Wednesday, January 14, 2015

သွားလာ စားသောက်- ၂

မနှစ်က ခရီးသွားရင်း စားတဲ့ အစာပုံတွေတင်တုန်းက သွားလာစားသောက်ဆိုပြီး ရေးထားလို့.. ခု သွားလာ စားသောက် - ၂ ပါ...
သွားချင်တာက ပုဂံ.. ခရစ်စမတ် ပိတ်ရက်တုန်းက သွားမယ်ဆိုပြီး ဟိုတယ်စုံစမ်းတော့ ပုဂံတမြို့လုံး နေစရာနေရာမရှိ.. ဒါနဲ့ပဲ နှစ်ကူး ပိတ်ရက်ကျမှပဲ တောင်ကြီးဘက်သွားဖြစ်တော့တာ....

၃၁ရက်နေ့ နေ့လည် ရုံးဆင်းထဲက ဒီကထွက်တော့ ညနေစောင်းလောက် နေပြည်တော်ရောက်ပါတယ်.. ဘာမှလည်း ထူးထူးထွေထွေလုပ်စရာမရှိတော့ ဟိုတယ်မှာပဲ မှာစားလိုက်တယ်...
 နောက်နေ့မနက်စောစော အဲ့ဒီကထွက်တော့ နေ့ခင်းလောက် အောင်ပန်းကိုရောက်တယ်.... ဗိုက်က အတော်ဆာနေပြီလေ.. အဲ့ဒီ့မှာ သူငယ်ချင်းက မိနစ် ၂၀လောက်ပဲဆိုပြီး ညာခေါ်သွားတယ်.. ညောင်ရွှေနားကို...
သူကျွေးချင်တဲ့ဆိုင်က ပေါက်ကျော်တဲ့.. ရောက်သွားတော့ ဆိုင်ကပိတ်ထားတယ်.... ဒါနဲ့ တခြားနေရာကို ထပ်သွားဖို့ရာ မဖြစ်နိုင်တော့ အဲ့ကပ်ရက်က နဒီလှိုင်းဆိုတဲ့ ဆိုင်မှာစားခဲ့တာ.. အရမ်းကြာပါတယ်.. မကောင်းပါဘူး..... ငါးကန်ထဲမှာ တဲလေးတွေထိုးထားတာ... ကြမ်းပြင်မှာ ထိုင်စားရတာ.. ငါးကန်ဆိုတော့ အနံ့အသက်လည်းရှိတယ်... အစားစာပုံရိုက်ရတာသာ ၀ါသနာပါတာမို့ ဘေးပတ်ဝန်းကျင်ကို ဓါတ်ပုံရိုက်ဖို့ အမြဲမေ့နေတတ်တယ်... နောက်ခရီးတွေဆိုရင်တော့ ဘေးပတ်ဝန်းကျင်လေးတွေပါ ရိုက်ခဲ့ရမယ်...
အဲ့ဒီ့နား တလျှောက်က ငါးကင်ဆိုင်တွေချည်းပါပဲ.. ၄-၅-၆ ဆိုင်လောက် တန်းဆီပြီး ရှိပါတယ်...... ဘယ်နားလဲတော့ မပြောတတ်ဘူး.....


အဲ့ကပြီးတော့ Red mountain ၀ိုင်ခြံခေါ်ရမလား အဲ့ဒီ့ကိုရောက်တယ်.. တောင်ကုန်လေးပေါ်မယ်.. အရမ်းသာယာတယ်.. တကယ်က အေးအေးဆေးဆေးလေးသွားထိုင်ရင် ကောင်းပေမဲ့ ကိုယ်တွေရောက်တော့ ၅နာရီကျော်နေပြီ..  နေ၀င်ခါစလေးကိုမီလိုက်ပေမဲ့ နေ၀င်သွားတာနဲ့ ခြင်အကြီးကြီးတွေကိုက်တာနဲ့ အမြန်စားသောက်ပြီး ပြန်လာရရဲ့.. နောက်တခါသွားဖို့တော့ ခရီးက နဲနဲဝေးတာကြောင့် ရောက်ဖူးရုံပဲ..
White wine ကကိုယ်သောက်တာ.. ချိုအီနေတော့ ကိုယ့်အကြိုက်ပါ..... Red wine က ချစ်သူသောက်တာ.... ကိုယ်က ၀ိုင်နီမကြိုက်တတ်သူမို့ မကြိုက်ပါဘူး..... ဟိုး ဖရဲသီးခွက်လေးက သူငယ်ချင်းမှာတာ.. ဘာလို့မှန်းမသိဘူး... မကောင်းဘူးဆိုပြီး ဒင်းက ကုန်အောင်မသောက်လို့ အဲ့ခွက်ကိုလည်း ကိုယ်ဘဲသောက်ပါတယ်..... ၀ိုင်တွေကတော့ ၄၀၀၀~၇၀၀၀ ကြားပါ.. ဘယ်လောက်တွေလဲတော့ ကိုယ်မမှတ်မိတော့ဘူး......
နောက်နေ့မနက်ကျတော့ ကလောမှာ မနက်စာစားတယ်.. ကိုယ်သိပ်တောင့်တနေတဲ့ ငါးထမင်းနယ်...  ကိုယ့်အကြိုက်ဆုံးဆိုင်ပါ... ဈေးအပြင်ဘက် ကမ္ဘောဇဘဏ်ရှေ့က... တပွဲကို ၅၀၀ ပါ...
ပြီးတော့ ချစ်သူက ရှမ်းခေါက်ဆွဲဆိုလို့ ဈေးထဲက သူ့အကြိုက် ရှမ်းခေါက်ဆွဲဆိုင်မှာ စားပါတယ်..
 ချစ်သူက အစီးသုပ်..
 ကိုယ်က ရှမ်းသုပ်..
တို့ဖူးကြော်အပါဝင်.. ၉၀၀ ကျပါတယ်.. တပွဲ ၃၀၀... ဆိုင်နာမည်က ကမ္ဘောဇ..
ကလောကပြန်တော့ အင်းလေးသွားကြပါတယ်....
မကောင်းဘူးပြောချင်လို့ ဆိုင်နာမည်ကို သေချာမှတ်ထားပေမဲ့ ခု မမှတ်မိတော့ဘူး... ဆိုင်အောက်မှာ အင်းလေးအထည်တွေလည်းရောင်းတယ်.....
 ငါးအသားလုံးကြော်.. လုံးဝမကောင်းတာ..

ငါးထမင်းနယ်ကလည်းမြင်တာနဲ့စားလို့မကောင်းမှန်းသိမှာပါ..
အင်းထဲက အပြန် အဲ့နားကပဲ ViewPoint Lodge& Fine Cuisine ဆိုတာကြီးကို ဆိုင်အပြင်အဆင်ကြည့်ပြီး အထင်တကြီးဝင်စားမိတယ်...  ရေငတ်နေပြီတို့.. အေးတာလေးသောက်ချင်နေပြီတို့..
 ချစ်သူသောက်တဲ့ ကော်ဖီ.. ကောင်းလားမကောင်းလားတော့မသိ..
 Sliced fish and patato tempura ဆိုတာကို ကိုယ့်ဟာကိုယ်တွေနားလည်ပြီး ငါးသတ်သတ်.. အာလူးသတ်သတ်ထင်ပြီးမှာလိုက်တာ.. တကယ်တမ်းလာတော့ ဒီပုံကြီး... စားလို့ တစက်မှမကောင်းပါ..
ဖရဲသီးကကိုယ်သောက်တာ... ဖရဲသီးက ချဉ်တောင်ချဉ်နေပါပြီ.. ၃၀၀၀ ဆိုတာကို နှမြောလွန်းလို့ ကြိတ်မှိတ်ပြီး အသက်မရှုဘဲသောက်မိတယ်...
ဟိုးနောက်ကမြင်ရတာ.. သံပုရာရည်... သူငယ်ချင်းမှာတာ.. လုံးဝမသောက်နိုင်လို့ ဒီတိုင်း ထားပစ်ခဲ့တယ်...
ကြုံရင် သွားမစားဖို့ အကြံပြုပါတယ်..

