Tuesday, July 29, 2014

ဟော့ပေါ့ နဲ့ ချစ်သူနဲ့ ကျမနဲ့

ဟော့ပေါ့ဆိုတဲ့စားစရာနဲ့ ချစ်သူနဲ့ကျမအကြောင်းပါ....
ဘာအကြောင်းပြောပြော ချစ်သူနဲ့ကတော့ လွတ်မယ်မထင်ပါ....
တရက်မှာ ရုံးကသူငယ်ချင်းတွေနဲ့ ဟော့ပေါ့သွားစားဖြစ်တော့ ချစ်သူကို လွမ်းပါတယ်.. (မဟုတ်လည်းလွမ်းတာပါပဲ)... လွမ်းတာရော.. သတိတွေရနေတာရောပေါ့..
ကျမနဲ့ချစ်သူက အစားစာ ကြိုက်တဲ့ပုံစံချင်းမတူပါဘူး... ချစ်သူစားတတ်တာတွေကို ကျမ မကြိုက်သလို... ကျမ မက်မက်စက်စက်စားတဲ့ဟာတွေကိုလည်း သူကကြိုက်ပုံမရပါဘူး....
ကျမကတော့ ၀သောသူတွေရဲ့ထုံစံအတိုင်း.... အဆီ အဆိမ့် တော်တော်များများကြိုက်ပါတယ်....
ဒီနေရာမှာ ကျမရဲ့ မကောင်းတဲ့အကျင့်လေးတွေလည်း ထည့်ပြောပါဦးမယ်..
ရှေ့မှာလည်း ဂျီးများတဲ့အကြောင်းတွေ ရေးခဲ့ဖူးပြီးပါပြီ.. 
ကျမက အစားကို ကြိုက်သလောက် ဂျီးကလည်း အသေများပါတယ်.. လူမြင်ကတ်စရာကောင်းလောက်အောင်ကို ဇီဇာကြောင်တာပါ... လူအမြင်ကတ်တာပဲ ခံလိုက်မယ်... အကျင့်တော့ မပြင်နိုင်သလို မကောင်းတာလည်း မစားချင်ပါ...
မကောင်းတဲ့ အစာတခုအတွက်နဲ့တော့ ၀ရတာမတန်ဘူးလေ.. ၀တာချင်းတူတူ ကောင်းတာလေးတွေစားပြီး ၀ရတော့ စိတ်ကျေနပ်စရာကောင်းတာပေါ့.... ထားပါတော့.. စကားဆက်ရရင်.. ဇီဇာကြောင်တဲ့အကြောင်း....
ကျမ မလိုင်ကြိုက်တယ်.. ဒါပေမဲ့ ဆိုင်တိုင်းက မလိုင်ကိုမစားဘူး.... မေမြို့ကမလိုင်.. မေမြို့ကဆိုလည်း တဆိုင်တည်းက မလိုင်.. အဲ့ဆိုင်က မဟုတ်ရင် မလိုင်လို့ကို မထင်ရအောင် မစားပါဘူး..... တခါတလေတော့ ရွှေပုစွန်က ရက်စ်မလိုင် ဆိုတဲ့ဟာကို စားဖြစ်တယ်.. အဲ့ဒါကိုတော့ ကြိုက်တယ်... တခြားမလိုင်ဆိုရင် အားနာပါးနာတောင် တကိုက် မကိုက်တတ်ဘူး.....
မုန့်ဟင်းခါး .. အုန်းနို့ခေါက်ဆွဲ.. ကြိုက်တယ်... တပတ် တခါ.. ၂ ပတ်တခါလောက်တော့ စားချင်စိတ်ဖြစ်တတ်တယ်... ဒါပေမဲ့ ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့ မုန့်ဟင်းခါး.. အုန်းနို့ခေါက်ဆွဲဖြစ်နေပါစေ.. အကြော်နဲ့ ငရုတ်သီးမှုန့်မပါရင် လှည့်ကို မကြည့်တော့ဘူး..... စားလည်း မစားတတ်ဘူး.....
