Tuesday, July 29, 2014

ဟော့ပေါ့ နဲ့ ချစ်သူနဲ့ ကျမနဲ့

ဟော့ပေါ့ဆိုတဲ့စားစရာနဲ့ ချစ်သူနဲ့ကျမအကြောင်းပါ....
ဘာအကြောင်းပြောပြော ချစ်သူနဲ့ကတော့ လွတ်မယ်မထင်ပါ....
တရက်မှာ ရုံးကသူငယ်ချင်းတွေနဲ့ ဟော့ပေါ့သွားစားဖြစ်တော့ ချစ်သူကို လွမ်းပါတယ်.. (မဟုတ်လည်းလွမ်းတာပါပဲ)... လွမ်းတာရော.. သတိတွေရနေတာရောပေါ့..
ကျမနဲ့ချစ်သူက အစားစာ ကြိုက်တဲ့ပုံစံချင်းမတူပါဘူး... ချစ်သူစားတတ်တာတွေကို ကျမ မကြိုက်သလို... ကျမ မက်မက်စက်စက်စားတဲ့ဟာတွေကိုလည်း သူကကြိုက်ပုံမရပါဘူး....
ကျမကတော့ ၀သောသူတွေရဲ့ထုံစံအတိုင်း.... အဆီ အဆိမ့် တော်တော်များများကြိုက်ပါတယ်....
ဒီနေရာမှာ ကျမရဲ့ မကောင်းတဲ့အကျင့်လေးတွေလည်း ထည့်ပြောပါဦးမယ်..
ရှေ့မှာလည်း ဂျီးများတဲ့အကြောင်းတွေ ရေးခဲ့ဖူးပြီးပါပြီ.. 
ကျမက အစားကို ကြိုက်သလောက် ဂျီးကလည်း အသေများပါတယ်.. လူမြင်ကတ်စရာကောင်းလောက်အောင်ကို ဇီဇာကြောင်တာပါ... လူအမြင်ကတ်တာပဲ ခံလိုက်မယ်... အကျင့်တော့ မပြင်နိုင်သလို မကောင်းတာလည်း မစားချင်ပါ...
မကောင်းတဲ့ အစာတခုအတွက်နဲ့တော့ ၀ရတာမတန်ဘူးလေ.. ၀တာချင်းတူတူ ကောင်းတာလေးတွေစားပြီး ၀ရတော့ စိတ်ကျေနပ်စရာကောင်းတာပေါ့.... ထားပါတော့.. စကားဆက်ရရင်.. ဇီဇာကြောင်တဲ့အကြောင်း....
ကျမ မလိုင်ကြိုက်တယ်.. ဒါပေမဲ့ ဆိုင်တိုင်းက မလိုင်ကိုမစားဘူး.... မေမြို့ကမလိုင်.. မေမြို့ကဆိုလည်း တဆိုင်တည်းက မလိုင်.. အဲ့ဆိုင်က မဟုတ်ရင် မလိုင်လို့ကို မထင်ရအောင် မစားပါဘူး..... တခါတလေတော့ ရွှေပုစွန်က ရက်စ်မလိုင် ဆိုတဲ့ဟာကို စားဖြစ်တယ်.. အဲ့ဒါကိုတော့ ကြိုက်တယ်... တခြားမလိုင်ဆိုရင် အားနာပါးနာတောင် တကိုက် မကိုက်တတ်ဘူး.....
မုန့်ဟင်းခါး .. အုန်းနို့ခေါက်ဆွဲ.. ကြိုက်တယ်... တပတ် တခါ.. ၂ ပတ်တခါလောက်တော့ စားချင်စိတ်ဖြစ်တတ်တယ်... ဒါပေမဲ့ ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့ မုန့်ဟင်းခါး.. အုန်းနို့ခေါက်ဆွဲဖြစ်နေပါစေ.. အကြော်နဲ့ ငရုတ်သီးမှုန့်မပါရင် လှည့်ကို မကြည့်တော့ဘူး..... စားလည်း မစားတတ်ဘူး.....
