတတ်အောင် သင်ပေးတာလည်း ချစ်သူပါပဲ.. လိုင်စင်ရဖို့ ၄-၅-၆ရက် လိုင်စင်ရုံးလိုက်ပို့ပေးရတာလည်း ချစ်သူပါပဲ..
အဲ့လို အစစအရာရာ လိုက်လုပ်ပေးတတ်တဲ့ ချစ်သူက တနယ်ရပ်ခြားမှာ အလုပ်လုပ်ဖို့ အချိန်ကျလာတော့ ရူးမလိုလိုဖြစ်သွားပါတယ်.. ငါဘယ်လိုနေခဲ့ရမလဲဆိုပြီး....
ဒါပေမဲ့ ဒီလိုပဲ အဆင်ပြေသွားလိမ့်မယ်လို့ တွေးထင်ထားခဲ့ပါတယ်.. ချစ်သူမရှိမှ ချစ်သူ မကြိုက်တာတွေလုပ်မယ်ဆိုတဲ့ အတွေးဆိုးတွေလည်း တွေးပါတယ်... (လက်သည်းရှည်ထားတာ.... ၀စေသော အစာတွေ နင်းကန်စားတာကိုပြောတာပါ)...
ဒီလိုနဲ့ သွားရတော့မယ်ဆိုပြီး နေ့ရွှေ့ညရွေ့ဖြစ်လာရင်းနဲ့ .. တကယ်လည်း သွားရတော့မယ်ဆိုပြီး ဖြစ်လာတော့..... ၂ပတ်လောက်အလိုကစပြီး တငိုငို တရီရီလုပ်ပါတယ်...
ချစ်သူကတော့ အမျိုးစုံချော့ရတာပေါ့....
ပြောရင်းနဲ့ ကျန်သွားတာက.. ဒီလောက်အလိုလိုက် .. နေရာတကာ အလျှော့ပေး လိုက်လုပ်ပေးနေတဲ့ကြားထဲကနေ... ကျမက ကိစ္စမျိုးစုံကို ပြသနာရှာပြီး ရန်ဖြစ်ပါသေးတယ်.. နေ့တိုင်းလိုလို ကိစ္စတခုမဟုတ် တခုနဲ့ ရန်ဖြစ်ကြပါသေးတယ်...
ဒီလိုနဲ့ မနက်ဖြန်လို သွားမယ်ဆိုတာကို ဒီနေ့လိုညမှာ ရန်ဖြစ်ကြတုန်းပါ.. လေဆိပ်ကို ကျမတယောက်တည်းပဲ ပို့ချင်ပါတယ်ဆိုတာကို သူငယ်ချင်းတွေခေါ်မယ်ဆိုတဲ့ အမှုနဲ့ပါ... ထုံးစံအတိုင်းနောက်ဆုံးတော့လည်း ချစ်သူကပဲလျှော့ပါတယ်..... အဲ့ဒါကိုလည်း လျှော့တဲ့မျက်နှာက ပြေပြေလည်လည် မဟုတ်ဘူးဆိုပြီး ပြသနာထပ်ရှာရင်း အတော်ကြာပါတယ်... သွားရမဲ့ရက်မှာတော့ စကားလည်းကောင်းကောင်း မပြောနိုင်တော့ပါဘူး.... ဖုန်းဆက်နော် .. မေ့မသွားနဲ့နော်ဆိုတဲ့ ရောက်မိရောက်ရာ စကားတွေပြောရင်း လေဆိပ်မှာ ငိုလိုက် ယိုလိုက်နဲ့ လိုက်ပို့ပါတယ်..
ပြောချင်တာက ခုမှစတာ...
အဲ့ဒီ့လေဆိပ်က ပြန်လာထဲက ငိုလိုက်တဲ့ အငိုဟာ အဲ့တညလုံးလဲ တိတ်မရဘူး.... နောက်နေ့တွေလည်း ရုံးတက်နေရပေမဲ့ ငိုချင်လာလိုက် အိမ်သာထဲဝင်ငိုလိုက်.. စားပွဲမှာ မသိမသာ မျက်ရည်သုတ်လိုက်နဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ပါတယ်... လေယာဉ် ၃ ဆင့်စီးရတော့ wifi ရတဲ့နေရာကနေ ချစ်သူက ဆက်သွယ်ပါတယ်... ချစ်သူအသံကြားတော့ ငိုလိုက် ရီလိုက်ပါပဲ..
ဒီနေ့ဟာ ချစ်သူမရှိတဲ့ ၅ ရက်မြောက်နေ့ပါ..... ၃နှစ်လောက် အတူတူနီးပါးရှိခဲ့တဲ့ချစ်သူနဲ့ ဒီလိုမျိုးခွဲရတာ ဘယ်လိုမှ မသက်သာပါဘူး.... တခြားလူတွေတော့ ဘယ်လိုနေမလဲ မတွေးတတ်ပေမဲ့.. ပိုတယ်ကဲတယ် ပြောချင်ပြော.. ခုထိငိုတုန်းပါ.... ထမင်းလည်း ကောင်းကောင်းမစားနိုင်ပါဘူး.. နေ့ခင်းနေ့လည်း ရုံးမှာ အဖော်အပေါင်းနဲ့ စားလို့ ၀င်တာကလွဲရင် အိမ်ပြန်ရောက်ရင် စားချင်စိတ်လည်း မရှိပါဘူး....
လူတယောက်ပေါ်မှာ အရာရာမှီခိုမိတဲ့ အကျိုးအပြစ်ကတော့ ဒါပါပဲ..
ရူးတော့မလိုလို နှမ်းတော့မလိုလိုဖြစ်ပြီး... အလုပ်လုပ်တဲ့ ချစ်သူကိုလည်း မျိုးစုံ ဂျီကျ.. စိတ်မချမ်းသာအောင်လုပ်... ချစ်သူခမျာ ပင်ပန်းရတဲ့ကြားတဲ့ မကောင်းတဲ့ကွန်နက်ရှင်နဲ့ ကျမကို နည်းမျိုးစုံနဲ့ ချော့ရ စကားတွေ အများကြီးပြောရနဲ့....