သီဟိုစေ့.. ကြိုက်တယ်... တော်တော်များများကို တထိုင်တည်း စားနိုင်တယ်.. ဒါပေမဲ့ ရေခဲမုန့်တို့.. ဒံပေါက်တို့.. ထောပတ်ထမင်းတို့ထဲ ပါလာရင် သေသေချာချာကို ဖယ်ထုတ်တယ်...
ကြက်သွန်.. အသားသုပ်တို့ အရွက်သုပ်တို့ထဲမှာပါရင် စားတယ်... မုန့်တီသုပ်တို့.. အုန်းနို့ခေါက်ဆွဲတို့ထဲမှာ  ပါလာရင် အသေမုန်းပြီး မရမက ဖယ်ပါတယ်......
ဝက်သား.. ၀က်ခေါက်ကင်ဆိုရင် ဘယ်အချိန်မြင်မြင် ငမ်းငမ်းတက်ဖြစ်တယ်.. ဒါပေမဲ့ ဟင်းထဲပါလာတဲ့ ၀က်ခေါက်တို့ ၀က်ဆီတို့ဆို သိပ်မုန်းပါတယ်.... စားလည်း မစားတတ်ဘူး..... ၀က်သားဆိုလည်းကြိုက်ပေမဲ့ ဟင်းအနှစ်နဲ့ချက်ထားတာကို တော်ရုံတန်ရုံ လုံးဝမစားဘူး.....
ရေခဲမုန့်ဆိုလည်း အသေကြိုက်ပေါ့.. ငယ်တုန်းရွယ်တုန်းကဆို ဘူးအကြီးကြီးကို တယောက်တည်းစားတာတို့ ဘာတို့ပေါ့..... ဒါပေမဲ့ ဗမာဖြစ်ရေခဲမုန့်တို့ တော်ရုံတန်ရုံ ရေခဲမုန့်တို့ဆို လုံးဝကို ပစ်ပစ်ခါခါ ဖြစ်ပါတယ်.... (ထူးရေခဲမုန့်ကတော့ ခြွင်းချက်အနေနဲ့စားပါတယ်... ဒါတောင် ချောကလက်တမျိုးတည်း) ...
ချောကလက်လည်း ထို့နည်းတူပါပဲ.. ပိုးစိုးပက်စက်ကြိုက်တဲ့အထဲပါပါတယ်.... ဒါပေမဲ့ ချောကလက်တိုင်းလည်း မစားဘူး... ချောကလက်ကြိုက်တယ်ဆိုပြီး.. တွေ့ကရာချောကလက်ကျွေးတာလောက် စိတ်ညစ်တာမရှိဘူး.. 
အအေး သောက်ရင်လည်း ကြံဖန်ဂျီးများပါတယ်..... ဘယ်လောက်သောက်ချင်နေနေ.. မအေးတဲ့ အအေးကို သည်းခံပြီး မသောက်ဘူး... ရေသောက်ရင်လည်း ထိုနည်းလည်းကောင်းပဲ.. သေလောက်အောင် မငတ်သရွေ့တော့ မအေးတဲ့ရေကို ချော့တိုက်တိုက် ခြောက်တိုက်တိုက်မသောက်ဘူးပေါ့နော်...
စသဖြင့်.. အခုလို ဇီဇာကြောင်တဲ့ကျမနဲ့... ဒေါင်ကျကျ ပြားကျကျနေတတ်တဲ့ ချစ်သူတို့တွေ့တဲ့အခါမှာ... ဒီဟာကလည်း တပြသနာပေါ့..
အဓိကပြောချင်တာက ဟော့ပေါ့.. ကြားကဟာတွေက အပိုတွေထည့်ပြောတာပါ..
အဲ့လိုတော်ရုံတန်ရုံအကြိုက်မတူတဲ့ ၂ယောက်က ဟော့ပေါ့ဆိုရင်တော့ ၂ခါညှိစရာမလိုလောက်အောင် ကြိုက်ကြတယ်.. ဘယ်အချိန်သွားစားစား ဘယ်လောက်စားစား မရိုးကြဘူး..