သီဟိုစေ့.. ကြိုက်တယ်... တော်တော်များများကို တထိုင်တည်း စားနိုင်တယ်.. ဒါပေမဲ့ ရေခဲမုန့်တို့.. ဒံပေါက်တို့.. ထောပတ်ထမင်းတို့ထဲ ပါလာရင် သေသေချာချာကို ဖယ်ထုတ်တယ်...
ကြက်သွန်.. အသားသုပ်တို့ အရွက်သုပ်တို့ထဲမှာပါရင် စားတယ်... မုန့်တီသုပ်တို့.. အုန်းနို့ခေါက်ဆွဲတို့ထဲမှာ  ပါလာရင် အသေမုန်းပြီး မရမက ဖယ်ပါတယ်......
ဝက်သား.. ၀က်ခေါက်ကင်ဆိုရင် ဘယ်အချိန်မြင်မြင် ငမ်းငမ်းတက်ဖြစ်တယ်.. ဒါပေမဲ့ ဟင်းထဲပါလာတဲ့ ၀က်ခေါက်တို့ ၀က်ဆီတို့ဆို သိပ်မုန်းပါတယ်.... စားလည်း မစားတတ်ဘူး..... ၀က်သားဆိုလည်းကြိုက်ပေမဲ့ ဟင်းအနှစ်နဲ့ချက်ထားတာကို တော်ရုံတန်ရုံ လုံးဝမစားဘူး.....
ရေခဲမုန့်ဆိုလည်း အသေကြိုက်ပေါ့.. ငယ်တုန်းရွယ်တုန်းကဆို ဘူးအကြီးကြီးကို တယောက်တည်းစားတာတို့ ဘာတို့ပေါ့..... ဒါပေမဲ့ ဗမာဖြစ်ရေခဲမုန့်တို့ တော်ရုံတန်ရုံ ရေခဲမုန့်တို့ဆို လုံးဝကို ပစ်ပစ်ခါခါ ဖြစ်ပါတယ်.... (ထူးရေခဲမုန့်ကတော့ ခြွင်းချက်အနေနဲ့စားပါတယ်... ဒါတောင် ချောကလက်တမျိုးတည်း) ...
ချောကလက်လည်း ထို့နည်းတူပါပဲ.. ပိုးစိုးပက်စက်ကြိုက်တဲ့အထဲပါပါတယ်.... ဒါပေမဲ့ ချောကလက်တိုင်းလည်း မစားဘူး... ချောကလက်ကြိုက်တယ်ဆိုပြီး.. တွေ့ကရာချောကလက်ကျွေးတာလောက် စိတ်ညစ်တာမရှိဘူး.. 
အအေး သောက်ရင်လည်း ကြံဖန်ဂျီးများပါတယ်..... ဘယ်လောက်သောက်ချင်နေနေ.. မအေးတဲ့ အအေးကို သည်းခံပြီး မသောက်ဘူး... ရေသောက်ရင်လည်း ထိုနည်းလည်းကောင်းပဲ.. သေလောက်အောင် မငတ်သရွေ့တော့ မအေးတဲ့ရေကို ချော့တိုက်တိုက် ခြောက်တိုက်တိုက်မသောက်ဘူးပေါ့နော်...
စသဖြင့်.. အခုလို ဇီဇာကြောင်တဲ့ကျမနဲ့... ဒေါင်ကျကျ ပြားကျကျနေတတ်တဲ့ ချစ်သူတို့တွေ့တဲ့အခါမှာ... ဒီဟာကလည်း တပြသနာပေါ့..
အဓိကပြောချင်တာက ဟော့ပေါ့.. ကြားကဟာတွေက အပိုတွေထည့်ပြောတာပါ..