တကယ်တော့ ကိုယ်စိတ်ဆင်းရဲသလို.. အဲ့ဒါတွေ မြင်ရကြားရတဲ့ ချစ်သူလည်း စိတ်ချမ်းသာမှာ မဟုတ်ပါဘူး...
ဒါပေမဲ့လည်းလေ.. ကလေးဆန်တယ်ပြောချင်ပြော.. ခုချိန်ထိ စိတ်ကို ဘယ်လိုပြင်ဆင်ပြီးနေရမယ်ဆိုတာ မသိသေးပါဘူး...... ချစ်သူကိုလည်း စသွားတည်းက မရောက်သေးဘူး.. လမ်းခုလတ်မှာတင် ပြန်လာခဲ့ဖို့ ခေါ်ပြီးပြီ... နောက်လည်း မလွှတ်တော့ဘူးလို့ တကိုယ်ကောင်းဆန်စွာ ပြောပြီးပြီ... 



Thursday, May 15, 2014

ကျမ ချစ်သူ

မနေ့ညက မင်္ဂလာဆောင်သွားဖို့ ချုပ်ထားတဲ့ အကျီင်္လေးရလို့ သွားရွေးရတယ်..
စပ်စပ်ဆော့ဆော့နဲ့ ဒီဇိုင်နာ တယောက်ဆီမှာ အပ်မိတော့ သူ့ဆီကို ၄-၅ ကြိမ်လောက်သွားရတယ်..
အစပေးရင်း ကိုယ်တိုင်းယူဖို့ တခါ... သူဒီဇိုင်းဆွဲပြီးတော့ ဒီဇိုင်းရွေးဖို့ တခါ.. fitting အတွက် ၂ ခါ.. (ပုံမှန်ဆိုရင်တော့ ၁ခါပေါ့ .. ပထမတခါက လုံးဝအဆင်မပြေတော့ ၂ခါ ဖြစ်သွားတယ်..) နောက်ဆုံး ရွေးတော့ တခါ.. စုစုပေါင်း.. ၅ ခါပေါ့... တခါတခါ ကြာတာကလည်း နာရီဝက်ကနေ ၁နာရီလောက်ကြာတတ်တယ်... 
၅ခါလုံး ချစ်သူကိုယ်တိုင် မညီးမညူလိုက်ပို့ပေးပါတယ်... ဒီတိုင်းနေတော့ ချစ်သူက ဒါမျိုးတွေ လုပ်ပေးနေကျဆိုတော့ သိပ်မသိပါဘူး... အခြားလူ တယောက်က ဘေးကကြည့်တဲ့ အမြင်နဲ့ပြောလိုက်မှ သိသလိုလို ဖြစ်သွားတတ်တာ ကျမရဲ့ မကောင်းတဲ့ အကျင့်ပါ...  (ကောင်းတဲ့ အကျင့်ကလည်း ခပ်ရှားရှားကိုး) .. အကျီင်္ချုပ်ပေးတဲ့ အမက .. မနေ့ညကချစ်သူကိုပြောလိုက်ပါတယ်.. " အရမ်း စိတ်ရှည်တယ်နော်.. အမြဲလိုက်စောင့်ပေးတယ်" ဆိုပြီး...  ကျေနပ်လိုက်တာဆိုတာ.. အတိုင်းထက်အလွန်ပါပဲ.. အစစ အရာရာ လိုက်လုပ်ပေးလွန်းလို့.. မသိတဲ့လူတွေကဆို.. အမျိုးသားလား.. အိမ်ထောင်ကျပြီးပြီလား မေးကြပါတယ်...  သွားနေကျ spa ကဆိုလည်း အဲ့လိုပဲမေးပါတယ်.. ချစ်သူက ဘာမှလုပ်တာ မဟုတ်ဘဲ ကျမအတွက်ကို အမြဲလိုလို ငုတ်တုတ်လိုက်စောင့်ပေးလို့ပါ.......
 ဒါမျိုးကိစ္စတွေကို တော်ရုံတန်ရုံ ယောကျာ်းတယောက်က သူ့ချစ်သူ သူ့မိန်းမကို လိုက်လုပ်ပေးမယ်မထင်လို့ပါ... ကျမကိုယ်ကျမတော့ ရပိုင်ခွင့်လို့ထင်နေပေမဲ့.. အဲ့လို ဘေးလူတွေရဲ့ပြောစကားတွေကြောင့် ဒါဟာ လူတိုင်းရနေတဲ့ အခွင့်ရေးမဟုတ်ဘူးဆိုတာ သိလာရတယ်.. 
မိဘတွေကလည်း အမြဲတမ်းလိုလို ပြောတတ်တယ်... "နင့်အပေါ်ဒီလောက်သည်းခံ.. ဒီလောက်လိုက်လုပ်ပေးတာ.. ဒီလိုလူမျိုး ထပ်တွေ့မှာမဟုတ်ဘူး.. ကောင်းကောင်းဆက်ဆံ .. မဆိုးနဲ့ " ဆိုပြီး...
ချစ်စခင်စ ကြင်နာစမို့ မဟုတ်ပါဘူး... ချစ်သူသက်တမ်း ၃ နှစ်ပြည့်တော့မှာပါ.. နောင် နှစ်ပေါင်းများစွာမှာ ဘယ်လိုဖြစ်လာဦးမလဲဆိုတာ မသိပေမဲ့ .. ခုလောလောဆယ်.. ခုလို အချိန်လေးတွေကို အရမ်းကျေနပ်ပါတယ်..  ချစ်သူကို ကျေးဇူးလည်းတင်ပါတယ်.. ချစ်သူ့အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ဆိုတော့ ဆက်ရန်များစွာ ရှိပါသေးတယ်.. 