နောက်နေ့ကျတော့ တောင်ကြီးတက်ပါတယ်.... ရောက်ရောက်ချင်း လူပြောများလွန်းတဲ့ ဖက်ထုပ်ဆိုင်ကို ရှာပြီးသွားစားပါတယ်.. ဘာတွေရလဲမေးတော့ ၂မျိုးပဲရမယ်.. မုန့်တီရယ်.. ဖက်ထုပ်ရယ်တဲ့ ပြတ်ပြတ်ပဲ..
 မုန့်တီက ၅၀၀.. ၀က်သားချဉ်နဲ့လို့ထင်တယ်.. ချစ်သူပဲစားတာ.. ကိုယ်တော့မကြိုက်ဘူး...
ဖက်ထုပ်ကိုတော့ တော်တော်လေးကြိုက်တယ်.. ၁၅၀၀... တောင်ကြီးက ဖက်ထုပ်ဆိုင်ဆို လူတိုင်းနီးပါးသိလောက်တယ်.. ကိုယ်က ကြားသားကြားဖူးတာ.. ဘယ်နားမှန်းမသိ.. ဘယ်လိုမေးရမှန်းမသိ.. ဘယ်လိုရှာရမှန်းမသိတော့..
တောင်ကြီးရောက်တာနဲ့.. ကိုယ့်အိမ်ကလူကြီးတွေနဲ့ ခင်တဲ့ တောင်ကြီးသားဦးလေးတယောက်ကို တောင်ကြီးမှာ ဘာတွေစားရမလဲလှမ်းမေးတယ်.. ပြီးတော့ ဖက်ထုပ်ဆိုင်ဆိုတာ ဘယ်နားမလဲလို့..
အ.ထ.က ၆ နားလို့ထင်ပါတယ်.. မမှတ်မိတော့ပါ... လမ်းကတော့ ကျောက်တလုံးလမ်း.. ကျိတ်ကျိတ်တိုးရောင်းရပါတယ်...အကြာကြီးလည်း  မစောင့်ရပါဘူး..
အဲ့ဆိုင်ရှေ့မှာပဲ တို့ဖူးကောင်းတယ်ဆိုလို့ ထပ်စားပါတယ်..
 ငါးပေါင်းပေါ့.. သူတို့ကတော့ ငါးကင်လို့ရေးထားပါတယ်.. မကောင်းဘူး..
ဆန်တို့ဖူးသုပ်.. ကောင်းတယ်လို့ပြောလို့ရပေသိ ကိုယ်တို့ အကြိုက်တော့မဟုတ်ဘူး.....
ပဲကပ်ကြော်သုပ်ဆိုပြီး ချစ်သူက မှာသေးတယ်.. သူက ပဲကပ်ကြော်ကြိုက်သူ.. တကယ်လာတော့ မုန့်ဟင်းခါးထဲ ထည့်တော့ ပဲကြော်ကို သုပ်ထားတာ...
ကြက်ဥကင်ဆိုပြီးလဲ ၁လုံးစားသေးတယ်... မကြိုက်ဘူး...
ညနေဘက်ကျတော့ ချစ်သူနဲ့ရန်ဖြစ်ပါတယ်.... ဘာကိစ္စနဲ့လဲတော့မမှတ်မိတော့.... ဒါနဲ့ပဲ စိတ်ကောက်ကောက်နဲ့ ညဈေးတန်းရောက်ပါတယ်.... ငါးထမင်းနယ်ထပ်စားတယ်.. မကောင်းဘူး...
ချာပါတီရယ်.. မြေအိုးမြီးရှည်ရယ်.. ပဲမြစ်ရယ်စားတယ်.... စိတ်ကောက်နေတာဆိုတော့ ဓါတ်ပုံမရိုက်ပါဘူး..... စားတော့စားတယ်လေ.. ကောက်ညှင်းပေါင်း မုန့်လင်မယား တို့ဖူးနှစ်ပြန်ကြော် ပါဆယ်ဝယ်တယ်....
နောက်နေ့မနက်ကျတော့ ကျိုင်းတုံအမဲလုံးခေါက်ဆွဲသွားစားပါတယ်.. ဒါလည်း တောင်ကြီးသားဦးလေးရဲ့ ညွှန်ကြားမှုနဲ့ပါ.. အ.ထ.က တခုခုနားက အမဲလုံးခေါက်ဆွဲဆိုလူတိုင်းသိပါသတဲ့.. တကယ်လည်း အဲ့လိုမေးပြီးသွားတာပါ.. အ.ထ.က ဘယ်လောက်လဲတော့ မမှတ်မိတော့ပါ....
ချစ်သူက အမဲလုံးဆိုတာနဲ့ ညှီမှာပေါ့တို့ နံမှာပေါ့တို့နဲ့ နှာခေါင်းရှုံ့တော့ တပွဲပဲမှာပါတယ်.. စမ်းစားကြည့်ပြီး ကြိုက်သွားတယ်.. ဒါပေသိ ဘေးဘက်မှာ ၀က်သားလုံးခေါက်ဆွဲဆိုင်ကို မျက်စောင်းထိုးပြီးသားမို့ ဆိုင်ကူးပြီး ထပ်စားပါသေးတယ်..

ကိုယ်ကတော့ ကြက်ပေါင်းခေါက်ဆွဲ စားတာပါ.. အမဲလုံးလောက်မကြိုက်ကြဘူး...

ပြန်ခါနီးကျ ဖက်ထုပ်ထပ်စားသေးတယ်.. အောင်ပန်းက သူငယ်ချင်းအတွက် ပါဆယ်ဝယ်ရင်းနဲ့... တကယ်တော့ သူငယ်ချင်းကလည်း တောင်ကြီးမှာ ဈေးအတူဝယ်မယ်ဆိုပြီး လိုက်လာပေမဲ့ အဲ့ဒီ့နေ့က လပြည့်နေ့မို့ ဈေးပိတ်ပါတယ်.. လွတ်လပ်ရေးနေ့လို့ ပိတ်တယ်ထင်နေပြီး လပြည့်နေ့မှန်းကို နောက် ၃ရက်လောက်နေမှသိတာပါ.... ဘာလို့ဈေးပိတ်သလဲဆိုတဲ့အကြောင်းကို ခေါက်ဆွဲဆိုင်က အဒေါ်ကြီးနဲ့ ဟိုတယ်က ဦးလေးကြီးကို မေးစမ်းပေမယ့် သူတို့ကလဲ ဂဂဏဏ မပြောပါဘူး.. လပြည့်လကွယ်ပိတ်တယ်တဲ့.. ဒီနေ့လပြည့်နေ့လားဆိုတော့လည်း မဟုတ်ဘူးတဲ့..... လွတ်လပ်ရေးနေ့မို့ ပိတ်သလိုလိုနဲ့ကောက်ချက်ချကြပါတယ်....
နောက်တောင်ကြီးဘယ်နားကမှန်းမသိတဲ့ အိမ်ဆိုင်လေးကို ကောင်းတယ်ဆိုပြီး သူငယ်ချင်းက လိုက်ပို့သေးတယ်...
ပေါက်စီကြော်.. အထဲမှာ အုန်းသီးနဲ့သကြားပါမယ်ထင်ပြီး ၀မ်းသာအားရမှာလိုက်တာ.. အသားတွေဖြစ်နေတော့ မကြိုက်ဘူး... တကယ်တော့ အသားစားဘီလူးမ.. ဒါပေသိ.. အသားနဲ့ပေါက်စီကျတော့မကြိုက်ပြန်ဘူး..

ပလာတူးမုန့်တီဆိုလား ဘာလား.. အဲ့လိုလေး ဆလတ်ရွက်နဲ့ထုတ်စားရတာ.. ဒါလည်း မကြိုက်...
ဆန်မှုန့်နဲ့လုပ်ထားတဲ့ အချိုမုန့်.. အထဲမယ် ပဲပါတယ်.. ဒါတော့ ကြိုက်လို့ တပွဲလုံး ကိုယ်တယောက်တည်း စားတယ်...
ဆန်တို့ဖူးသုပ်.. မကြိုက်..
ကြက်ဥကင်.. ဒါလည်း မကြိုက်ပြန်...
သူငယ်ချင်းကတော့ စေတနာနဲ့ ဒေသစာဆိုပြီး ခေါ်သွားပေမဲ့ တခုမှမကြိုက်.... အားနာနာနဲ့ပဲ အချိုမုန့်သာ ကုန်အောင်စားခဲ့တယ်.. ကျန်တာတော့ ချစ်သူနဲ့ သူငယ်ချင်းနဲ့ပဲ စားကြတာပေါ့...