အဲ့လိုတော်ရုံတန်ရုံအကြိုက်မတူတဲ့ ၂ယောက်က ဟော့ပေါ့ဆိုရင်တော့ ၂ခါညှိစရာမလိုလောက်အောင် ကြိုက်ကြတယ်.. ဘယ်အချိန်သွားစားစား ဘယ်လောက်စားစား မရိုးကြဘူး..
သူများတွေက ဟော့ပေါ့ဆိုတာ လူအများနဲ့စားမှတန်တာတို့ ပျော်စရာကောင်းတာတို့ပြောကြပေမဲ့... ကျမကတော့ ချစ်သူနဲ့ ၂ယောက်ထဲ စားရတဲ့ ဟော့ပေါ့ကသာလျှင် အကောင်းဆုံးလို့ထင်တာပါ.. လူအများနဲ့ စားတဲ့အခါ ကိုယ်မကြိုက်တာတွေလည်း အိုးထဲပါနေတယ်လေ.. ညှီတတ်တဲ့ဟာမျိုး အနံ့ပြင်းတဲ့အရွက်မျိုးတွေပါလာရင် စားရတာ ဖီးလ်ကွေးပါတယ်.. ၂ယောက်တည်းဆိုတော့ အဲ့လိုဟာတွေ သူစားချင်နေဦးတော့ အနိုင်ကျင့်ပြီး မထည့်နဲ့လို့ ပြောလို့ရတာမျိုးလေ.. အဲ့လိုပြောစရာမလိုလောက်အောင်ကိုလည်း ဟော့ပေါ့စားရင်တော့ တက်ညီလက်ညီရှိကြတယ်..
ဟော့ပေါ့ကြိုက်တော့ ဟော့ပေါ့ဆိုင်တွေ ပေါ်သမျှ လိုက်စားကြည့်ကြပေမဲ့ ရွှေကောင်းလောက်ကို ဘယ်ဆိုင်ကိုမှမကြိုက်ဘူး.. အဲ့တော့ အမြဲလိုလို ရွှေကောင်းမှာပဲစားဖြစ်တယ်..
အသားလွှာ ၁ပွဲရယ်.. အရွက်တွေရယ်ဆို ပြည့်စုံပြီ.. တခြားဟာတွေကို မစားဖြစ်ဘူး.... ချစ်သူကတော့ ကြာစွယ်ကို ၃-၄ ပွဲလောက် တယောက်တည်း စားတတ်တယ်.. ကျမကတော့ အရွက်တွေပေါ့.. ပဲရွက်နဲ့ ဂေါ်ရခါးရွက်က ၂ယောက်လုံးအကြိုက်...  မုန်ညင်းရွက် ၃-၄ မျိုးလောက်နဲ့စားကြတယ်..
အဲ့လို ညှိစရာမလိုအောင်အကြိုက်တူနေတဲ့အချိန်မှာတောင်.. အဲ့တခုထဲကို သဘောထားကွဲလွဲကြသေးတယ်.. ချစ်သူက ဘယ်ဟာကိုမဆို.. အရည်ကဆူနေတာဖြစ်တဲ့အတွက် ခဏစိမ်လိုက်ရင် ကျက်ပြီ စားလို့ရပြီဆိုပြီး စားတယ်.. ကျမက ပွက်နေတဲ့အထဲထည့်လိုက်ပြီး နောက်တခါ ပြန်ပွက်လာမှသာ ကျက်တယ်လို့ဆိုပြီး အကြာကြီးစောင့်ပြီးမှ စားတယ်.. ဒါက ပြသနာတော့သိပ်မဟုတ်ဘူးဆိုပေမဲ့ အသားတွေထည့်လိုက်... သူက ကျက်ပြီဆိုပြီးစား.. ကျမက နောက်မှစားဆိုတော့ ကျမက စားရတာပဲနဲသလိုလိုနဲ့ စမန်တွေခုတ်ကြပေါ့...