Monday, April 21, 2014

နေပျော်ပျော်

တခါတခါတော့လည်း ကိုယ့်ကိုသိပ်ချစ်တဲ့ချစ်သူတယောက်ရှိပါလားဆိုတာကို နက်နက်နဲနဲ ခံစားမိတယ်…
မနက်က ရှမ်းခေါက်ဆွဲစားချင်တယ်ဆိုလို့ ရုံးပို့ရင်း ရှမ်းခေါက်ဆွဲဆိုင်သွားတယ်.. ဆိုင်ကပိတ်တယ်… အဲ့တော့ တခြားဘယ်ဆိုင်မှာ ရှမ်းခေါက်ဆွဲ ရဦးမလဲဆိုပြီး ချစ်သူက အသံထွက်စဉ်းစားတယ်..
"မစားဘူး.. မစားဘူး.. တခြားဆိုင်က ရှမ်းခေါက်ဆွဲကို မစားချင်ဘူး…" ဆိုပီး… အသံသေး အသံကြောင်နဲ့ အော်မြည်တော့ ချစ်သူခမျာ ကဲ.. အဲ့ဒါဆိုလည်း ဘာစားမလဲဆိုပြီးမေးရှာတယ်…
ဒီနားမှာ ဘရိတ်ဖတ် ဆိုပီးရေးထားတဲ့ဆိုင်ရှိတယ် … စားမလားတဲ့…
အသံမထွက်ဘူး… ဆိုင်မှ မမြင်ရသေးတာလေ… ဆိုင်ရှေ့ရောက်တယ်.. ကြည့်တယ်… သေသေချာချာကြည့်တယ်.. ချစ်သူက ထပ်မေးတယ်… စားမှာလား ကြိုပြောနော်.. ကားရပ်ရမှာ..
အသံမထွက်ဘူး.. အင်တင်ပါတင်လုပ်တယ်… ဆိုင်ကိုကျော်သွားတယ်..
ထပ်မေးတယ် .. ဘာစားမှာလဲ…
"အန်တီခင် စားမလား" (အန်တီခင်= ခင့်လက်ရာ မုန့်တီ)… "စိန်ပန်းခိုင်ရော…" (အနီးနားမှာရှိတဲ့ဆိုင်တွေ ရွတ်ပြတာ)
"မစားချင်ပါဘူးဆို…"
ကမ္ဘာအေးဘုရားလမ်းပေါ်ရောက်တယ်… "သည်းလေးဘာစားမှာလဲ.. ဒီဘက်ကသွားပေးရမလား.. ဂမုန်းပွင့်နားကဖြတ်ပေးရမလား.."
မဖြေ.. အသံမထွက်.. "အင်း .. အဲ.. မသိဘူး.."
ဂမုန်းပွင့်နားရောက်တယ်… မုန့်ဟင်းခါးဆိုင်တွေ့တယ်… "စားမလား…"
မဖြေ..
"ဂန္ဒမာ ဟိုးလ်ဆေးလ် ထဲမှာ ဘာဆိုင်လဲမသိဘူး ရှိတယ်.. သွားမလား.. စားမလား…"
"မစားချင်ပါဘူး.. ဘာဆိုင်မှန်းလဲမသိဘဲနဲ့…"