တောင်ကြီးကဆင်းတော့ ပင်းတယသွားလိုက်တယ်... တကယ်ကတော့ ဘုရားပေါ်မရောက်ခဲ့ပါဘူး..... ဘုရားရင်ပြင်က စောင်းတန်းမှာ လက်ဖက်နဲ့ကွိစိကွစ၀ယ်ပြီး သစ်ပင်ကြီးတွေနား ဓါတ်ပုံရိုက်ခဲ့တယ်.. ညနေစောင်းနေပြီမို့ ဂူထဲမ၀င်သင့်တော့ဘူးရယ်လို့ သူငယ်ချင်းက အကြံပြုလို့ရယ်ပါ... အပြန်ကျတော့ အဲ့နားကဆိုင်မှာပဲ ၀င်စားပါတယ်.. ဆိုင်နာမည်မသိတော့ပါဘူး.. ဆိုင်အပြင်အဆင် အရမ်းကောင်းပါတယ်.. ပုန်းတလုတ်ကန်ကို မေးတင်ထားတာပါ... (စာလုံးပေါင်းမသိပါ) အစားအသောက်ကတော့ စားလို့ရရုံပါပဲ..
ငါးထမင်းနယ်စွဲလမ်းမှုနဲ့ ငါးထမင်းနယ်ပဲ စားပါတယ်.. မကောင်းပါ....
နောက်နေ့မနက်ကျတော့ ကလောမှာ မနက်စာ ထပ်စားပါတယ်.... ကလောမရောက်ခင် ဗိုက်နာလာပြီး အရေးထဲအရာပေါ်ပါတယ်.... ချစ်သူကိုလည်း အမြန်မမောင်းရကောင်းလားဆိုပြီး ပွစိပွစိလုပ်သေးတယ်...
မျက်စိထဲမှာ Seven sisters ဆိုတဲ့ဆိုင်ကိုပဲမြင်တယ်.. သပ်သပ်ရပ်ရပ်နဲ့ အဲ့တဆိုင်ပဲမြင်ဖူးတာကိုး....
ဒါနဲ့ အဲ့ဆိုင်လည်းရောက်ကော အလျင်အမြန်ကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်တော့ ဆိုင်က မဖွင့်သေးဘူး.. ဒါနဲ့ ဆိုင်မဖွင့်သေးဘူးလားဆိုပြီး အိမ်သာတက်ချင်လို့လို့ပဲပြောပြီး အိမ်သာကို တန်းပြေးတော့တာပဲ....
ဘိုထိုင်မဟုတ်ပေမင့် သန့်ပါတယ်..
ဒါနဲ့ပဲ ကိစ္စရှင်းပြီးတော့ ချစ်သူနဲ့ သူငယ်ချင်းက မကောင်းတတ်လို့ စတော်ဘယ်ရီတခွက်စီနဲ့ ဆင်းဒ၀စ်မှာထားကြတယ်တဲ့....
မဆိုးပါဘူး.. ချဉ်လို့တဲ့.. ချစ်သူကမသောက်တော့ ကိုယ်ပဲပေါ့....
သူငယ်ချင်းကို အဲ့ဆိုင်ဘေးက ပြည့်ပြည့်ဆိုတဲ့ဆိုင်မှာ ကျွေးမယ်ဆိုပြီး အတင်းခေါ်လာတာမို့ အဲ့ဆိုင်မှာလည်း ၀င်စားပါတယ်.. သူကတော့ ရှမ်းခေါက်ဆွဲစားတယ်.. ကိုယ်နဲ့ ချစ်သူကတော့ မြေအိုးမြီးရှည် တယောက်တ၀က်ကြိတ်ပါတယ်....
ငါးထမင်းနယ်ကို ထပ်စားပါတယ်..... လောဘကြီးပြီး ၂ပွဲမှာတာ မကုန်လို့ ချစ်သူက ကူစားရသေးတယ်....
 ထုံးစံအတိုင်း ချစ်သူကလည်း သူ့ဆိုင်မှ သူ့ဆိုင်.. ဈေးထဲမှာ ရှမ်းခေါက်ဆွဲထပ်စားတယ်..
တို့ဖူးနွေးက ချစ်သူတပွဲ.. သူငယ်ချင်း တပွဲစားကြတယ်......
ပြီးတော့ကိုယ်က အင်တာနက်ပေါ်မယ် ဘယ်ဆိုင်ကောင်းလဲ တက်ရှာတော့ ဆိုင်တဆိုင်တွေ့တာနဲ့ လိုက်ရှာပြီး အအေးသောက်ကြပြန်ပါတယ်.....
တကယ်တော့ အဲ့ဈေးနားလေးပါပဲ... Dream တဲ့.. ၀ိုင်ဖိုင်လည်းကောင်းသလို ဆိုင်လေးကလည်း သပ်သပ်ရပ်ရပ်ပါ.....
 ထောပတ်သီးဖျော်ရည်ကလွဲရင် သောက်လို့ကောင်းတယ်.. စာကလေးချီးက အလကားကျွေးတာ....
 ပန်ကိတ်.. (ပုံတွေ လှည့်ရမှာ ပျင်းလို့ သည်းခံတော်မူကြပါ)
Fruit cocktail ဆိုပြီးမှာလိုက်တာ.. အသီးတွေက လတ်ဆတ်ပေမဲ့ လိမ္မော်ရည်ကြီး ဆမ်းထားတာကို မကြိုက်ဘူး....
စားပြီးအဲ့နေ့နေ့လည် ရေပူစမ်းသွားကြတယ်.. ခေါင်တိုင်ကို..... ကံဆိုးစွာနဲ့ မီးပျက်နေလို့ အခန်းတွေထဲ စိမ်လို့မရပါတဲ့.. လူအများစိမ်တဲ့ကန်ပဲရှိပါတယ်တဲ့.. လူအများစိမ်တဲ့ကန်ထဲ စိမ်ရအောင်လည်း ဘာမှမပါ.. အစတည်းက ကွကိုယ်စိမ်ရမယ်အထင်နဲ့ ရေချိုးဖို့ပစ္စည်းလောက်သာပါတော့ ဂွတွေကျနေတာပေါ့..
ဒါနဲ့ပဲ သူငယ်ချင်းက နောက်တနေရာပို့ပေးမယ်ဆိုပြီး နောက်တနေရာပို့ပါတယ်..... နာမည် မမှတ်မိပြန်ပါဘူး.. ရွှေ ဆိုတာတော့ ပါတယ်ထင်တယ်..  အတော် မေ့တတ်နေပြီပဲ...
သုံးယောက် ၂ခန်းစိမ်တာ ၈၀၀၀ ပေးရတယ်.. ပြီးတော့ အဲ့မယ် စားလို့ကောင်းတယ်ဆိုပြီး သူငယ်ချင်းက ထမင်းကျွေးသေးတယ်.. ကြက်ဟော့ပေါ့ရယ် ငါးထောင်းရယ် .. ဖီးလ်ကိုမလာလို့ ဓါတ်ပုံတောင်မရိုက်မိဘူး... ဆက်ဆံရေးကလည်း အတော်ညံ့ပါတယ်....
အဲ့နေ့ညက ကလောက ဆိုင်ကိုပဲ ထပ်သွားစားသေးတယ်.. ဓါတ်ပုံတော့မရိုက်မိပြန်ဘူး.... Pork chop စားတာ ကောင်းတယ်လို့ပြောရမယ်...
ကြားထဲမှာ ဈေးဖွင့်ရက် တောင်ကြီးထပ်တက်သေးတယ်.. ဖက်ထုပ်နဲ့အမဲလုံးခေါက်ဆွဲပဲ စားပြီးပြန်လာတယ်.. သူငယ်ချင်းအိမ်မှာ ချက်ပြုတ်စားသောက်ဖြစ်ကြတာတွေတော့ ဓါတ်ပုံမရိုက်မိဘူး..
ပြန်ခါနီး တရက်ကျတော့ ဘယ်မှမသွားဘဲနားကြတယ်.. ကလောကိုပဲ နေ့လည်စာနဲ့ ညစာသွားစားကြတယ်..
Dream မှာနေ့လည်စာစားထားတာ..
အဲ့ဒီ့ Dream ကစတော်ဘယ်ရီဖျော်ရည်.. အရမ်းကြိုက်လို့ ကိုယ် ၂ခွက် သူငယ်ချင်းက ၃ခွက်သောက်ကြတယ်... ဆိုင်ဖျော်တွေကို သိပ်မကြိုက်တတ်ဘူး.. နို့ဆီတွေ နို့စိမ်းတွေ စိတ်ကြိုက်မထည့်ရလို့လေ..

ပြန်မဲ့မနက်မှာ ချစ်သူငယ်ချင်းက ထမင်းကြော်ပေးပါတယ်.. အရှေ့ကပန်းကန်လေးက ပင်စိမ်းနဲ့ ပဲပုတ်ကြော်.. ချစ်သူ့လက်ရာ.. ပဲပုတ်များလို့ ကိုယ်မကြိုက်ပါဘူး...

ပြန်တယ်ဆိုပေမဲ့ အိမ်မရောက်သေးပါဘူး...  မေမြို့ကို ခရီးဆက်ပါသေးတယ်.. ရောက်ရောက်ချင်း ကိုယ်တို့သိပ်ကြိုက်တဲ့ မြေအိုးမြီးရှည်သွားစားပါတယ်.. မနှစ်က တခါစားပြီး အရမ်းကြိုက်သွားတဲ့ဆိုင်ပါ.. ဈေးလေးရှေ့က ရင်ဝမ်ဆိုတဲ့ ဆိုင်စုတ်စုတ်လေးပါ...
နောက်နေ့မနက်ကျတော့ ထုံးစံအတိုင်း မောဓနုမှာစားပါတယ်..
 လျှာရှည်ပြီး ရှမ်းခေါက်ဆွဲမမှာဘဲ ငါးထမင်းနယ်မှာလိုက်တာ.. မကြိုက်ဘူး...
 မန်းလေးမြီးရှည်.. မကောင်းလောက်ပါဘူးဆိုတာကို ချစ်သူဇွတ်မှာတာ..
အစီးသုပ်..

နေ့လည်ကျတော့ ချစ်သူက ဗိုက်မဆာဘူးတဲ့.. ကိုယ်ကတော့ ဆာတယ်ပေါ့.. ဟုတ်ဟုတ် မဟုတ်ဟုတ်.. စားချင်တာကိုး.. သိပ်စားချင်နေတဲ့ ရှမ်းထမင်းပုံစား.. ပန်ဆိုင်းဆိုတဲ့ဆိုင်.. လာရှိုးလမ်းပေါ်က..

၂ပွဲလုံးကိုယ်စားတာ.. မကုန်ပါဘူး.. ဟင်းတွေချည်းစားတာ.. တပွဲ ၁၅၀၀..
ညနေကျတော့ ဒီဇင်ဘာခြံထဲသွားတယ်.. စတော်ဘယ်ရီခူးပြီး ၀ိုင်မှာသောက်တာ... ငွေနန်းတော်လေ.. တစက်မှမကောင်းဘူး.. ဒီဇင်ဘာဝိုင်က ကုန်နေသတဲ့..
အူနုကြော်နဲ့ အစိမ်းရွက်ကြော်စားတာ.. ပုံတော့မရိုက်မိဘူး... စတော်ဘယ်ရီသောက်တယ်...အပေါ်က မလိုင်ဖတ်လေးထည့်ပေးတယ်..
အဲ့နေ့ညက ညစာလည်းမြေအိုးမြီးရှည်ပဲ... :)

နောက်နေ့မနက်ကျတော့ အဆောင်ထမင်းဟင်းစားချင်လို့ဆိုပြီး သွားတောင်းစားပါတယ်... ၀က်မုန်ညင်းချဉ်ဟင်းနဲ့.. ကိုယ့်အကြိုက်ပေါ့.. ဓါတ်ပုံမရိုက်မိဘူး...
ပြန်ဆင်းတော့ ဓါတ်တော်ချိုင့်နားက The view ဆိုတဲ့ ဆိုင်ကို ၀င်ဖြစ်တယ်.. နှာတွေအရမ်းစေးနေလို့ အလှပုံကောင်းကောင်းမရိုက်နိုင်ရှာတဲ့ ကွကိုယ်တအားတွေသနားမိတာပေါ့...
 ကော်ဖီ.. တော်တော်ကောင်းပါတယ်..
 ဆင်းဒ၀စ်..ဒါလည်း မဆိုးပါဘူး..
စတော်ဘယ်ရီကတော့ သိပ်မကောင်းပါဘူး.....
ဆိုင်ကဈေးကြီးပါတယ်.... ဗျူးလည်း အရမ်းကောင်းပါတယ်.. ဓါတ်တော်ချိုင့် ၃ဆင့်လုံးမြင်ရပါတယ်.. ဘိုင်ဒဝေး ဓါတ်တော်ချိုင့်ကို တခါမှ မရောက်ဖူးဘူး.... လမ်းလျှောက်သွားရတယ်ဆိုလို့လေ.....
တခါလောက်တော့ ရောက်အောင်သွားဦးမယ်...