အဲ့လိုနဲ့ ချစ်သူမသွားခင် နောက်ဆုံးတခေါက် သွားစားဖြစ်တော့ အဲ့လိုတွေ စမန်မခုတ်ကြရအောင်ဆိုပြီး .. အသားပန်းကန်ကို တ၀က်ခွဲလိုက်ပြီး ကိုယ့်ဘက်ကဟာကိုယ်စားဆိုပြီး ၂ဦးသဘောတူခွဲလိုက်ကြတာပေါ့.... ဒီလိုနဲ့စားနေရင်း မကြာခဏဆိုသလို ချစ်သူက စားမကောင်းဘူးလားဆိုပြီး မေးပါတယ်.. ကျမကလည်း ကောင်းပါတယ် စားနေတယ်လေဆိုပြီး ဒီတိုင်းပဲ ပြန်ဖြေတယ်.. အပြန်လမ်းကျတော့ ချစ်သူကပြောတယ်.. ဒီတခါ ဟော့ပေါ့စားရတာ တခုခုလိုနေတယ်တဲ့... ဘာမှန်းမသိဘူးတဲ့.. အိမ်ရောက်တော့မှ သူ ထပ်ပြောတယ်.. ခါတိုင်းလို လုမစားရလို့တဲ့ စားလို့ကောင်းတယ်လို့ကို မထင်ဘူးဆိုပြီး.... အဲ့တော့မှ ကျမလည်း သေချာစဉ်းစားကြည့်တော့ .. ခါတိုင်းဆို လုလိုက် ရန်ဖြစ်လိုက်နဲ့ ဆူဆူညံညံနဲ့ပေါ့.. အဲ့တခါကတော့ သူကလည်း သူ့ဟာသူစား.. ကိုယ်ကလည်း ကိုယ့်ဝေစုလေးကိုယ်စားနဲ့.. တိတ်ဆိတ်နေတော့ .. ချစ်သူပြောတာ ဟုတ်တယ်ပေါ့..
တကယ်တော့ ဘယ်အရာမဆို ၂ယောက်အတူတူ တက်ညီလက်ညီရှိမှသာ ပျော်ဖို့ကောင်းတာပါ.. ဟော့ပေါ့တင်မကဘူး.. ရုပ်ရှင်ကြည့်တာတောင် ၂ယောက်လုံးကြည့်ချင်တဲ့ ကားမျိုး ကြည့်ရမှသာ ပျော်စရာကောင်းတာမျိုး.... တယောက်ကြည့်ချင်တာကို တခြားတယောက်က မကြိုက်ဘဲ လိုက်ကြည့်ပေးရရင်တောင် စိတ်ထဲမှာ သိပ်ဘ၀င်မကျချင်ဘူး.. ကျမကြည့်ချင်တာကို သူ့ကို အတင်းကြည့်ခိုင်းရရင်တောင် ၂ယောက်အတူတူဆိုတာမျိုးကို မခံစားရတော့သလိုလို.. ပိုတာပဲဖြစ်မှာပါ.. ခပ်ပိုပိုတွေပဲ ပြောတတ်လုပ်တတ်တဲ့သူဆိုတော့..
ဘယ်လိုပဲဖြစ်ဖြစ်.. ကျမအတွက်တော့ ချစ်သူနဲ့အတူရှိရတဲ့ဘ၀ကသာလျှင် ပိုကောင်းတာပါ.. စကားကို အကုန်တော့မပြောချင်တဲ့အတွက်.. အခုလောလောဆယ်လို့ ထည့်ပြောပါရစေ.. ခုလောလောဆယ်တော့ တယောက်တည်း နေရတဲ့အချိန်တွေက ချစ်သူနဲ့နေရတာလောက်မသာယာပါဘူး.. ဘယ်လောက်ပဲ ကိုယ်လုပ်ချင်တာတွေကို အဆူအပူကင်းပြီး လုပ်ချင်တိုင်းလုပ်နေရပေမဲ့ တကယ်မပျော်ဘူး... စားချင်တာတွေ စားချင်တဲ့အချိန်မှာ စားချင်သလောက် ပြောမဲ့ဆိုမဲ့သူမရှိဘဲ စားနိုင်နေပေမဲ့ အဲ့ဒါ ပျော်ရွှင်မှုမဟုတ်ဘူး..... လောလောဆယ်အတွက်တော့ Two is better than one ဆိုတာ ကျမအတွက် အတော်မှန်တဲ့စကားလေးပါပဲ..
