Monday, May 26, 2014

ရည်းစားပူ

လာပါဦးမည်.. ချစ်သူ့အကြောင်း...း)
အရင်ပို့စ်တွေမှာ ရေးခဲ့တဲ့အတိုင်း ချစ်သူက ဘာမဆို လိုက်လုပ်ပေးလေ့ရှိပါတယ်....
သေးသေးကွေးကွေး ပုစိပေါက်စကိစ္စကအစ ချစ်သူပါမှ ပြီးပါတယ်.... လက်သည်းခြေသည်းကို ကိုယ့်ဟာကိုယ် မညှပ်တတ်ဘူး ဆိုတဲ့အမှုနဲ့အစပြုပြီး လက်သည်းခြေသည်းညှပ်တာက အစ ချစ်သူက လုပ်ပေးပါတယ်.. တခါတလေ ဆိုင်လိုက်ပို့ပေးပြီး များသောအားဖြင့်တော့ သူပဲ လုပ်ပေးတတ်တယ်...
မနက် ရုံးလိုက်ပို့.. မနက်စာကျွေးတဲ့ တာဝန်နဲ့.. ညနေရုံးလာကြိုတဲ့တာဝန်ကိုလည်း သူပဲယူထားပါတယ်..
အရင့်အရင် ရုံးနေရာတွေက အိမ်နဲ့ သိပ်မဝေးလှတော့ ကိုယ့်ဟာကိုယ် ကြုံသလိုသွားနေရင်းကနေ.. အိမ်နဲ့ ဝေးတဲ့နေရာမှာ လုပ်ရတော့ ကြိုတဲ့ပို့တဲ့ အလုပ်တခုပိုပါတယ်..... ၉ လလောက်ရှိပြီပေါ့.. အစကတော့ ဖခမည်းတော်က တာဝန်ယူထားပြီး နောက်ပိုင်း ခဏခဏခရီးထွက်တာ စိတ်လာတော့ ဒီဂျူတီက ချစ်သူဆီ လုံးလုံးရောက်သွားပါတယ်.... ကျမကလည်း တက်စီငှားစီးရင်ဖြစ်ရဲ့သားနဲ့ ကားငှားရခက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဂျီကျပါတယ်.. (တကယ်လည်း ငှားရခက်ပါတယ်)..
ဒါကရုံးကြိုရုံးပို့..
ဒါတင်ပဲလားဆိုတော့... မဟုတ်ပါဘူး.. ပိတ်ရက်မှာ.. ဒါမှမဟုတ် ညနေဘက်တွေမှာ သွားချင်သမျှနေရာတိုင်းကို လိုက်ပို့တာ.. စားချင်သမျှလိုက်ကျွေးတာလည်း ချစ်သူပါပဲ.. စီးတီးမတ်မှာ ဈေးဝယ်တာ.. တခါတလေ.. ဖိနပ်.. အိတ် အစရှိသည်ဝယ်တာကို လည်း မညီးမညူလိုက်ရပါတယ်.. (ဖိနပ်တို့ အိတ်တို့ ၀ယ်ရင် ဂျီးများတတ်လွန်းလို့ ၃နေရာလောက် မရောက်ဘဲနဲ့ မပြီးတတ်ပါဘူး)
နယ်က သူငယ်ချင်းတွေလာလို့ သွားတွေ့တာမျိုးဆိုလည်း ဘေးနားမှာ ငုတ်တုတ်လိုက်စောင့်ခိုင်းတတ်ပါသေးတယ်..
မင်္ဂလာဆောင်ဆိုလည်း ထိုနည်းလည်းကောင်း... အတူတူလိုက်ခိုင်းတာမျိုးရှိသလို... လိုက်ပို့ပြီး ဟိုတယ်မှာဆိုလည်း လော်ဘီမှာ ထိုင်စောင့်ခိုင်းတာမျိုးလည်းရှိတယ်.. 
နောက်ပိုင်း ချစ်သူက အလိုလိုက်တော့...... ချစ်သူကို ပိတ်ရက်ဆို ဘယ်မှ မလွှတ်တော့ပါဘူး..
ဘယ်သူငယ်ချင်းနဲ့မှ မသွားခိုင်းဘဲ ပိတ်ရက်မှာ ကျမနဲ့ပဲနေရမယ်ဆိုတဲ့ rule နဲ့ အနားမှာပဲခေါ်ထားပါတယ်...
ွှအဲ့တော့ တောက်တိုမယ်ရ ချစ်သူက အကုန်လုပ်ပေးရပါတယ်.. တခါတရံ စိတ်လိုလက်ရ ၂ယောက်သားဟင်းချက်စားမယ်ဆိုလည်း.. ကိုယ်က အမည်ခံ.. ချစ်သူပဲ ချက်ပါတယ်.. စားပြီးသောက်ပြီးလို့ ဆေးကြောစရာများနေလည်း ကူဆေးပေးပါသေးတယ်....
အသီးခွာတယ် ဘာညာဆိုလည်း ကိုယ်လုပ်တာ သဘောမကျလို့ သူပဲလုပ်ပေးပါတယ်..