ဆက်သွားတယ်.. ကုန်သွားပြီ.. အဲ့လမ်းတလျှောက်မှာ ဘာဆိုင်မှာ ထပ်မရှိတော့..
၈မိုင်မီးပွိုင့်ရောက်တယ်… "ကဲ.. ဒီလောက်ကြီးထိရောက်လာမှတော့.. ကုန်းမြင့်သာမှာပဲစားလိုက်ပါတော့…"
"ကုန်းမြင့်သာမှာ မစားချင်ပါဘူး… 47 မှာပဲစားမယ်...အုန်းနို့ခေါက်ဆွဲစားချင်တာ…""
"47 မှာ အုန်းနို့ခေါက်ဆွဲမှ မရတာ.. ကုန်းမြင့်သာမှာပဲစားလိုက်နော်.."
"အင်း…  အား.. မစားချင်ဝူးးးး…."
"47 မှာမစားချင်လို့ပါ.."
"ရှင်ကျမကို ဟိုဘက်လမ်းကွေ့ပေးရမှာစိုးလို့မှလား..ဘာမှန်းလဲမသိဘူး… တော်ပြီ.. ဘာမှမစားတော့ဘူး.."
"ဘာမှမစားလို့တော့မရဘူး.. ရောက်ပီမှလား.. ဘယ်မှာကွေ့ရမှာလဲ…"
ကုန်းမြင့်သာထဲကို အတင်းချိုးကွေ့ဝင်…
စူပုပ်ပုပ်နဲ့ကားပေါ်ကဆင်း… ချစ်သူက.. "အရင်တခါစားတုန်းက ဆောင်းတွင်းကြီးမှလား… ချမ်းချမ်းစီးစီးနဲ့လေ.."
မှတ်မိသားပဲဆိုပီး ကိုယ့်မှာ ပြုံးရယ်ပီး ကျေနပ်…
စိတ်မရှည်တတ်တဲ့ချစ်သူဟာ... ကိုယ့်အတွက်ဆို.. တခါတခါ အဲ့လို စိတ်ရှည်ပေးပြီး ချစ်ဖို့ကောင်းပါတယ်( တပတ်မှာ ၄ရက်လောက်က ဒါမျိုးဖြစ်နေကျ) ..
စိတ်ထဲကဘယ်လိုရှိနေလဲဆိုတာကိုတော့ မမှန်းတတ်ပေမဲ့.. ချစ်သူရဲ့မျက်နှာမှာ ငြိုငြင်မှုလေး တစွန်းတစတောင်မတွေ့ရဘူးလေ..
စူပုပ်နေတဲ့ကိုယ့်ကို.. စလိုက်နောက်လိုက်.. လုပ်နေသေးတယ်..
Game of Thrones ထဲက စကားအတိုင်း.. "to all the old gods and new" ဗိုက်မဆာတော့အောင် လုပ်ပေးပါဆိုပြီးပြောသေးတယ်..
အဲ့လိုပဲ ကျမချစ်သူဟာ တခါတခါ အင်မတန် ချစ်ဖို့ကောင်းပါတယ်...