ဘာရယ်မဟုတ်ပါဘူး.. ထုံးစံအတိုင်း ချစ်သူကို လွမ်းတဲ့ လွမ်းချင်းပါပဲ..


Monday, July 21, 2014

ပိတ်ရက်ညည်းချင်း

ပိတ်ရက်တွေမှာ ဘာမှလုပ်စရာမရှိဘဲပျင်းနေရင် ဟင်းချက်ဖြစ်တယ်...
ဒီတပတ်လည်း ဘယ်မှ မသွားဖြစ်ဘဲ စနေနေ့ကို တနေကုန် အိပ်ရင်းနဲ့ပဲ ကုန်ဆုံးပလိုက်တယ်... အဲ့လို အိပ်လိုက်ရတာလောက် ကျေနပ်စရာကောင်းတာမရှိဘူး...
တနင်္ဂနွေကျတော့ အစောထမှ ညပြန်အိပ်ပျော်မှာဆိုတော့ နေ့ခင်းလောက်ထဖြစ်တယ်..
ထလာတော့ စားစရာမရှိ.. စားစရာမရှိတော့ ဟင်းချက်မယ်ကြံ.. ချက်စရာလည်းမရှိဆိုတော့.. တယောက်တည်းပဲ ဈေးဝယ်ထွက်.. ဟင်းချက်စရာ ဘာညာဝယ်ပြီး အိမ်ပြန်လာ.. တညနေလုံး ဟင်းချက်.. ရေမိုးချိုး .. စားသောက်.. စီးရီးစ်လေး တပိုင်းလောက်ကြည့်.. ဖေ့ဘုတ်ခဏတဖြုတ်သုံး.. အိပ်...
သြော်.. ချစ်သူမရှိတဲ့ ဘ၀ကြီးက ခြောက်ကပ်ကပ်နဲ့ ပျင်းစရာကောင်းတာ... (လာပြန်ပါပြီ.. မရိုးနိုင်တဲ့ ညည်းချင်း)
ချစ်သူသာရှိရင်.. ပိတ်ရက်မှာ ဟိုသွားမယ် ဒီသွားမယ်.. ဟိုဟာစားမယ် ဒီဟာစားမယ်နဲ့.. ဘယ်မှ မသွား မစားဖြစ်ရင်လဲ.. အိမ်မှာ အေးအေးဆေးဆေး စီးရီးစ်လေးတွေကြည့်... ဗိုက်ဆာရင် လက်ဖက်လေးသုပ်လိုက်.. snacks လေးတွေစားလိုက်.. အအေးလေးသောက်လိုက်.. အတူတူ ဟင်းချက်စားလိုက်နဲ့ ဘ၀ကြီးက အရမ်းသာယာပါတယ်... ဈေးဝယ်ရတာတောင် ချစ်သူပါမှ ပျော်စရာကောင်းပါတယ်.. ဘီစကစ်မုန့်တွေရောင်းတဲ့အတန်းမှာ ကိုယ်က အမြဲလိုလို ၀ယ်ဝယ် မ၀ယ်ဝယ် အချိန်ဆွဲနေတတ်တယ်.. ချစ်သူကလည်း အမြဲလိုလို ကြာတယ်ဆိုပြီး ဗျစ်တောက်ဗျစ်တောက် လုပ်တတ်တယ်... ဇွန်းတချောင်းလောက်ဝယ်ဖို့တောင် သဘောထားချင်းကမတူ.. ဘူးတွေပလုံးတွေလည်း ကိုယ်က သိပ်ကြိုက်.. ဟုတ်ဟုတ်မဟုတ်ဟုတ် ငေးမောနေတတ်တော့.. ငေးမောနေတာကြာရင် ၀ယ်ဖြစ်သွားတော့မှာကို ကြိုသိတဲ့ချစ်သူက အမြဲဆွဲခေါ်... ဒီလို ဈေးဝယ်ရတဲ့အချိန်လေးတွေကအစ လွမ်းစရာကောင်းလွန်းလှတယ်... ခု ၂လလောက်အတွင်းမှာတောင် တယောက်တည်း ဈေးဝယ်ရတာကို အသားမကျနိုင်သေးဘူး...