ကော်ဖီဆိုလည်း ချစ်သူဖျော်တာမှကောင်းတယ်.. ချစ်သူဖျော်တာပဲ သောက်ချင်တယ်ဆိုပြီး ဂျီတော့.. ချစ်သူပဲဖျော်ပေးပါတယ်....
အိမ်ကခွေးလေး သွာျးေကျာင်းဖို့ အိမ်က ခိုင်းရင်လည်း ချစ်သူကို အပါခေါ်ပြီးကျောင်းပါတယ်....
(ခွေး ၂ကောင် ကျောင်းရတယ်လို့ ချစ်သူကပြောပါတယ်... ကျမကိုပါ အတင်းဆွဲပြီး လမ်းလျှောက်ခိုင်းရလို့ပါ)..
ကားမောင်းသင်တာကစလို့.. ကျွမ်းကျွမ်းကျင်မောင်းတတ် ပါကင်ထိုးတတ်အောင် သင်ပေးတာလည်း ချစ်သူပါပဲ.. လိုင်စင်ရဖို့ ၄-၅-၆ရက် လိုင်စင်ရုံးလိုက်ပို့ပေးရတာလည်း ချစ်သူပါပဲ..
အဲ့လို အစစအရာရာ လိုက်လုပ်ပေးတတ်တဲ့ ချစ်သူက တနယ်ရပ်ခြားမှာ အလုပ်လုပ်ဖို့ အချိန်ကျလာတော့ ရူးမလိုလိုဖြစ်သွားပါတယ်.. ငါဘယ်လိုနေခဲ့ရမလဲဆိုပြီး....
ဒါပေမဲ့ ဒီလိုပဲ အဆင်ပြေသွားလိမ့်မယ်လို့ တွေးထင်ထားခဲ့ပါတယ်.. ချစ်သူမရှိမှ ချစ်သူ မကြိုက်တာတွေလုပ်မယ်ဆိုတဲ့ အတွေးဆိုးတွေလည်း တွေးပါတယ်... (လက်သည်းရှည်ထားတာ.... ၀စေသော အစာတွေ နင်းကန်စားတာကိုပြောတာပါ)...
ဒီလိုနဲ့ သွားရတော့မယ်ဆိုပြီး နေ့ရွှေ့ညရွေ့ဖြစ်လာရင်းနဲ့ .. တကယ်လည်း သွားရတော့မယ်ဆိုပြီး ဖြစ်လာတော့..... ၂ပတ်လောက်အလိုကစပြီး တငိုငို တရီရီလုပ်ပါတယ်...
ချစ်သူကတော့ အမျိုးစုံချော့ရတာပေါ့....
ပြောရင်းနဲ့ ကျန်သွားတာက.. ဒီလောက်အလိုလိုက် .. နေရာတကာ အလျှော့ပေး လိုက်လုပ်ပေးနေတဲ့ကြားထဲကနေ... ကျမက ကိစ္စမျိုးစုံကို ပြသနာရှာပြီး ရန်ဖြစ်ပါသေးတယ်.. နေ့တိုင်းလိုလို ကိစ္စတခုမဟုတ် တခုနဲ့ ရန်ဖြစ်ကြပါသေးတယ်...
ဒီလိုနဲ့ မနက်ဖြန်လို သွားမယ်ဆိုတာကို ဒီနေ့လိုညမှာ ရန်ဖြစ်ကြတုန်းပါ.. လေဆိပ်ကို ကျမတယောက်တည်းပဲ ပို့ချင်ပါတယ်ဆိုတာကို သူငယ်ချင်းတွေခေါ်မယ်ဆိုတဲ့ အမှုနဲ့ပါ... ထုံးစံအတိုင်းနောက်ဆုံးတော့လည်း ချစ်သူကပဲလျှော့ပါတယ်..... အဲ့ဒါကိုလည်း လျှော့တဲ့မျက်နှာက ပြေပြေလည်လည် မဟုတ်ဘူးဆိုပြီး ပြသနာထပ်ရှာရင်း အတော်ကြာပါတယ်... သွားရမဲ့ရက်မှာတော့ စကားလည်းကောင်းကောင်း မပြောနိုင်တော့ပါဘူး.... ဖုန်းဆက်နော် .. မေ့မသွားနဲ့နော်ဆိုတဲ့ ရောက်မိရောက်ရာ စကားတွေပြောရင်း လေဆိပ်မှာ ငိုလိုက် ယိုလိုက်နဲ့ လိုက်ပို့ပါတယ်..
ပြောချင်တာက ခုမှစတာ...
အဲ့ဒီ့လေဆိပ်က ပြန်လာထဲက ငိုလိုက်တဲ့ အငိုဟာ အဲ့တညလုံးလဲ တိတ်မရဘူး.... နောက်နေ့တွေလည်း ရုံးတက်နေရပေမဲ့ ငိုချင်လာလိုက် အိမ်သာထဲဝင်ငိုလိုက်.. စားပွဲမှာ မသိမသာ မျက်ရည်သုတ်လိုက်နဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ပါတယ်... လေယာဉ် ၃ ဆင့်စီးရတော့ wifi ရတဲ့နေရာကနေ ချစ်သူက ဆက်သွယ်ပါတယ်... ချစ်သူအသံကြားတော့ ငိုလိုက် ရီလိုက်ပါပဲ..