Last but not least ပေါ့.. ကိုယ့်ရဲ့ အကြိုက်တကာ့အကြိုက်ဆုံးပါ.. ရှမ် (SHAM) ကမလိုင်.. ရက်စ်မလိုင်.. မေမြို့မှာ ၂ညအိပ် ၃ရက်နေတာ.. ၃ဗူးစားပါတယ်..  ရောက်ရောက်ချင်း ချစ်သူကလည်း စားမယ်တဲ့.. အဲ့တော့ ကိုယ်ကလည်း ကိုယ့်ဘူးထဲက မျှမကျွေးချင်ဘူးလေ.. ဒါနဲ့ ၂ ဗူးဝယ်တယ်.. တကယ်တမ်းစားတော့ ချစ်သူကဘယ်လိုမှ မခံစားနိုင်ပါဘူးတဲ့.. သူမစားနိုင်ဘူးတဲ့... ၂ဇွန်းလောက်စားပြီး လက်လျှော့သွားပါတယ်.. ဒါနဲ့ ကိုယ့်ဗူးကို တဗူးလုံးစားလိုက်ပြီး သူ့ဗူးကို နောက်နေ့အတွက် save ထားလိုက်တယ်ပေါ့နော်.. နောက်နေ့ည တဗူးစား.. ပြန်မဲ့ရက် အိမ်အတွက်ဝယ်ရင်းနဲ့ ရောက်တုန်းစားရတာပဲဆိုပြီး အပြန်လမ်းမှာစားဖို့ဆိုပြီး တဗူးဝယ်စား.. အရမ်းကိုကြိုက်တာပါ.. Life of essence လို့ကိုယ်တင်စားတဲ့ အစားအစာတမျိုးပါ...
ပြီးတော့ အိမ်ပြန်သည်ပေါ့.. မိတ္ထီလာကျော်တော့ အိမ်ကဖုန်းဆက်ပါတယ်.. ဘယ်နားရောက်ပလဲဆိုပြီး.. မှောင်ခါနီးဆိုတော့ နေပြည်တော်မယ် ၁ည၀င်အိပ်ပါတဲ့.. ညဘက်ကြီး အမြန်လမ်းကို မဖြတ်သန်းစေချင်ဘူးတဲ့.. အိုကေလေ.. အိပ်ပါတယ်..၀မ်းသာအားရ..
Junction က Bangkok sky ဆိုတဲ့ ထိုင်းဆိုင်လေးမှာ ညစာစားတယ် .. ပုံတော့မပါဘူး.. တော်တော်ကောင်းတယ်လို့ပြောရမှာပါ.. ဒါပေသိ ဈေးကြီးတယ်လို့ထင်ပါတယ်.... ကြက်ပင်စိမ်းတပွဲနဲ့ သင်္ဘောသီးထောင်းတပွဲ.. ထမင်း ၂ ယောက်စားတာ.. ၁၀၀၀၀ ပါ...
ပြီးတော့ သိပ်သွားချင်နေတဲ့ Teak spa ကိုသွားပါတယ်.. အနှိပ်သွားခံတာ... အရမ်း အေးချမ်းပြီး မိုက်တယ်လို့ပြောလို့ရတယ်..  လုပ်ထားတာလေးက တကယ့်ကိုချစ်စရာလေးပါ.. ရေကူးကန်လေးလဲရှိတယ်.. ဈေးလဲမဆိုးဘူးလို့ပြောလို့ရတယ်....
ကဲ.. ဒလောက်ပါပဲ.. ကုန်ပါပြီ...
လောလောဆယ်ရေးစရာလဲမရှိသေးလို့.. နောက်ပို့စ်ကဘာဖြစ်ဦးမလဲ မသိသေးပါ...
 P.S. ပုံတွေက ဖုန်းနဲ့ပဲ ရိုက်ထားတယ်ဆိုပေမဲ့ ကွာလတီမလျှော့ထားတာမို့ အကြီးချဲ့ကြည့်ကြပါ..... စားစရာတွေသေချာကြည့်လို့ရအောင်....... :)

Tuesday, January 13, 2015

So called "review" & showcase

ကိုယ်တခါမှ မရေးဖူးတဲ့ ရီဗျူးလိုပုံစံမျိုးရေးချင်လို့ပါ...
ရီဗျူးဆိုတာထက် ကိုယ် သုံးဖူးတဲ့ အတွေ့အကြုံသက်သက်ကိုပြောချင်တာပါ.. ကိုယ့်ရဲ့ ရူးသွပ်မိုက်မဲမှုတွေကိုလည်း မြင်ရမှာပါ...

ဒါက တကယ့်ရူးသွပ်မှုပါ... (ရူးသွပ်တာပါ.. စွဲလမ်းမှု မဟုတ်ပါဘူး.. ရူးနှမ်းနှမ်းဖြစ်ပြီး လျှောက်ဝယ်တာကို ပြောချင်တာပါ) အွန်လိုင်းရှော့ပင်းက ကြော်ငြာကောင်းလို့ ချက်ချင်း ၀ယ်ဖြစ်လိုက်တာ...
ဆပ်ပြာခဲပါ... Honey I Washed the Kids Soap လို့အမည်ရပါတယ်.. အော်ဂန်းနစ် ပစ္စည်းတွေချည်းပဲထုတ်တဲ့ LUSH ကပါ.. အွန်လိုင်းရှော့ပင်းက ကိုက်စားချင်စရာကောင်းတယ်ရော.. အရမ်းမွှေးတယ်လို့ပါကြော်ငြာပါတယ်.. Lush ရဲ့ website ကိုဝင်ကြည့်တော့လည်း ၂၀၁၃အတွက် ဘက်စ်ဆဲလား လို့တွေ့ပါတယ်.. ဗဲရီး အင်းရီစစ်စတေးဘဲလ် လို့လဲပါပါတယ်.. ဒါနဲ့ပဲ အဲ့အတုံးလေးကို ၁၀၀၀၀ လားမသိ ပေးပြီး ၀ယ်ပါတယ်.. ၂တုံးမဟုတ်ပါဘူး.. တတုံးတည်းကို ဟိုဘက်ဒီဘက်ရိုက်ပြတာပါ..
တကယ်တမ်းသုံးတော့ အမြှုပ်ထွက်မှ ကြိုက်တဲ့ကိုယ့်အတွက် သိပ်အဆင်မပြေပါဘူး.. ပြောထားသလောက်လည်း မမွှေးဘူးလို့ထင်မိသည်ပေါ့နော်.. ခုထိ တခါပဲသုံးရသေးတယ်.. ထပ်မသုံးဖြစ်သေးဘူး...
အဲ့ဒီ့ Lush ကပဲ အော်ဂန်းနစ် ခေါင်းလျှော်ဆပ်ပြာ အတုံး၂တုံးဝယ်ထားသေးတယ်.. အဲ့ဒါလည်းပဲ အွန်လိုင်းကပဲ.. တတုံးကို ၁၅၀၀၀ လားမသိပေးရတယ်.. အနံ့လေးတွေမဆိုးပေမင့် သူပြောထားတဲ့ effect တွေတော့ မခံစားမိဘူး.... ၁တုံးက ဗောက်အတွက်.. ၁တုံးက အဆီထွက်တဲ့ ဆံသားအတွက်ဆိုတာ.. အဆီထွက်တဲ့ဆံသားအတွက်ဆိုတဲ့ အတုံးကို အရင်သုံးဖြစ်တယ်.. ဘာမှ မထူးခြားဘူး.. အဆီက ထွက်မြဲထွက်ဆဲပဲ.. အဲ့တော့ အဲ့တတုံးမကုန်သေးဘူးဆိုပါတော့.. ဒါနဲ့ပဲ နောက်တတုံးကိုလည်း မသုံးဖြစ်သေးဘူး..