ဒီပိတ်ရက်မှာ စီးရီးစ်ကြည့်တာ.. ချစ်သူမရှိတဲ့နောက်မှာ ပထမဆုံးဆိုတော့.. ချစ်သူကို ပိုးစိုးပက်စက်လွမ်းမိပါတယ်.. အအေးသောက်မိတာတောင် ဘာလိုနေမှန်းမသိဘူး.. ခွက်တခွက်တည်းကို ၂ယောက်လုသောက်ရတာက ပိုပြီး အရသာရှိသလိုလို... လုစားနေကြ ဂျယ်လီဘူးလေးကို တယောက်တည်း စားရတော့ ငိုချင်သလိုလို..  တယောက်တည်းဘ၀က အရာအားလုံး အဓိပ္ပာယ်မဲ့နေသလိုလို..
ဒီလိုနဲ့ပဲ နောက်ထပ် ၄-၅လလောက် စခန်းသွားရဦးမယ်.. လွမ်းရတာ ပင်ပန်းလွန်းတယ်ကွယ်....
ကိုယ်ဟာ အဆိုးမြင်စိတ်များလွန်းပြီး ကိုယ်ချင်းမစာတတ်လို့လားမသိဘူး.....
မိုင်ပေါင်း ထောင်ချီလေးဝေးနေတာကို စာဖွဲ့နေကြတယ်... ဖုန်းလေးပုံမှန်ပြော.. ၀ါသနာပါရင် အချိန်မရွေး ထလိုက်သွားလို့ရတဲ့နေရာမှာ နေရတာကို LDR ဆိုပြီး လွမ်းဆွေးပြနေတာကို နေရင်းထိုင်ရင်းကြည့်မရဘူး..
သြော်.. လူဆိုတာလည်း ကိုယ်ကြုံနေရတာကိုသာ အကြီးဆုံး ဒုက္ခလို့ထင်တတ်ကြတာလေ.. ကိုယ့်ဟာကိုယ် ပြောတာပါ..
ဖုန်းလည်း ပုံမှန်ပြောလို့မရ.. လေးငါးခြောက်ရက်နေမှ တခါလောက်ဖုန်းပြော.. တခါတလေ တပတ် ဆယ်ရက် အသံတောင်မကြားရ... ကြားထဲမှာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိ.. ကိုယ်ဘာဖြစ်နေလဲသူမသိ.. သူဘာလုပ်နေမလဲ ကိုယ် မသိနဲ့..  စိတ်ရှိတိုင်း ထလိုက်သွားလို့ရတဲ့နေရာလည်းမဟုတ်... စိတ်ပင်ပန်းလွန်းပါတယ်...

ဘာရယ်မဟုတ်ပါဘူး.. ပိတ်ရက် ဟင်းချက်ဖြစ်တဲ့အကြောင်း ပို့စ်တင်တာပါ..
ဂျပန်တို့ဖူးအချိုချက်..
တူနာမွကြော်...
ဂျူးဖူးကြော်
ဆိတ်သားခြောက် ကြက်ဥချက်..