ဒီနေ့ဟာ ချစ်သူမရှိတဲ့ ၅ ရက်မြောက်နေ့ပါ..... ၃နှစ်လောက် အတူတူနီးပါးရှိခဲ့တဲ့ချစ်သူနဲ့ ဒီလိုမျိုးခွဲရတာ ဘယ်လိုမှ မသက်သာပါဘူး.... တခြားလူတွေတော့ ဘယ်လိုနေမလဲ မတွေးတတ်ပေမဲ့.. ပိုတယ်ကဲတယ် ပြောချင်ပြော.. ခုထိငိုတုန်းပါ.... ထမင်းလည်း ကောင်းကောင်းမစားနိုင်ပါဘူး.. နေ့ခင်းနေ့လည်း ရုံးမှာ အဖော်အပေါင်းနဲ့ စားလို့ ၀င်တာကလွဲရင် အိမ်ပြန်ရောက်ရင် စားချင်စိတ်လည်း မရှိပါဘူး....
လူတယောက်ပေါ်မှာ အရာရာမှီခိုမိတဲ့ အကျိုးအပြစ်ကတော့ ဒါပါပဲ..
ရူးတော့မလိုလို နှမ်းတော့မလိုလိုဖြစ်ပြီး... အလုပ်လုပ်တဲ့ ချစ်သူကိုလည်း မျိုးစုံ ဂျီကျ.. စိတ်မချမ်းသာအောင်လုပ်... ချစ်သူခမျာ ပင်ပန်းရတဲ့ကြားတဲ့ မကောင်းတဲ့ကွန်နက်ရှင်နဲ့ ကျမကို နည်းမျိုးစုံနဲ့ ချော့ရ စကားတွေ အများကြီးပြောရနဲ့....

တကယ်တော့ ကိုယ်စိတ်ဆင်းရဲသလို.. အဲ့ဒါတွေ မြင်ရကြားရတဲ့ ချစ်သူလည်း စိတ်ချမ်းသာမှာ မဟုတ်ပါဘူး...
ဒါပေမဲ့လည်းလေ.. ကလေးဆန်တယ်ပြောချင်ပြော.. ခုချိန်ထိ စိတ်ကို ဘယ်လိုပြင်ဆင်ပြီးနေရမယ်ဆိုတာ မသိသေးပါဘူး...... ချစ်သူကိုလည်း စသွားတည်းက မရောက်သေးဘူး.. လမ်းခုလတ်မှာတင် ပြန်လာခဲ့ဖို့ ခေါ်ပြီးပြီ... နောက်လည်း မလွှတ်တော့ဘူးလို့ တကိုယ်ကောင်းဆန်စွာ ပြောပြီးပြီ... 



Thursday, May 15, 2014

ကျမ ချစ်သူ

မနေ့ညက မင်္ဂလာဆောင်သွားဖို့ ချုပ်ထားတဲ့ အကျီင်္လေးရလို့ သွားရွေးရတယ်..
စပ်စပ်ဆော့ဆော့နဲ့ ဒီဇိုင်နာ တယောက်ဆီမှာ အပ်မိတော့ သူ့ဆီကို ၄-၅ ကြိမ်လောက်သွားရတယ်..
အစပေးရင်း ကိုယ်တိုင်းယူဖို့ တခါ... သူဒီဇိုင်းဆွဲပြီးတော့ ဒီဇိုင်းရွေးဖို့ တခါ.. fitting အတွက် ၂ ခါ.. (ပုံမှန်ဆိုရင်တော့ ၁ခါပေါ့ .. ပထမတခါက လုံးဝအဆင်မပြေတော့ ၂ခါ ဖြစ်သွားတယ်..) နောက်ဆုံး ရွေးတော့ တခါ.. စုစုပေါင်း.. ၅ ခါပေါ့... တခါတခါ ကြာတာကလည်း နာရီဝက်ကနေ ၁နာရီလောက်ကြာတတ်တယ်... 