သူများတွေက ဟော့ပေါ့ဆိုတာ လူအများနဲ့စားမှတန်တာတို့ ပျော်စရာကောင်းတာတို့ပြောကြပေမဲ့... ကျမကတော့ ချစ်သူနဲ့ ၂ယောက်ထဲ စားရတဲ့ ဟော့ပေါ့ကသာလျှင် အကောင်းဆုံးလို့ထင်တာပါ.. လူအများနဲ့ စားတဲ့အခါ ကိုယ်မကြိုက်တာတွေလည်း အိုးထဲပါနေတယ်လေ.. ညှီတတ်တဲ့ဟာမျိုး အနံ့ပြင်းတဲ့အရွက်မျိုးတွေပါလာရင် စားရတာ ဖီးလ်ကွေးပါတယ်.. ၂ယောက်တည်းဆိုတော့ အဲ့လိုဟာတွေ သူစားချင်နေဦးတော့ အနိုင်ကျင့်ပြီး မထည့်နဲ့လို့ ပြောလို့ရတာမျိုးလေ.. အဲ့လိုပြောစရာမလိုလောက်အောင်ကိုလည်း ဟော့ပေါ့စားရင်တော့ တက်ညီလက်ညီရှိကြတယ်..
ဟော့ပေါ့ကြိုက်တော့ ဟော့ပေါ့ဆိုင်တွေ ပေါ်သမျှ လိုက်စားကြည့်ကြပေမဲ့ ရွှေကောင်းလောက်ကို ဘယ်ဆိုင်ကိုမှမကြိုက်ဘူး.. အဲ့တော့ အမြဲလိုလို ရွှေကောင်းမှာပဲစားဖြစ်တယ်..
အသားလွှာ ၁ပွဲရယ်.. အရွက်တွေရယ်ဆို ပြည့်စုံပြီ.. တခြားဟာတွေကို မစားဖြစ်ဘူး.... ချစ်သူကတော့ ကြာစွယ်ကို ၃-၄ ပွဲလောက် တယောက်တည်း စားတတ်တယ်.. ကျမကတော့ အရွက်တွေပေါ့.. ပဲရွက်နဲ့ ဂေါ်ရခါးရွက်က ၂ယောက်လုံးအကြိုက်...  မုန်ညင်းရွက် ၃-၄ မျိုးလောက်နဲ့စားကြတယ်..
အဲ့လို ညှိစရာမလိုအောင်အကြိုက်တူနေတဲ့အချိန်မှာတောင်.. အဲ့တခုထဲကို သဘောထားကွဲလွဲကြသေးတယ်.. ချစ်သူက ဘယ်ဟာကိုမဆို.. အရည်ကဆူနေတာဖြစ်တဲ့အတွက် ခဏစိမ်လိုက်ရင် ကျက်ပြီ စားလို့ရပြီဆိုပြီး စားတယ်.. ကျမက ပွက်နေတဲ့အထဲထည့်လိုက်ပြီး နောက်တခါ ပြန်ပွက်လာမှသာ ကျက်တယ်လို့ဆိုပြီး အကြာကြီးစောင့်ပြီးမှ စားတယ်.. ဒါက ပြသနာတော့သိပ်မဟုတ်ဘူးဆိုပေမဲ့ အသားတွေထည့်လိုက်... သူက ကျက်ပြီဆိုပြီးစား.. ကျမက နောက်မှစားဆိုတော့ ကျမက စားရတာပဲနဲသလိုလိုနဲ့ စမန်တွေခုတ်ကြပေါ့...