Lush shampoo bar ပုံတွေကို ဂူဂယ်လ်က ယူပါတယ်..
နောက်တခုကိုယ်ကြိုက်သွားတာက မျက်နှာပေါင်းတင်ဆေးပါ..
ဒါကိုလည်း အွန်လိုင်းကမှာပါတယ်.. Glamglow ရဲ့ website မှာတော့ ၆၉ဒေါ်လာပါ.. ဒီမှာတော့ ၉၀၀၀၀ နဲ့ရောင်းပါတယ်... တကယ်တမ်း ၆၉ ဒေါ်လာလောက်ပေးသုံးရရင် ပေးပျော်ပေမင့် ၉၀၀၀၀ ကတော့ များလွန်းပါတယ်.. လိုချင်ပြီဆို ပိုက်ဆံရှိရှိမရှိရှိ ဇွတ်လုပ်တတ်တဲ့ ကိုယ့်အကျင့်ကြောင့် ချက်ချင်းဝယ်ပစ်ပါတယ်.. ပြီးတော့လည်း ကွကိုယ်ပဲ ဇွတ်တွေကျေနပ်ပါတယ်... အနောက်ကဟာက ဘူးခွံပါ.. အယ်စတုံကြီးပါ.. ဖွင့်လိုက်တော့ အရှေ့က ဗူးသေးသေးလေးထွက်လာပါတယ်...
အနံ့ကတော့ Menthol နံ့လေးနဲ့ refreshing ပါ.. မ၀ယ်ခင် သူ့ရဲ့ ရီဗျူးတွေကို ဖတ်ကြည့်တော့ အရမ်းကောင်းတယ် ဆိုတာချည်းပဲလေ.. တကယ်လည်းကောင်းပါတယ်.. ဒါပေသိ.. အတော်များများက ဆားဝက်ခြံတွေထွက်သွားတယ်လို့ပြောထားကြပေမဲ့ ကိုယ့်ရဲ့ဆားဝက်ခြံတွေကတော့ အကြောတင်းပါတယ်.. ထွက်မသွားကြပါဘူး... ထုံးစံအတိုင်း ကပ်ခွာနဲ့မှ ထွက်ကြပါတယ်.. ထူးခြားတာကတော့ ဒီဟာလေးသုံးပြီးမှ ကပ်ခွာကပ်ရင် ပုံမှန်ထက်ကို အများကြီးနဲ့ အကုန်နီးပါး ထွက်သွားတာတော့ အမှန်ပါ.. ကိုယ့်မှာ ဆားဝက်ခြံတွေအရမ်းများလို့ပါ..... မျက်နှာကြည်သွားတာ.. သန့်သွားတာတော့ တခြားပေါင်းတင်ဆေးတွေထက်သိသာတယ်လို့ပြောရမှာပါ...
တကယ်တမ်းတော့ ကိုယ်က ပေါင်းတင်လေ တင်ထ မရှိတဲ့သူ.. ဟိုတလောကသာ တအားတွေလှချင်ပြီး လျှောက်လုပ်တာ.. တခါတလေ အလှကုန်ပစ္စည်းတွေဝယ်လို့ လက်ဆောင်ရလာတတ်တဲ့ mask အထုပ်တွေကလွဲရင် မသုံးဖူးဘူး... ခု တခြားပေါင်းတင်ဆေးတွေထက် သိသာတယ်လို့ပြောတာက အဲ့အထုပ်တွေနဲ့ယှဉ်ပြီးပြောတာပါ... အများစု သုံးဖူးတာက တိုလီမုတ်စ (Tony moly) ကအထုပ်တွေပါ.. နောက် SKII အထုပ်.. ဒါလောက်ပဲဆိုတော့ တခြားကောင်းတာတွေမသိပါဘူး... ကိုယ်သိတဲ့ဟာတွေနဲ့ ယှဉ်ကြည့်တော့ ကောင်းသည်ပေါ့.. အော်.. သူသည်လည်း ၂၀၁၄ ခုနှစ်အတွက် ဗျူးတီးအ၀ါ့တ်ဆု ရထားသည်တဲ့.. ကွာလတီပရောဒက်ကြိုက်သူများ စမ်းကြည့်သင့်ပါတယ်.. မ၀ယ်ခင် ဂူဂဲလ်မှာ ရိုက်ထည့်ရှာကြည့်လိုက်ရုံနဲ့ ရီဗျူးဖတ်ပြီး ၀ယ်မိသွားမဲ့ ပရောဒက်ပါ...
Victoria's secret ရဲ့လိုးရှင်းပါ..... တခါဝယ်သုံးဖူးပြီးထဲက အရမ်းစွဲလန်းမိသွားတာ.. ဘယ်မှာမှ ရှာမရပါဘူး... နိုင်ငံခြားမှာတော့ မပြောတတ်ဘူး.... ဗစ်တိုးရီးယားရဲ့ ၀က်ဘ်ဆိုဒ်မှာလဲမတွေ့ဘူး.. နောက်ဆုံး အမေဇုံမှာ ရှာဖွေတွေ့ရှိသွားပြီး အွန်လိုင်းက မှာထားတာပါ... အရမ်းကောင်းတဲ့ အနံ့လေးပါ.... ဘယ်လိုလေးမှန်းကိုမသိဘူး..... ဆွဲဆောင်မှုရှိတယ်လို့လည်း ထင်တာပဲ.. ကိုယ့်ဟာကိုယ်ထင်နေတာ....... :P
ကိုယ်က လိုးရှင်းအသေကြိုက်ပြီး အသေလိမ်းတာ... အသားပေါ်တခုခုလိမ်းထားရမှကျေနပ်တာ... ငယ်ငယ်တုန်းက သနပ်ခါးလိမ်းတာ.. တကိုယ်လုံး.... အဲ့တာကို အကျင့်ပါတယ်ထင်တာပဲ.. ကြီးတော့ကျတော့ သနပ်ခါးမလိမ်းချင်တော့.. (ကြီးတော့ဆိုပေမင့် ၅တန်းလောက်ထင်တာပဲ.. :P) အလွယ်မရတာလည်း  ပါပါတယ်.. သနပ်ခါးဗူးတွေတော့ မကြိုက်ဘူး.. သွေးလည်းမသွေးနိုင်တော့ လိုးရှင်းပဲလိမ်းဖြစ်တော့တာ... အချို့လူတွေက အဲ့လိုမွှေးတဲ့လိုးရှင်းဆို ရေမွှေးဆွတ်သလိုပဲ ဟိုနားတို့လိမ်း ဒီနားတို့လိမ်း လုပ်တာကိုယ်မြင်ဖူးတယ်... လူတကိုယ်အကြိုက်တမျိုးပေါ့...