၅ခါလုံး ချစ်သူကိုယ်တိုင် မညီးမညူလိုက်ပို့ပေးပါတယ်... ဒီတိုင်းနေတော့ ချစ်သူက ဒါမျိုးတွေ လုပ်ပေးနေကျဆိုတော့ သိပ်မသိပါဘူး... အခြားလူ တယောက်က ဘေးကကြည့်တဲ့ အမြင်နဲ့ပြောလိုက်မှ သိသလိုလို ဖြစ်သွားတတ်တာ ကျမရဲ့ မကောင်းတဲ့ အကျင့်ပါ...  (ကောင်းတဲ့ အကျင့်ကလည်း ခပ်ရှားရှားကိုး) .. အကျီင်္ချုပ်ပေးတဲ့ အမက .. မနေ့ညကချစ်သူကိုပြောလိုက်ပါတယ်.. " အရမ်း စိတ်ရှည်တယ်နော်.. အမြဲလိုက်စောင့်ပေးတယ်" ဆိုပြီး...  ကျေနပ်လိုက်တာဆိုတာ.. အတိုင်းထက်အလွန်ပါပဲ.. အစစ အရာရာ လိုက်လုပ်ပေးလွန်းလို့.. မသိတဲ့လူတွေကဆို.. အမျိုးသားလား.. အိမ်ထောင်ကျပြီးပြီလား မေးကြပါတယ်...  သွားနေကျ spa ကဆိုလည်း အဲ့လိုပဲမေးပါတယ်.. ချစ်သူက ဘာမှလုပ်တာ မဟုတ်ဘဲ ကျမအတွက်ကို အမြဲလိုလို ငုတ်တုတ်လိုက်စောင့်ပေးလို့ပါ.......
 ဒါမျိုးကိစ္စတွေကို တော်ရုံတန်ရုံ ယောကျာ်းတယောက်က သူ့ချစ်သူ သူ့မိန်းမကို လိုက်လုပ်ပေးမယ်မထင်လို့ပါ... ကျမကိုယ်ကျမတော့ ရပိုင်ခွင့်လို့ထင်နေပေမဲ့.. အဲ့လို ဘေးလူတွေရဲ့ပြောစကားတွေကြောင့် ဒါဟာ လူတိုင်းရနေတဲ့ အခွင့်ရေးမဟုတ်ဘူးဆိုတာ သိလာရတယ်.. 
မိဘတွေကလည်း အမြဲတမ်းလိုလို ပြောတတ်တယ်... "နင့်အပေါ်ဒီလောက်သည်းခံ.. ဒီလောက်လိုက်လုပ်ပေးတာ.. ဒီလိုလူမျိုး ထပ်တွေ့မှာမဟုတ်ဘူး.. ကောင်းကောင်းဆက်ဆံ .. မဆိုးနဲ့ " ဆိုပြီး...
ချစ်စခင်စ ကြင်နာစမို့ မဟုတ်ပါဘူး... ချစ်သူသက်တမ်း ၃ နှစ်ပြည့်တော့မှာပါ.. နောင် နှစ်ပေါင်းများစွာမှာ ဘယ်လိုဖြစ်လာဦးမလဲဆိုတာ မသိပေမဲ့ .. ခုလောလောဆယ်.. ခုလို အချိန်လေးတွေကို အရမ်းကျေနပ်ပါတယ်..  ချစ်သူကို ကျေးဇူးလည်းတင်ပါတယ်.. ချစ်သူ့အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ဆိုတော့ ဆက်ရန်များစွာ ရှိပါသေးတယ်.. 

Friday, May 9, 2014

အကျင့်ဆိုးများနဲ့ ကျွန်မ (၁)

ကျွန်မမှာ မကောင်းတဲ့ အကျင့်ပေါင်းများစွာရှိပါတယ်...
သူများကို စိတ်အနှောင့်ယှက်ဖြစ်စေတဲ့အကျင့်.. ကိုယ်ကိုယ်တိုင်အတွက်တောင် မကောင်းတဲ့ အကျင့်.. စုံပါတယ်..
များလွန်းလို့ ဘယ်ကစရမှန်းတောင် စဉ်းစားမရနိုင်ဘူး..
အခုကတော့.. ဖြစ်သလို မစားတတ်တဲ့ အကျင့်ပေါ့.. အစားအစာနဲ့ ပတ်သက်လာရင် အရမ်းကို စန်းစန်းတင့်ပါတယ်...
စန်းစန်းတင့် ဂျီးများလွန်းလို့ .. ဟိုဟာမစား ဒီဟာမစား ဆိုပေမဲ့ ပိန်လှီမနေတာတော့ အတော်ခက်တာပဲ..
ကျားကိုးစီး စားမကုန်တဲ့ ကိုယ်ခန္ဒာကို  ပိုင်ဆိုင်ထားတာပါ..
ကိုယ့်ဟာကိုယ်တော့ ဒီလိုပဲနေရင်းနဲ့ သိပ်မသိပါဘူး.. ချစ်သူရလာတော့ချစ်သူရဲ့ ဝေဖန်ချက်တွေက တဆင့်ကိုယ့်ဟာကိုယ် ပြန်သိလာရတာ.. ဘေးကကြည့်နေသူက ပိုမြင်တာကိုး..
သူများတွေလို ၀က်သားမကြိုက်လို့ ၀က်သားမစားဘူးဆိုတာမျိုး မဟုတ်ဘဲ.. ၀က်သားကို အနှစ်နဲ့ ချက်ရင် မစားချင်တာတို့... ဒုတ်ထိုးဆိုရင်တော့ ဗန်းပါစားချင်တာတို့... ၀က်သား အဆီကို ပြုတ်ကြော်ထဲ ပါလာရင် အသားချည်းပဲ ဖဲ့စားတတ်ပြီး.. ၀က်ခေါက်ကင်တို့ ၀က်ခေါင်းသုပ်တို့ကျ မက်မက်စက်စက်ဖြစ်ပြန်ရော...