Wednesday, July 16, 2014

Weekend cooking

စားစရာမှမတင်ရင် ဘလော့ဂ်မပီသမဆိုးလို့.. :P
အနဲငယ် အားအားယားယားရှိသော ပိတ်ရက်တရက်မှာ ဟင်းချက်ဖြစ်တယ်... စားစရာမရှိလို့ ချက်တာလည်းပါတာပေါ့... ဆိတ်သားခြောက်ချက်မယ်ဆိုပြီး.. စဉ်းစားထားပြီးသားဆိုတော့ ဆိတ်သားခြောက်လေးချက်လိုက်တယ်.... စားစရာသာမရှိတာ.. ဟင်းတမျိုးထဲနဲ့ ထမင်းစားရမယ်ဆိုတော့လည်း စိတ်ထဲ မကြည်မလင်ဖြစ်တာနဲ့ ရေခဲသေတ္တာဖွင့်.. ဖွင့်တော့လည်း ဘာမှမတွေ့... ဖောက်လက်စ တူနာဘူးတွေ့တော့ ကြက်ဥထဲ ထည့်လိပ်လိုက်မယ်လေဆိုပြီး.. အသီးအရွက်ရှာတော့လည်း ဥနီနဲ့ သခွားသီးပဲရှိတော့ ဥနီလေးနဲ့တူနာ.. ဖြစ်သလိုလေးပေါ့...
ဒါနဲ့ပဲ.. ထမင်းတနပ်ပြီးသွားလေသည်ပေါ့..
ကြက်ဥလိပ်ကြော်ပါ...
တူနာဗူးထဲက တူနာကို ဥနီနဲ့ရောကြော်... ကြက်ဥထဲ ထည့်.. မရောနိစ်လေးအနဲငယ်ဆမ်းပြီး လိပ်.. အပေါ်က အစက်အစက်လေးတွေက ငြုတ်ကောင်းမှုန့်ဖြူးထားတာ..
ဆိတ်သားခြောက်ချက်..
ဆိတ်သားခြောက်.. ကြော်ပြီးသားကို ရေနွေးပူနဲ့စိမ်.. အတုံးသေးသေးတုံး.. ကြက်သွန်ဖြူနီဆီသတ်.. ငရုတ်သီးအကြမ်းမှုန့်.. အရောင်တင်မှုန့်ထည့်.. ငံပြာရည်လေး အလော်တော်ထည့်.. ဆိတ်သားခြောက်ထည့်.. အနှစ်မဖြစ်မချင်း တရေပြီးတရေတည်.. အနှစ်လေးရလာပြီဆို  ငြုတ်သီးစိမ်းလေးထည့်... နောက်ဆုံးမီးပိတ်ပြီးမှ နံနံပင်လေးအုပ်လိုက်တော့ ခုလို လှတပတလေး ထွက်လာတယ်ပေါ့နော်....
ဘာမှရေးစရာမရှိလို့ မရှိရှိတာ ရေးတင်တာပါ..

Tuesday, July 1, 2014

ဆုတောင်း

ဒီနေ့ ချစ်သူနဲ့ဖုန်းပြောဖြစ်တယ်...
ပြောရင်းဆိုရင်း... ရှော့ပင်း ထွက်တယ်ဆိုတဲ့အကြောင်းရောက်... ရောက်တော့ တော်ဝင်တွေ မော်တင်တွေသွားတော့ ဘူနဲ့သွားသလဲတဲ့.. တယောက်တည်းပေါ့လို့ဖြေတော့.. တယောက်တည်း သိပ်အဆင်ပြေနေတယ်ပေါ့တဲ့... ချက်ချင်းလက်ငင်း ထိုင်ငိုချင်လောက်အောင် ဖြစ်သွားတယ်... တယောက်တည်း ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ ချစ်သူရယ်... ကိုယ့်ရဲ့ ညည်းချင်းတွေကြားရင် ချစ်သူ ပင်ပန်းရတဲ့ကြားထဲ တပူပေါ် နှစ်ပူဆင့်မှာစိုးလို့ မပြောတာပဲရှိတာပါ...  တယောက်တည်း ဘ၀က အဆင်မပြေတဲ့အကြောင်း ချစ်သူကို ညည်းမပြချင်ဘူး..... တခါတလေတော့ ရုံးကလူတွေရှေ့မှာ ညည်းမိတယ်... ချစ်သူမရှိတော့ ရုံးမှာပဲ မနက်စာ စားဖြစ်တယ်... ရုံးကိုလည်း အစောကြီးလာရတော့ လူတွေကမေးကြတယ်ပေါ့...