ဒါတွေကတော့ ကိုယ်ရေးချင်တဲ့ ရီဗျူးပါ..
ကျန်တာတွေကတော့ ရှိုးကေ့စ်လို့ပဲသဘောထားပေးပါ.. တရက်မှန်တင်ခုံရှင်းဖြစ်ရင်းနဲ့ ဓါတ်ပုံတွေရိုက်ထားဖြစ်တာပါ..
ရှုပါ..
ပိုင်ဆိုင်သမျှအကုန်ပါ.. မျက်လုံးကို သိပ်မပြင်ဖြစ်ပါဘူး... သိပ်လည်း မပြင်တတ်ပါဘူး... နေ့တိုင်းရုံးသွားနေရတာပဲဆိုတော့ မျက်လုံးပြင်တာကို အလုပ်တခုအနေနဲ့လည်း အချိန်မပေးနိုင်ပါဘူး... ရုံးချိန်မီအောင် မနဲကြိုးပမ်းရတာမို့.... မျက်နှာပြောင်နဲ့ပဲ အလုပ်ရောက်တာများပါတယ်.. NYX ဘူးလေးက အွန်လိုင်းရှော့ပင်းက ဟန်းဆက်မှာလို့ ကိုယ့်ကိုပေးဖူးတဲ့ လက်ဆောင်လေးပါ.. ဘာမှ အဖိုးမတန်ပေမင့် အဲ့လိုလက်ဆောင်ရရင် အသေပျော်တာ.. ဒီပို့စ်အဆုံးမှာ ကိုယ်မှာတဲ့ အွန်လိုင်းရှော့ပင်းနေရာလေးတွေပါတင်ပေးပါ့မယ်..
media သည်လည်းပဲ လက်ဆောင်ရထားတာ.. Lancome ကတော့အမေ့ကို သူများလက်ဆောင်ပေးထားတာကို ဓါးပြတိုက်ထားတာ.. ကြာလှပြီ..
Revelon က ငယ်တုန်းရွယ်တုန်း အမေ၀ယ်ပေးထားတာ.... Pupa ကတော့ ကိုယ်ကိုယ်တိုင် ကြိုက်လွန်းလို့ဆိုပြီး ထွက်ထွက်ချင်း သွားဝယ်ထားတာကို မှတ်မိတယ်.. အဲ့ဒီ့ဘူးဆင်တူလေး ကိုယ့် လုပ်ဖော်ကိုင်ဖက်ဟောင်း သူငယ်ချင်းအမတယောက်ဆီမှာလည်း ရှိတယ်.. ၂ယောက်လုံး ကြိုက်လွန်းလို့ ဆင်တူဝယ်ပြီး ခြယ်ကြတာ... ခုတော့ အဲ့ဒါတွေ တခုမှမသုံးဖြစ်ဘူး.. တခါတလေ ပွဲလမ်းသဘင်ရှိမှသာ နဲနဲဆိုးဖြစ်တယ်.. ဒါပေသိ ခု Naked palette လေးတော့ လိုချင်မိသေးလို့.. ချစ်သူပြန်သွားရင် ၀ယ်ရဦးမယ်လို့ တေးထားတယ်.. သူက အဲ့လို့ပစ္စည်းတွေ ဈေးကြီးပေးဝယ်ရင် မျက်စိစပါးမွှေးစူးတတ်လွန်းလို့.. တကယ်လည်း သိပ်မသုံးဖြစ်တော့ ၀ယ်ပြီးရင် အပိုဖြစ်မှာလေ.. ဒါပေမဲ့လည်း လိုချင်တာကိုးလို့...
ဒါကိုလည်း စွဲစွဲမြဲမြဲသုံးဖြစ်နေတာ ၃-၄ နှစ်လောက်ရှိပြီ.. ကောင်းလှချည့်တော့ မဟုတ်ပေမင့် စသုံးမိတုံးက အရမ်းကြိုက်သွားပြီး နောက်တမျိုးမသုံးပဲ ဒါကိုပဲ ထပ်ထပ်ဝယ်မိနေတာ.. ခုဆိုရင် ၄ ဘူးလောက်တော့ရှိပြီ.. တခါသုံးရင်လည်း အကြာကြီးပဲလေ... Body Shop က Lip balm ပါ... စတော်ဘယ်ရီအနံ့လေးကို ကြိုက်ရာက အစပြုပါတယ်.. ဒီဘူးတွေကုန်ရင်တော့ တခြားတံဆိပ်တခု ပြောင်းသုံးတော့မှာ.. နှုတ်ခမ်းအရမ်းကွဲရင် အဆင်မပြေပါဘူး.. vaseline နဲ့ပို အဆင်ပြေတယ်..
ဒါတွေလည်း ကိုယ့်မှာရှိတာအကုန်ပါ..
Super FAT လို့မြင်ရတဲ့ဟာက NYX ကပါ.. ရှေ့က NYX လို့မြင်ရတဲ့ Liquid liner ကိုကြိုက်ရာက တခြား NYX တွေလည်း ကောင်းလိမ့်မယ်လို့ ထင်မှတ်မှားပြီး အဲ့ဒီ့ စူပါဖက်မာကာ ကို ၀ယ်မိတာ.. လုံးဝမကြိုက်လို့ တရက်သုံးပြီး ထပ်မသုံးမိဘူး... တအားပြန့်လွယ်ပါတယ်.. Eye primer နဲ့သုံးရင်တော့ ဘယ်လိုနေမယ်မသိပေမင့် ဒီတိုင်းဆွဲတတ်တဲ့ ကိုယ့်အတွက်တော့ လုံးဝ အဆင်မပြေပါဘူး... အဆီထွက်တဲ့ အသားအရေကြောင့်လည်း ဖြစ်နိုင်ပါတယ်..
NYX liquid liner ကိုတော့ အရမ်းကြိုက်ပါတယ်.. တနေကုန်ခံသလို ဖျက်ရတာလည်း တအားလွယ်တယ်.. ဘာဖျက်ဆေးမှမလိုဘဲ မျက်နှာသစ်ရုံနဲ့ပျက်ပါတယ်.. မျက်နှာသစ်ရုံနဲ့ပျက်တယ်ဆိုပေမင့် မျက်နှာပေါ်မှာနေရင်လည်း တနေကုန်နေပါတယ်.. ဈေးလည်း သိပ်မကြီးပါဘူး.. သူ့ website မှာ ဘယ်လောက်မှ မတန်ပေမင့် ဒီအရောက်ဈေးကတော့ အနဲငယ်များတုန်းပါ... သုံးပျော်ပါတယ်.. ဈေးပေါပေါနဲ့ ဘယ်မှာဝယ်လို့ရမလဲဆိုတာတော့ မသိပါဘူး.. အလွယ်တကူ အွန်လိုင်းရှော့ပင်းနဲ့ပဲမှာသုံးပါတယ်..  ဒါနဲ့ဆို ၂ဗူးရှိပြီ..
Make up store ကတော့ မော်ဒယ်စမိုင်းဖွင့်ထားတဲ့ ဆိုင်ပါ.. သူလည်း ဆွဲလို့ကောင်းတယ်.. မခံပါဘူး.. နောက်တခါဝယ်မသုံးမဲ့တံဆိပ်ပါ.. တသောင်းကျော်ပေးရတယ်.. အတိကျတော့ မသိတော့..
bobbi brown ကလည်း သူ့ဟာနဲ့သူကောင်းပါတယ်.... ဆွဲလို့လည်းကောင်းတယ်.. ခံလည်းခံတယ်.. ဖျက်ရလည်းလွယ်တယ်.. စွဲစွဲလမ်းလမ်းကြီးတော့ မဖြစ်မိဘူး.... ဒါကတော့ အမေ၀ယ်ပေးတာဆိုတော့ ဘလောက်လဲမသိပါဘူး.. အမေ၀ယ်ပေးတာဆိုပေမဲ့ ကိုယ်အတင်းမှာတာပါ... အမေက ကိုယ်အနိုင်ကျင့်တာ ခံရတာပေါ့.. ခု ခရီးသွားဦးမယ်ဆိုတော့ အဖေက အမေ့ကို မှာထားသတဲ့.. နင့်သမီးအတွက်ဝယ်မယ်လို့ စဉ်းစားထားရင် လိုက်မလာနဲ့တဲ့.. ရက်စက်ပါ့...
ဒါလည်း ချမ်းသာသမျှအကုန်ပါ.... ဒီတံဆိပ်ကို ကြိုက်မိလို့ ကုန်ရင် တခြားဟာပြောင်းမသုံးဘဲ ဒါကိုပဲ ထပ်ထပ်ဝယ်မိတယ်... ဒီမှာဝယ်ရင် မတန်တဆဈေးပေးရလို့ ခရီးသွားမှဝယ်ဖြစ်ပါတယ်...... ဈေးနှုန်းတွေတော့ မမှတ်မိတော့ပါဘူး.... ဘယ်ဘက်အစွန်ဆုံးက Matte makeup ပါ.. ညက်ညက်လေးနဲ့ တနေကုန်လှပါတယ်.. နောက်တခုက Makeup base ပါ.. မျက်နှာပြောင်ပြောင်လေးဖြစ်စေပါတယ်.. loose powder ကလည်း သိပ်သိပ်သည်းသည်းလေးနဲ့ သဘာဝကျပါတယ်... compact makeup ကတော့ ကိုယ်အကြိုက်ဆုံးပါ.. တကယ့်ကို လိမ်းရတာရော.. မျက်နှာပေါ်အသားကျတောရော အရမ်းအဆင်ပြေပါတယ်.. သူက sponge ရော brush လေးရော ၂ခုပါတယ်.. ကြိုက်သလိုလိမ်းလို့ရတယ်.. ဒီဘက်အပြင်ဘက်ဆုံးက cream compact makeup .. ဒါသည်လည်း မဆိုးပါဘူး..
ခုတော့ MAC ကိုပြောင်းသုံးကြည့်မလားလို့ စဉ်းစားနေတယ်.. တခုခုဆို စွဲမြဲပြီး အကြာကြီးသုံးတတ်တာ အကျင့်ဖြစ်နေလို့ ၃-၄ နှစ်လောက်ကြာမှ နောက်တခုပြောင်းဖို့သတိရတာ.. မျိုးစုံဝယ်ပြီး စမ်းသုံးရလောက်အောင်လည်း ပိုက်ဆံမပေါတာပါမှာပါ... တအားပေါနေရင်တော့ ၀ယ်ဖြစ်ရင်ဝယ်ဖြစ်နေမယ်လို့ ထင်တာပဲ....
ဒါလည်း တံဆိပ်ပြောင်းမသုံးတတ်တဲ့ ကိုယ့်အကျင့်ကိုမြင်ရမှာပါ... metallic ဗူးလေးတွေက clinique ပါ.. ၃ဗူးတွဲရက်ထဲက Blushing nude ဆိုတဲ့ကာလာလေးကို လိုချင်လို့ ၃ဗူးလုံးယူခဲ့ဖူးတာ..... နောက် ၂ရောင်ကိုလည်း လုံးဝမကြိုက်တာ..... အဲ့ဒီ့ blushing nude ကိုပဲထပ်ထပ်ဝယ်ပြီးသုံးနေတာ အနဲဆုံး ၄ဗူးလောက်ရှိပြီထင်တယ်... အဲ့အရောင်နဲ့ ကိုယ်နဲ့ လိုက်တယ်လို့ထင်လို့လေ.... Bobbi brown ဗူးလေးတွေကအရောင်နံမယ်တွေတော့ မသိဘူး... တဗူးက rose brown လို့ထင်တယ် .. အဲ့ဒီ့အရောင်က လုံးဝကို ထပ်မထွက်တော့လို့ နောက်ဗူးတွေက အဲ့ဒီ့အရောင်နဲ့ နီးစပ်တဲ့အရောင်လို့ထင်ပြီး ၀ယ်ထားတာတွေ.. နှုတ်ခမ်းနီထဲမှာတော့ ဒီတံဆိပ် ၂ခုကို အရမ်းကြိုက်လို့ စွဲမြဲပြီးသုံးနေတာ အတော်ကြာပြီ...... ဒီဘက်အစွန်ဆုံးက make up store ကပဲ.. အိုင်းလိုင်နာနဲ့အတူဝယ်လာဖြစ်တာ.. အနီရဲရဲ.. ကိုယ်နဲ့တော့ သိပ်မလိုက်ဘူးလို့ပြောကြပေမဲ့ ဆိုးချင်လို့ကို ဆိုးပါတယ်.. သိပ်မကြိုက်ဘူး.. ခုနကပြောသလိုပဲ နောက်ထပ်မ၀ယ်မဲ့ တံဆိပ်ပါ..... အရှေ့ကတော့ Dior.. ကြိုက်လို့ထပ်ဝယ်ဦးမယ်လို့ မနေ့တနေ့က အွန်လိုင်းမှာ အရောင်ရှာတော့ အဲ့ဒီ့အမျိုးအစားကိုမရှိတော့တာ... အေးတာပဲ..
ဒါကိုလည်းပဲ MAC ကိုစမ်းသုံးမယ်.. အရင်က MAC ကိုတွေ့ရင် ပစ်ပစ်ခါခါနဲ့ကို လုံးဝလှည့်မကြည့်တတ်ဘူး.. အဲ့ဒီဆိုင်ဘက်ကို ယောင်လို့တောင်မလှည့်ဘူး.. ကြည့်မိရင်လည်း မျက်နှာလွှဲတယ်.. ဘာမှန်းကိုမသိတာ.. ခုကျတော့လည်း အဲ့ဒီ့ MAC ကိုပဲ စမ်းချင်ပြန်ပြီ..
ဒါလေးတွေက လက်ဆောင်ရထားတာ..... Dior palett လေးကကိုယ့်ရဲ့ အချစ်ရဆုံးသူငယ်ချင်းပေးထားတာ..... သိပ်မသုံးဖြစ်ဘူး... အဲ့တော့ ကောင်းလားမကောင်းလား ဘိုပြောရမလဲမသိဘူး....
ဒီဘက်ကဟာက Dior mascara.. ဒါလည်း ကိုယ့်ရုံးက အမကြီးတယောက်လက်ဆောင်ပေးထားတာ..... mascara လည်း သုံးလေ့သုံးထမရှိဘူး....... တကယ့်ကို စိတ်လိုလက်ရရှိမှ တခါလောက်သုံးဖြစ်တယ်..
ဒါလည်း တော်ရုံတန်ရုံသိပ်မသုံးဖြစ်ဘူး..... Elizabeth arden ကလက်ဆောင်ရတာ... သူက cream type.. ကောင်းတယ်... ဘော်ဘီကတော့ ကိုယ်ကြိုက်လို့လားမသိဘူး.. ဘယ်ဟာဖြစ်ဖြစ်ကောင်းတယ်လို့ထင်နေတာပဲ.... သူ့ရဲ့ မိတ်ကပ်တွေလည်းကြိုက်တယ်.. ရုံးကစားပွဲပေါ်ရောက်နေလို့ ပုံထဲမယ် မပါရှာဘူး...
အလှကုန်ပစ္စည်းဒါအကုန်ပါပဲ....
မိတ်ကပ်ပြင်တာဝါသနာပါပေမဲ့ လေ့ကျင့်ဖို့အတွက်ရော နေ့တိုင်းပြင်ဖို့အတွက်ပါ အချိန်မပေးနိုင်ပါဘူး.... တအားအလုပ်ရှုပ်လို့တော့ မဟုတ်ဘူး.. ကိုယ်အိပ်တဲ့ အချိန်တွေထဲက ဖဲ့မပေးနိုင်တာပါ..... ၅ မိနစ်ရရ ၁၀ မိနစ်ရရ အိပ်ချင်တဲ့အတွက် ရုံးသွားခါနီး မိတ်ကပ်ပြင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ.... ၂လမှာ ၁ခါလောက်တော့ မိတ်ကပ်လိမ်းပြီး ရုံးတက်ဖြစ်တယ်ထင်တယ်.... အချိန်တော်တော်များများက အိုင်းလိုင်နာနဲ့ နှုတ်ခမ်းနီပဲ... မျက်နှာပြောင်နဲ့ မနေချင်တာလည်းပါတယ်.. ဒါတောင် တခါတလေ မျက်နှာပြောင်တိုက်ပြီး နေတတ်သေးတယ်...
ပိတ်ရက်အပြင်သွားမယ်ဆိုရင်တော့ နာရီဝက်လောက်အချိန်ပေးပြီး အလှပြင်တတ်တယ်... စိတ်လိုလက်ရရှိရင်ပေါ့....
တကယ်တော့ ပြင်ပြင်ဆင်ဆင်နေရတာကို အရမ်းကြိုက်ပါတယ်... မိန်းကလေးဆိုရင် ပြင်ဆင်ပြီးနေတာ ပိုကြည့်ကောင်းတယ်ထင်တယ်... ဘယ်လိုပဲ လူတကိုယ်အလှတမျိုးဆိုပေသိ... ပြင်ဆင်ထားတာကို ပိုကြိုက်ပါတယ်... ကိုယ်ကိုယ်တိုင်တော့ ဘိုသီဘတ်သီနဲ့တသက်လုံးနေပါတယ်.. ခစ်ခစ်ခစ်...
ခရီးသွားရင်တော့ နေ့တိုင်းလိုလို မနက်မိုးလင်းတာနဲ့ ရေမိုးချိုး အလှထိုင်ပြင်ပါတယ်... ဖိုတိုရယ်ဒီဖြစ်ချင်လို့ပါ..... လူကသာမလှတာ..... ဓါတ်ပုံရိုက်ရတာကိုလည်း အသေကြိုက်တာ.....
တကယ်တော့ ရေမွှေးလေးတွေပါပြချင်တာ.... ပို့စ်က နဲနဲရှည်သွားပြီမို့ နောက်မှပဲဆက်တော့မယ်......