အဲ့ဒါ ဂျီးများတာ.. လူဆိုတာ ဆာရင်တော့ အကုန်စားမှာဘဲ .. မငတ်ဖူးသေးလို့.. ဆိုတဲ့စကား ချစ်သူက ခဏခဏပြောပါတယ်.. ဟုတ်မလားတော့ မသိဘူး... ဖြစ်သလို စားတတ်ရမှာပေါ့ဆိုတဲ့ ချစ်သူရဲ့စကားကို.. ကျွန်မက တသက်လုံး ဖြစ်သလို မစားဖူးဘူး ဆိုပြီး ပြန် ပက်တတ်တဲ့သူမျိုးပါ..
တကယ်လည်း မစားခဲ့ဖူးပါဘူး.. မရရအောင် ကြိုက်တဲ့ဟာကို ရှာကြံစားပါတယ်.. တခြားမြို့ တမြို့မှာ ဘော်ဒါသွားနေတုန်းက အစားအသောက်အတွက်နဲ့ အတော် ဒုက္ခရောက်ခဲ့တာပါ..
ဘော်ဒါမှာ အဖေထားခဲ့တုန်းကလည်း မငိုဘူး.. အေးအေးဆေးဆေးပဲ.. ထမင်းစားပွဲရောက်မှ ငိုရကောင်းမှန်းသိတော့တယ်.. ထမင်းကလည်း ဘာလိုကြီးမှန်းမသိ.. ဟင်းကလည်း စားကောင်းမဲ့ပုံ မပေါ်တဲ့ အပြင် ၂တုံး၃တုံးလောက်ပေးထားတာ.. ဘိုလုပ်ရမှန်းကို မသိတာ.. အဲ့ဒါနဲ့ ထိုင်ငိုတော့တာပဲ..
အဆောင်က ဆရာမတွေကတော့ ထမင်းကျွေးဖို့က သူတို့ တာဝန်ကိုး.. မစားမချင်းမထနဲ့ပေါ့.. ဘယ်ရမလဲ.. ဟုတ်ကဲ့.. မထပါဘူး.. ထိုင်ငိုနေတာ မထခိုင်း မချင်း.. နောက်ဆုံးတော့ သူတို့လည်း မတတ်နိုင်ပါဘူး.. မစားတာကို အတင်းခွံ့ရအောင် ကလေးသူငယ်အရွယ်လည်း မဟုတ်တော့.. ကျောင်းသွားခါနီး အချိန်ရောက်တော့ ထခိုင်းရတာပဲ.. ကဲ .. ထမင်း မစားချင်လည်း ကိုယ့်မှာ ရှိတဲ့မုန့်လေးတော့ ဗိုက်ဝအောင်စားသွားဆိုပြီး ချော့မော့ပြောဆိုပြီး လွှတ်လိုက်ရတာပေါ့..
အဲ့လို အစတည်းကဖြစ်ထားတော့ နောက်ပိုင်း ဆရာမတွေက သိပ်မပြောတော့ဘူး.. ကိုယ်လည်း ကိုယ့်ဟာကိုယ် မုန့်လေးစားလိုက် ခေါက်ဆွဲလေး ကြာဇံလေးပြုတ်လိုက်စားခဲ့တာ.. သိပ်မကြာဘူး.. အဲ့လို အကြောင်းတွေ အိမ်ကိုပြန်ပြောတော့ မနေနိုင်တဲ့ မိဘတွေကပဲ ကျွန်မစားဖို့ ဟင်းတွေ အမြန်ချောတို့ ကားဂိတ်တို့ကနေ ပို့ပေးရတယ်.. အဲ့တုန်းက ပြင်ဦးလွင်ကို တိုက်ရိုက် အိတ်စပရက်တွေမရှိပါဘူး.. မန္တလေးကနေတဆင့် လာရတာပါ.. အဲ့ဒီ့ပို့လာတဲ့ အိမ်က ဟင်းတွေ အခြောက်အခြမ်းတွေနဲ့က လွဲရင် ထမင်းမစားပါဘူး.. ကြားထဲမှာ ၁ရက် ၂ရက် ပြတ်လတ်သွားတာကလွဲရင် အိမ်ကနေ ကျောင်း စာသင်နှစ် ၂ နှစ်ပတ်လုံး မပြတ်ပို့ပေးနေခဲ့ရတယ်.. အဲ့တာက တသက်မှာ ကြုံဖူးသမျှထဲက အကြီးဆုံး အငတ်ဘေးပါ.. ပေါင် ၃၀-၄၀ လောက် ကျသွားခဲ့တာပါ.. အဲ့ထက်လည်း တခါမှ ဒုက္ခမခံဖူးပါ..