အဲ့လိုနဲ့ ချစ်သူမသွားခင် နောက်ဆုံးတခေါက် သွားစားဖြစ်တော့ အဲ့လိုတွေ စမန်မခုတ်ကြရအောင်ဆိုပြီး .. အသားပန်းကန်ကို တ၀က်ခွဲလိုက်ပြီး ကိုယ့်ဘက်ကဟာကိုယ်စားဆိုပြီး ၂ဦးသဘောတူခွဲလိုက်ကြတာပေါ့.... ဒီလိုနဲ့စားနေရင်း မကြာခဏဆိုသလို ချစ်သူက စားမကောင်းဘူးလားဆိုပြီး မေးပါတယ်.. ကျမကလည်း ကောင်းပါတယ် စားနေတယ်လေဆိုပြီး ဒီတိုင်းပဲ ပြန်ဖြေတယ်.. အပြန်လမ်းကျတော့ ချစ်သူကပြောတယ်.. ဒီတခါ ဟော့ပေါ့စားရတာ တခုခုလိုနေတယ်တဲ့... ဘာမှန်းမသိဘူးတဲ့.. အိမ်ရောက်တော့မှ သူ ထပ်ပြောတယ်.. ခါတိုင်းလို လုမစားရလို့တဲ့ စားလို့ကောင်းတယ်လို့ကို မထင်ဘူးဆိုပြီး.... အဲ့တော့မှ ကျမလည်း သေချာစဉ်းစားကြည့်တော့ .. ခါတိုင်းဆို လုလိုက် ရန်ဖြစ်လိုက်နဲ့ ဆူဆူညံညံနဲ့ပေါ့.. အဲ့တခါကတော့ သူကလည်း သူ့ဟာသူစား.. ကိုယ်ကလည်း ကိုယ့်ဝေစုလေးကိုယ်စားနဲ့.. တိတ်ဆိတ်နေတော့ .. ချစ်သူပြောတာ ဟုတ်တယ်ပေါ့..
တကယ်တော့ ဘယ်အရာမဆို ၂ယောက်အတူတူ တက်ညီလက်ညီရှိမှသာ ပျော်ဖို့ကောင်းတာပါ.. ဟော့ပေါ့တင်မကဘူး.. ရုပ်ရှင်ကြည့်တာတောင် ၂ယောက်လုံးကြည့်ချင်တဲ့ ကားမျိုး ကြည့်ရမှသာ ပျော်စရာကောင်းတာမျိုး.... တယောက်ကြည့်ချင်တာကို တခြားတယောက်က မကြိုက်ဘဲ လိုက်ကြည့်ပေးရရင်တောင် စိတ်ထဲမှာ သိပ်ဘ၀င်မကျချင်ဘူး.. ကျမကြည့်ချင်တာကို သူ့ကို အတင်းကြည့်ခိုင်းရရင်တောင် ၂ယောက်အတူတူဆိုတာမျိုးကို မခံစားရတော့သလိုလို.. ပိုတာပဲဖြစ်မှာပါ.. ခပ်ပိုပိုတွေပဲ ပြောတတ်လုပ်တတ်တဲ့သူဆိုတော့..
ဘယ်လိုပဲဖြစ်ဖြစ်.. ကျမအတွက်တော့ ချစ်သူနဲ့အတူရှိရတဲ့ဘ၀ကသာလျှင် ပိုကောင်းတာပါ.. စကားကို အကုန်တော့မပြောချင်တဲ့အတွက်.. အခုလောလောဆယ်လို့ ထည့်ပြောပါရစေ.. ခုလောလောဆယ်တော့ တယောက်တည်း နေရတဲ့အချိန်တွေက ချစ်သူနဲ့နေရတာလောက်မသာယာပါဘူး.. ဘယ်လောက်ပဲ ကိုယ်လုပ်ချင်တာတွေကို အဆူအပူကင်းပြီး လုပ်ချင်တိုင်းလုပ်နေရပေမဲ့ တကယ်မပျော်ဘူး... စားချင်တာတွေ စားချင်တဲ့အချိန်မှာ စားချင်သလောက် ပြောမဲ့ဆိုမဲ့သူမရှိဘဲ စားနိုင်နေပေမဲ့ အဲ့ဒါ ပျော်ရွှင်မှုမဟုတ်ဘူး..... လောလောဆယ်အတွက်တော့ Two is better than one ဆိုတာ ကျမအတွက် အတော်မှန်တဲ့စကားလေးပါပဲ..
ဘာရယ်မဟုတ်ပါဘူး.. ထုံးစံအတိုင်း ချစ်သူကို လွမ်းတဲ့ လွမ်းချင်းပါပဲ..


No comments:

Post a Comment