မေ့သွားလို့..
ကိုယ်ဝယ်နေကျ အွန်လိုင်းရှော့ပင်းလေးတွေပြောမို့... ဘာမှမတော်ပါဘူး.. ကော်မရှင်လည်း မစားပါဘူး... ကြော်ငြာပေးတာလည်း မဟုတ်ပါဘူး.. ကိုယ်ဝယ်ရတာ အဆင်ပြေလို့ မျှတာပါ....
Momos'n D for Her
ဒီတခုက ကိုယ်ဝယ်ဖြစ်နေတာ ၁နှစ်လောက်ရှိပြီ.. ခုနကပြောတဲ့ NYX အိုင်းရှဲဒိုး လက်ဆောင်ပေးတဲ့နေရာပါ... မနှစ်က ကိုယ်အိုင်ဖုန်းကို ထွက်ထွက်ချင်း နံ့နံ့တက်လိုချင်တုန်းက... ဘန်ကောက်က စတိုးဆိုင်တွေမှာတောင် ပစ္စည်းပြတ်တုန်းက... တခြားဘယ်အွန်လိုင်းဆိုင်ကမှ အော်ဒါလက်မခံတုန်းက..... အော်ဒါလို့ရတယ်ဆိုပြီးပြောလို့ .. စမှာဖြစ်ပြီးတည်းက အရမ်းအဆင်ပြေခဲ့တဲ့နေရာပါ... တခြားဘယ်အွန်လိုင်းစတိုးရယ်လို့တော့ မဟုတ်ပါဘူး.. American store ကိုကိုယ်လှမ်းမေးတုန်းက မရဘူးပြောပါတယ်.... အပ်ပဲစတိုးမှာတောင် ပစ္စည်းပြတ်နေတယ်တဲ့... ရရင်ပြောမယ်ဆိုပြီး ရတော့ မတန်တဆဈေးနဲ့ပြောပါတယ်... အဲ့ကတည်းက ဒီဆိုင်လေးနဲ့ကိုယ်နဲ့အဆင်ပြေခဲ့တာ.... တခြားပစ္စည်းတွေလည်း ကိုယ့်ဟာကိုယ်ရှာဖွေပြီး Link ပြပြီး မှာလို့ရပါတယ်... ဈေးလည်း မဆိုးဘူးလို့ပြောရမှာပါ...... ကိုယ်တခြားအွန်လိုင်းရှော့ပင်းတွေမှာ ပစ္စည်းတခုထဲကို ပြပြီးလှည့်လည်ဈေးမေးကြည့်ပေမဲ့ သူ့ဆီက အသက်သာဆုံးပါ.....
Cosmetics carzy
ဒါလေးကတော့ ပေါ်တာမကြာသေးပါဘူး.... ကိုယ်အပေါ်ဆုံးမှာပြထားတဲ့ ဆပ်ပြာခဲနဲ့ ပေါင်းတင်ဆေးက သူ့ဆီကပါ... ရီဗျူးလေးတွေလည်း တခါတလေတင်ပါတယ်.....
နောက်ဆုံးပေါ် အလှကုန်ပစ္စည်းစုံပါတယ်... ဒါပေသိ... စကားပြောဆိုတာ နဲနဲ မာရေကြောရေရှိပါတယ်..
နောက်ထပ်ရွေးစရာရှိရင် ဒီဆိုင်ကမ၀ယ်ဘူးဆိုတဲ့အထဲကပါ......
အထူးသဖြင့် ဈေးနှုန်းမေးရင် ကောမန့်ဘော့စ်က မဖြေတာပါ.. မက်စိပို့ပီးမေးဆိုတာ ကာစတမ်မာကို အဆင်မပြေဖြစ်စေတယ်လို့ထင်တာပဲ.. တကယ်လို့ လူမြင်ကွင်းမှာ မပြောချင်ဘူးဆိုလဲ လာမေးတဲ့သူကို တိုက်ရိုက် အမမေးတဲ့ ပစ္စည်းလေးကတော့ ဒီလောက်ပါလို့ ပရိုင်းဗိတ်လီး ပြန်ပြောရင်အဆင်ပြေရဲ့သားနဲ့... ဒါကတော့ ကိုယ်ထင်တာပါလေ....