အခုလည်း အိမ်မှာ ဟင်းချက်တဲ့သူရှိရင် အမေက အိမ်မှာ ဟင်း ၂ မျိုး ၃ မျိုး စီစဉ်ပြီး ချက်ခိုင်းပါတယ်.. အနှစ်ဟင်းဆိုရင် ဂျီးများတတ်တဲ့ ကျမအတွက် အနှစ်ဟင်းချက်မဲ့ နေ့ဆို.. တခြားအခြောက်အခြမ်း တခုခု အမြဲတမ်းရှိပါတယ်.. လူမရှိလို့ အမေကိုယ်တိုင်ချက်ရမယ်ဆိုလည်း ကျမစားမဲ့ဟင်းမျိုးကို သာ ရွေးချက်တာ များပါတယ်.. လူမရှိတော့ အလွယ်ချက်တဲ့ ဟင်းတွေက ကျမစားနိုင်တာတွေပဲ ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်..  အဲ့လိုမှ မဟုတ်ဘူး.. ဘယ်သူ ချက်ထားတဲ့ ဟင်းပဲဖြစ်ဖြစ်... ကျမ မကြိုက်လောက်ဘူးဆို... အိမ်ပြန်ရောက်တာနဲ့ အမေက.. ဘာဟင်း ဘာဟင်းတော့ ချက်ထားတယ်... မကြိုက်ရင်လည်း တခုခုမှာစားလိုက်ဆိုပြီး အမြဲပြောတတ်တယ်.. အိမ်နားမှာက ဆိုင်တွေကလည်း ဖုန်းဆက်မှာရင် လာပို့တာကိုး... အဲ့လိုဆိုတော့ သူများအိမ်ရောက်ရင် တော်ရုံတန်ရုံ ချက်ထားတဲ့ ဟင်းနဲ့မစားတတ်ဘူး.. အဲ့မှာ ချစ်သူနဲ့ ပြသနာ စတက်တာပဲ..


အမှန်မှာ ဒီစာရဲ့ အကြောင်းရင်း အစပေါ်လာပုံက အခုမှလာတာပါ...
တရက်.. ချစ်သူက ရုံးသွားရင် အဆင်သင့်စားရအောင် ပေါင်မုန့်ထောပတ်သုတ်လေး လုပ်ပေးပါတယ်..  လမ်းရောက်မှ စားတာဆိုတော့ ကားပေါ်မှာ ပြသနာစပါတယ်.. ပေါင်မုန့်သုတ်နေတုန်းကတော့ တချက်လှမ်းမြင်လိုက်တယ်.. ဘေးနားတွေကို နှံအောင်မသုတ်လို့... (ပြောစရာကျန်သွားမှာစိုးလို့.. ဒီနေရာမှာ ပြောတာ ဘေးနားနော်.. ဘေးသားတွေကလုံးဝမစားလို့.. ချစ်သူက အဲ့ဒါကို ကြည့်မရတဲ့ ကြားထဲက ဖယ်ထားပေးပြီးသား) ဒါနဲ့ ပွစိပွစိ အနဲငယ်လုပ်ပြီး ကားပေါ်ရောက်တော့ စစားပါတယ်... ကိုက်လိုက်တဲ့ အချိန်မှာပဲ ပေါင်မုန့်သားချည်းပဲ စားရတဲ့ အရသာကို ရတယ်.. ချစ်သူကတော့ ပိုတယ်ပြောပါတယ်.. အဲ့ကစပြီး ပြသနာရှာပါတယ်.. ဒီလိုမစားတတ်မှန်းသိရက်နဲ့ ထောပတ်နဲနဲပဲ သုတ်တယ်ပေါ့.. ချစ်သူကလည်း စေတနာပေါ့.. ဒီလောက်ဝနေတာကို နဲနဲဖြစ်ဖြစ်လျှော့စားပေါ့... ကျမကလည်း.. မစားရရင် အငတ်နေလိုက်မယ်..  ဒီလို မကောင်းတဲ့ဟာကိုတော့ လုံးဝမစားချင်ဘူးလို့ ဇွတ်ပြော.. ချစ်သူက အဲ့ချိန်ထိကောင်းကောင်းမွန်မွန်နဲ့ .. လိမ္မာပါတယ်.. ဒီနေ့စားလိုက်.. နောက်နေ့ကျ ကောင်းကောင်းသုတ်ပေးမယ်ပြော.. အဲ့ဒါကို မယုံဘူး...ရှင်ထပ်လုပ်ဦးမှာပဲ.. ဘာမှန်းလဲမသိဘူး.. သိရဲ့သားနဲ့ကို တမင်လုပ်တာ.. ဘာညာသရကာ.. !@!#@!$!$!$@!$$%$^%$&... အဲ့မှာ ချစ်သူက နင့်ကို စကားကိုမပြောချင်တော့လို့ဆိုကာ စူပုပ်နေသောရုပ်နဲ့ ရုံးရောက်လေသတည်းပေါ့.. ဒါက မကောင်းသော အကျင့်များထဲက တခုပေါ့... မကောင်းမှန်းတော့ သိတယ်.. ပြင်ဖို့လည်း စိတ်ကူးမရှိသလို.. ပြင်လည်း မပြင်ချင်ပါ....... ကြုံရင်တော့ မကောင်းသောအကျင့်များ အကြောင်း လူအမြင်ကပ်စရာ.. ဆက်ပါဦးမည်..