မနက်အစောကြီးရောက်ရတဲ့အကြောင်း.. ဒီတော့ ချစ်သူမှမရှိတာ.. ပါကင်ရဖို့ အစောကြီးလာရတဲ့အကြောင်း ချစ်သူသာရှိရင် ဒီလိုအဖြစ်မျိုးတွေ မရှိဘူးဆိုတဲ့အကြောင်း ညည်းမိတယ်...
မနက်စာစားတော့လည်း... အများကြီးစားလို့ဆိုပြီး ထူးဆန်းသော အကြည့်နဲ့ ကြည့်... အများကြီးစားတယ်နော်ဆိုပြီး ပြောတဲ့သူတွေကြောင့် ထပ်ညည်းမိတယ်.. ချစ်သူသာရှိရင် ကိုယ်စားတာ ချစ်သူပဲသိတာ... ခုတော့ တလောကလုံးကလူတွေသိပြီဆိုပြီး.. ချစ်သူမရှိတဲ့ဘ၀ဘယ်လောက်ဆိုးကြောင်း ညည်းမိတယ်...
ဒါလေးတွေက တကယ့်သေးသေးလေးတွေပါ ချစ်သူရယ်... အဲ့ဒါတွေကို အကုန်အဆင်ပြေအောင် ကိုယ့်ဟာကိုယ် ကြိုးစားပြီး နေနေပါတယ်...
ကိုယ့်ရဲ့နေ့စဉ်ဘ၀ထဲမှာ ချစ်သူက ၃ပုံ၂ပုံပါပါတယ်.... ကျန်တဲ့ အချိန်က ရုံးတက်ရတဲ့အချိန်.... အဲ့လို နေရာတကာ ချစ်သူရဲ့ ဂရုစိုက်မှုအောက်မှာနေရင်းက ခုလိုမျိုး တယောက်တည်း ပြန်နေနိုင်အောင် ကိုယ်မနည်း ကြိုးစားနေရတာပါ.....
 ပျော်နေတယ်လို့ ချစ်သူထင်ရင်လည်း.. အဲ့ဒါ ချစ်သူ စိတ်ချမ်းသာအောင် ပျော်ချင်ယောင်ဆောင်တာပါ.... အနဲဆုံးတော့ စိတ်မချမ်းသာတောင် ကိုယ့်ကြောင့် ချစ်သူကို စိတ်မဆင်းရဲစေချင်လို့ပါ... ကိုယ့်စိတ်တွေ ဘယ်လောက်ပင်ပန်းဆင်းရဲနေရလဲဆိုတာ ကိုယ်သာ အသိဆုံးပါ.... ချစ်သူကို လွမ်းတယ်တောင် မပြောမိအောင်နေပါတယ်.... လွမ်းတာရဲ့နောက်ဆက်တွဲ.. လွမ်းရလွန်းလို့ ကိုယ်ဘယ်လောက်တောင် စိတ်ဆင်းရဲနေမိတယ်ဆိုတာကို ထပ်ပြောနေမိမှာစိုးလို့ပါ...
ကိုယ် အသက်အရွယ်ရလာထဲက ဘာကိုမှ သိပ်မဆုတောင်းမိဘူး..... ဒါပေမဲ့ ဆု ဆိုတာမျိုးက ပြည့်တတ်တယ်ဆိုရင်တော့ ကိုယ်ဆုတောင်းချင်ပါတယ်.... ကိုယ်ချစ်တဲ့သူတွေနဲ့ ဘယ်လို ပုံစံမျိုးနဲ့မှ မကွေကွင်းရပါစေနဲ့လို့......