Monday, January 12, 2015

ရောက်တတ်ရာရာ-၎

ယူဂိန်းလို့ အသံထွက်တယ်ထင်ပေမဲ့.. ယူဂါနီးလို့ အသံထွက်ကြတာလည်း ရှိတယ်ဆိုတဲ့ ဘာလို အသံထွက်ရမှန်းမသိတဲ့ ဆိုင်ပေါ့နော်....
ပုလဲကွန်ဒိုမှာ... အသစ်ဖွင့်တဲ့ဆိုင်တို့ရဲ့ထုံစံအတိုင်း ကြိတ်ကြိတ်တိုးပါတယ်... ညနေစာ စားချိန်ရောက်သွားတာမို့ စောင့်လည်းစောင့်ရပါတယ်.. ဆိုင်အပြင်က ခုံတန်းလေးမှာ တိုကင်ကတ်ပြားလေး ကိုင်ပြီး ထိုင်စောင့်ရတာပါ.... ဆိုင်အပြင်မှာ မီနူးကိုပြထားတာမို့ တခါတည်း ရွေးထားလိုက်တယ်... မိနစ် ၂၀ လောက်စောင့်အပြီး ခုံရပြီဆိုတဲ့အချိန်မှာ ဗိုက်ကလည်း အတော်ဆာနေပြီလေ.. မှာစရာရှိတာမှာပြီးတော့ သူတို့က ခုံမှာလာကြော်ပေးတာပါ.... စိတ်မရှည်ချင်စရာကောင်းအောင် ကြာတာပေါ့နော်.. ကိုယ်က မဟားတရားဆာနေပြီကိုး... 
ပဲကြာဇံကြော်တဲ့.. စားပွဲထိုးလေးကြော်ပေးနေတဲ့အချိန်မှာ.. အဆာပြေစားထားနှင့်တာပေါ့..  ချိုတိုတိုလေးနဲ့ စားကောင်းတယ်ပြောရမှာပါ... ၆၀၀၀ လို့တော့ထင်တာပဲ..
မစားဖူးမသောက်ဖူးဆိုတော့ ကြက်ဥလိပ်ကြော်ပါမှာစားတယ်.. ကွကိုယ်ကြော်တာဆို ပိုကောင်းမယ်လို့ထင်တယ်.. အလေးစားသူမို့ သူ့ကြက်ဥကြော်က ပေါ့ရွှတ်ရွှတ်လိုဖြစ်နေတယ်.. ၃၀၀၀ တဲ့..
နောက်ဆုံးတော့ ပဲကြာဇံတပွဲကုန်သွားတဲ့ အချိန်မှာ ကြော်ပြီးသွားပါတယ်.. ကြော်ပြီးသားပုံကတော့ ဖျက်ပစ်လိုက်မိတယ်ထင်ပါတယ်.. ပို့စ်ရေးတဲ့အချိန်မှာ မရှိရှာတော့ဘူး... ကြော်တဲ့အထဲမယ် ထမင်းပါပါတယ်..  ပုံမှာမြင်ရတာက ၂ယောက်စာပါ.. ရေဘ၀ဲမထည့်ခင်အခြေနေ.. စကြော်ခါစ အချိန်ကပုံပါ...  တယောက်စာကို ၁၀၀၀၀ လားမသိဘူး...
စုစုပေါင်း ၃၀၀၀၀ လောက်ကျပါတယ်... တက်စ်ကောက်ပြီး တံဆိပ်ခေါင်းကပ်မလာလို့ ပြန်ကပ်ခိုင်းရပါတယ်.. 
ပြောရရင်တော့ ပုံမှန်ပါပဲ... အရမ်းစားကောင်းလှချည်ရဲ့လို့လဲမဟုတ်ပါဘူး.. အပြန်ကျတော့လည်း ရွံစရာကောင်းလောက်အောင် အကျီင်္တွေမှာ ညှော်လာပါတယ်..
နောက်တခါ သွားစားမဲ့ ဆိုင်ထဲတော့ မပါပါဘူး...

နောက်ဆိုင်တဆိုင်က Rangoon Tea House ပါ.. မဖွင့်ခင်တည်းက ဖေ့ဘုတ်မှာတွေ့ပြီး စိတ်ဝင်စားနေတာ... ခုထိလည်း ဆော့ဖ်အိုးပင်းနင်းပဲရှိသေးတယ်... သွားချင်နေတာလည်း ကြာပြီ... ပန်းဆိုးတန်းမှာဆိုတော့ ကွကိုယ် နန့်နန့် နန့်နန့်နဲ့ သွားဖို့ စိတ်ကူးမရှိပါဘူး.. ချစ်သူကလည်း ပြန်လာတော့မှာဆိုတော့ ချစ်သူပြန်အလာကို စောင့်နေခဲ့တာ...  စကားမစပ်ချစ်သူလည်း ပြန်ရောက်ပါပြီ... ၂ယောက်လုံးမျှော်လင့်ထားသလို ပြန်တွေတဲ့အချိန်မှာ ပျော်ရွှင်ကြည်နူး တစ်တီမတူးနိုင်ဘဲ.. ရန်ပွဲနဲ့စပါတယ်... ဖြစ်ပုံက သူ ကာစတမ်မဖြတ်ခင် ကျီးကြည့်ကြောင်ကြည့် ကြည့်နေတည်းက  ကိုယ်က သူ့ကိုမြင်တယ်.. မျက်လုံးချင်းစုံအောင် လိုက်ကြည့်သော်ငြားမြင်နိုင်ဖွယ်မရှိတော့.. အေးအေးဆေးဆေး သူထွက်လာမဲ့ အပေါက်ကသွားစောင့်တယ်.. လေယာဉ် ၃ စီးလောက်ပြိုင်ဆိုက်နေတာဆိုတော့ လူတွေကတော့ရုတ်ရုတ်သဲသဲပဲ.. ကြာလှချည်လားဆိုပြီး ကာစတမ်ဘက်မြင်နိုင်တဲ့နား သွားထပ်ချောင်းတယ်.. မတွေ့.. ဒါနဲ့ ခုနက အပေါက်နား သွားထပ်စောင့်တယ်..  ကြာတယ်ပေါ့.. လူတောင်ကုန်တော့မယ်.. ဒင်းဘာကြာနေပြန်ပလဲပေါ့... ခဏနေတော့ ကိုယ့်နာမည် အပြည့်အစုံကို ခပ်မာမာခေါ်သံကြားတယ်... ၁ခါခေါ်တယ်.. ၂ခါမြောက်မှာ ကြည့်လိုက်တော့ ဒင်း.. အနားကပ်သွားတော့ လူကို စပြီး ငေါက်ပါတော့တယ်.. ဘယ်ကိုကြည့်နေလို့ မမြင်ရတာလဲ.. ပြန်လာတဲ့သူက သူ့ကိုပြန်ရှာရတယ် ဘာညာနဲ့ မျိုးစုံ အော်ဟစ်ပါတော့တယ်.. ဒါနဲ့ပဲ လေဆိပ်အကြို အိုးပင်းနင်းစင်းလေးက သိပ်ကိုလှပနေတာပေါ့.. ခစ်ခစ်..
ထားတော့...  ပြောမှာက ရန်ဂူးတီးဟောက်စ်..
စားခဲ့တာတွေတော့ အောက်မှာရှု..
လက်ဖက်ရည်အအေး.. ချိုစိမ့်... ကိုယ်သောက်တာ...
လက်ဖက်ရည် ၁၆ မျိုးလောက်ရှိပါတယ်.. အအေးအပူနှစ်သက်ရာ ရွေးချယ်လို့ရသည်ပေါ့... သူ့ ဖေ့ဘုတ်မှာ မိနုရှိ
ဒါက အပူ.. ဘာလဲတော့မသိဘူး.. ချစ်သူသောက်တာ...
ပြည်ပလာတာ.. ဖေးဗရိတ်လေ... ပဲနီလေးနဲ့ချက်ထားတဲ့ ပဲဟင်း..ကောင်းပါတယ်..
ကိုယ်စမ်းသပ်ချင်လို့ ချစ်သူကို အတင်းစားခိုင်းတဲ့ အော်ဂန်းနစ် မွင်းငါး... မဆိုးပါဘူးပေါ့.. အကောင်းကြီးတော့ မဟုတ်ဘူး..
ဒါကတော့ ကွကိုယ်စမ်းသပ်တဲ့ သုံးထပ်သားပေါက်စီ.. အချဉ်ရည်တွေ အများကြီး ထည့်ထားတာကို မကြိုက်ဘူး..
ပြီးတော့ အိမ်အတွက် ပဲပလာတာ တပွဲ.. ပြည်ပလာတာ တပွဲ.. ပါဆယ်ဆွဲတယ်.. စုစုပေါင်း ၂သောင်းကျော်လောက်ကျတယ်.. အဆင်မြင့် လက်ဖက်ရည်သောက်သည်ပေါ့.. အိမ်ရောက်တော့ ဘောက်ချာကြည့်ပြီး အိမ်က အငယ်ကောင်က ကိုယ့်ကိုလှောင်ပါတယ်.. လက်ဖက်ရည်သောက်တာ ၂၀၀၀၀ ကျော်ပေးသောက်တယ်ဆိုပြီး..
ကိုယ်ကတော့ သိပ်သွားဖူးချင်တဲ့ဆိုင်.. အသစ်ဖွင့်တဲ့ ဆိုင်ရောက်လိုက်ရလို့ ကျေကျေနပ်နပ်ပဲ..
 တကယ်တော့ ဒီပို့စ်ကို လွန်ခဲ့တဲ့ ၂ပတ်လောက်တည်းက ရေးထားတာ.. အလုပ်တွေရှုပ်လွန်းလို့ အပြီးမသတ်နိုင်ဘူး... ဒီကြားထဲ ခရီးတခုထွက်ပြီးပြီ.. ခရီးသွားပို့စ်အမည်ခံ စားစရာပုံတွေချည်းပဲ တပို့စ်လာပါဦးမယ်...