Thursday, May 1, 2014

အမြင်မတော်တာတွေ

မျက်စိထဲအမြင်မတော်တာတွေ့တော့မနေနိုင်ဘူး..
ကိုယ်ကိုယ်တိုင်က ကျောင်းသူအရွယ်ထဲက ကိုယ့်အားကိုယ်ကိုးလာလို့လားမသိဘူး..
သူများတကာဆီက အကူညီယူပြီးမှ အလုပ်လုပ်တတ်တဲ့သူတွေမြင်ရင် ဘယ်လိုမှကို ကြည့်မရဘူး..
ကျောင်းသူအရွယ်ဆိုတာ.. ၂တန်း ၃ တန်းထဲကပါ.. ကျောင်းကားနဲ့ ကျောင်းသွားတယ်.. ဘာစာမေးပွဲဖြေဖြေ အဖေရော အမေရော လိုက်မစောင့်ဖူးဘူး.. သူများတကာ အမေအဖေတွေ လိုက်စောင့်တာမြင်လို့လည်း အားမကျဖူးဘူး.. အဲ့အရွယ်ထဲကနေ အဲ့လိုကြီးပြင်းလာရာကနေ.. ဆယ်ကျော်သက်အရွယ်ရောက်တော့လည်း ... အဖေ အမေက.. ကိုယ်လုပ်ချင်တာကို ဘေးကနေစောင့်ကြည့် ထိန်းကျောင်းပေးတာကလွဲရင်... မိဘချပေးတဲ့ ပုံစံခွက်ထဲမှာ မကြီးပြင်းခဲ့ရဘူး.. ဆေးကျောင်း ၆လလောက်တတ်ပြီး ဆက်မတက်ချင်တော့ဘူးဆိုတော့လည်း... အမေက စိတ်မကောင်းဖြစ်ပြီး စဉ်းစားပါဦးလို့ ပြောခဲ့တာကလွဲရင် ပြင်းပြင်းထန်ထန်မတားမြစ်ခဲ့ဘူး... ဘာဆက်လုပ်မှာလဲဆိုတဲ့ဟာကိုလဲ.. လမ်းကြောင်းတခုပေါ်ရောက်အောင် ကိုယ့်ဟာကိုယ်ပဲရွေးချယ်ခဲ့တယ်.. စိတ်ထင်တိုင်းလုပ်ခဲ့တဲ့ အပေါ်မှာလည်း ခုထက်ထိ တခါမှ နောင်တမရမိသေးဘူး.. ကျောင်းတက်နေရင်းနဲ့ အလုပ်လုပ်မယ်ဆိုတာလည်း ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ခဲ့တာ.. အလုပ်လုပ်ချင်တယ်ဆိုပြီး အိမ်ကိုအသိပေးရင်.. ကိုယ်တိုင်ပဲ အလုပ်တွေလျှောက်ခဲ့တာ.. ခုချိန်ထိရခဲ့သမျှ အလုပ်တွေကလည်း ဘယ်သူ့အကူအညီမှမပါခဲ့ဘူး.. ဆယ်တန်းအောင်လက်မှတ်လေးကိုင်ပြီး ကုမ္ပဏီတွေမှာ လိုက်လျှောက်ခဲ့တုန်းကလည်း ဘယ်သူ့ဆီမှ အပူမကပ်ခဲ့ဘူး.. အဖေပြောပေးလို့.. ဟိုလူနဲ့သိလို့.. ဒီလူနဲ့ခင်လို့ဆိုပြီး တနေရာရာမှာ ၀င်လုပ်ရမှာကို အင်မတန်ဝန်လေးခဲ့မိတယ်.. အဲ့လိုမျိုးကြီးပြင်းခဲ့ရတော့... တခုခုဆို ကိုယ့်ဟာကိုယ်ပဲ ကိုယ်ထင်တာ ကိုယ်လုပ်ချင်တယ်.. သူများရဲ့အထင်အမြင်ကို သိပ်ပြီး အလေးမထားချင်ဘူး.... တခုခုဆို ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ချင်တယ်... ဘယ်လို အကြံညဏ်ပေးမှုကိုမှ လက်မခံနိုင်ဘူး.. သိပ်ပြီး အစွန်းရောက်လွန်းတာ ဖြစ်ကောင်းဖြစ်မယ်.. ဒါပေမဲ့ အဲ့လိုဖြစ်နေတာကိုပဲ ကျေနပ်တယ်.. အခုအလုပ်ကို မ၀င်ခင်တုန်းကလည်း ၃ခုလောက်ကိုယ့်အတွက် ရွေးချယ်စရာဖြစ်ခဲ့တာ.. မိဘ..ချစ်သူ.. သူငယ်ချင်း .. အကုန်လုံးကို ဘာလုပ်ရမှန်းမသိဘူးဆိုပြီး လိုက်ပြီး ဂျီကျဖူးပါရဲ့... နောက်ဆုံးတော့ ဘယ်သူဘာပြောပြော ကိုယ်လုပ်ချင်တာကိုပဲလုပ်ခဲ့တာပါပဲ.. ခုချိန်ထိလည်း ကိစ္စတော်တော်များများကို အမေပါမှဆိုပြီး ဂျီကျတုန်းပါ.. ဂျစ်တိုက်တာပါ.. တခြားဘယ်သူ့ဆီကမှ ဘယ်လို ကိစ္စမျိုးကိုမှ မတောင်းဆိုချင်ဘူး.. ယုတ်စွအဆုံး ကိုယ်မကျွမ်းကျင်တဲ့ ကိစ္စတခုလုပ်ဖို့ဆိုရင်တော့ လုပ်ဖူးသူတွေ ကျွမ်းကျင်သူတွေကို မေးဖို့ဝန်လေးပါတယ်.. အဲ့လိုလူက.. နဖူးစာရွာလည်ချင်တော့.. တခုခုဆို.. တယောက်ယောက်ဆီမေးပြီးမှ လုပ်တတ်တဲ့ အကျင့်လေးနဲ့လူနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်တွေ့ပါတယ်.. ဥပမာ.. တခါတုန်းက ကိုယ်က လမ်းဘေးက ကူးခွေလိုချင်တာပါ... အဲ့ဒါဘယ်နားရှာရမှန်းမသိတော့ ချစ်သူက သူ့သူငယ်ချင်းဆီ ဖုန်းဆက်မေးဖို့ ပြင်ပါတယ်.. ကိုယ်နဲ့ အကြီးအကျယ်ရန်ဖြစ်ပါတယ်.. ကိုယ်က အဲ့ဒါမျိုးလုံးဝမကြိုက်ပါ.. ရန်ကုန်တမြို့လုံး ပတ်ပြီးလိုက်ရှာရပါစေ.. ကိုယ်ဘယ်သူ့ဆီမှဖုန်းမဆက်ချင်ပါ.. အဲ့လိုဆို ချစ်သူကပြောပါမယ်.. ဆီကုန်မယ်.. နင်က ကားမောင်းရတဲ့သူမှ မဟုတ်တာတို့.. ဘာတို့.. ကိုယ်ကိုယ်တိုင်ကားမောင်းနေရဦးတော့ ကိုယ်က တမြို့လုံးပတ်ရှာမဲ့သူပါ.. အချိန်ကုန်မှာကိုလည်း ကိုယ်မတွေးချင်ပါ.. အဲ့အခွေမရခဲ့ရင်တောင် ဖုန်းမဆက်လိုက်ရတဲ့ အတွက် ကိုယ်ကျေနပ်ပါတယ်.. ဖုန်းတော့ သေတောင် မဆက်ချင်ပါ.. အဲ့လောက်ခေါင်းမာတဲ့ကိုယ်ပါ.. ဒီလို လူ၂ယောက်ဆိုတော့ ခဏခဏ တကျက်ကျက်ပါပဲ.. သူကလည်း ထစ်ခနဲရှိ သူငယ်ချင်းဆီဖုန်းဆက်... ကိုယ်ကလည်း အဲ့ဒါကို လုံးဝမကြိုက်.. ဒီစာကိုရေးဖြစ်ရခြင်းက..လောလောလတ်လတ်ကပဲ.. သူ့သူငယ်ချင်းတယောက် scientific calculator ၀ယ်ဖို့ သူ့ဆီကိုဖုန်းဆက်လာလို့ပါ.. ကိုယ်ဆိုရင်တော့.. showroom သွား အရောင်းစာရေးပြောတာ နားထောင်ပြီး ၀ယ်မှာပါ.. အင်တာနက်ခေတ်မှာ တချက်ခေါက်လိုက်ရုံနဲ့ ကိုယ်လိုချင်တာ ဘာဆိုတာ အရောင်းစာရေးကို မေးစရာမလိုဘဲနဲ့လည်း သိနိုင်ပါတယ်.. ကိုယ်အသေပေါက်ပါတယ် အဲ့လို ကိစ္စတွေကို.. အဲ့ဒါမျိုးတွေ ခဏခဏပါပဲ.. ကွန်ပျူတာဝယ်ချင်လို့.. ဖုန်းဝယ်ချင်လို့.. ကိုယ်တို့တွေဟာ အရွယ်ရောက်ပြီး ကိုယ်တိုင် ချင့်ချိန်နိုင်တဲ့သူတွေပါ.. နေရာတကာ ကိစ္စ အသေးအဖွဲလေးကစ သူများအားကိုးစရာမလိုပါဘူး.. ဘာ့ကြောင့် အဲ့လိုမျိုးတွေ ဖြစ်နေလဲဆိုတာကိုလည်း လုံးဝကို စဉ်းစာလို့မရသလို.. နားလည်ပေးလို့လည်းမရပါဘူး.. ကိုယ်ဟာနားလည်မှုခေါင်းပါးပြီး တကိုယ်ကောင်းဆန် ခေါင်းမာ အစွန်းရောက်လွန်းတဲ့သူပါလို့ပဲ ကိုယ့်ဟာကိုယ် ကောက်ချက်ချလိုက်ပါတော့မယ်လေ..