ဒီပိတ်ရက်တော့ အရှုပ်တွေလုပ် အလုပ်တွေရှုပ်ရင်း ပြီးသွားသည်ပေါ့...
ဘာမှ မဟုတ်ပါဘူး.. စားစရာပုံတွေ တင်ချင်လို့ အကြောင်းရှာတာပါ..
စနေနေ့ဆိုတော့ နေ့လည်လောက်ထိအိပ်.. ရုံးက သူငယ်ချင်းတွေနဲ့ ချိန်းထားတော့ ၁၁ နာရီလောက်ထ... ရေမိုးချိုး .. ဖြီးလိမ်းအလှပြင်ပြီးတော့ ၁၂ ခွဲဘီ.. ၁နာရီချိန်းထားတာဆိုတော့.... ဘာမှမစားဘဲ အိမ်ကထွက်..
တော်ဝင်စင်တာရောက်တော့ ဘာမှမလုပ်သေးခင် စားကြရအောင်ဆိုပြီး မပြည့်နိုင်သော ၀မ်းတထွာကို ဖြည့်သည်ပေါ့.. ဒါနဲ့ ၀မ်းတထွာဆိုတာ ဘာကိုတိုင်းတာလဲတော့မသိဘူး.. ကိုယ့်ဗိုက်ကတော့ သူများတွေထက် ပိုကြီးမယ်ထင်တယ်... :P
တော်ဝင်စင်တာ အောက်ထပ်က ဆူရှီဟောက်စ်မှာ စားတယ်.. မဆိုးပါဘူး.. အဲ့ဆိုင်လေးက ဈေးလည်းသက်သာတယ်... အရင်ကတော့ စားဖြစ်တယ်.. နောက်ပိုင်း အဲ့တော်ဝင်စင်တာ အောက်ထပ်က ညှော်လွန်းလို့ မသွားဖြစ်ဘူး.. ချစ်သူနဲ့တုန်းကပေါ့.. အဲ့ဒါပဲလေ.. ချစ်သူကချစ်သူပဲ.. ဘယ်လောက်ဗိုက်ဆာနေနေ.. ကိုယ်ကအဲ့မှာ မစားချင်ဘူးဆို မစားချင်ဘူးပဲ.. ဘယ်လောက်စားသောက်ဆိုင်တွေပေါနေနေ.. တခြားနေရာကိုပဲ ပို့ခိုင်းတယ်.. သူကိုယ်တိုင်ကလည်း အဲ့အောက်ကဆိုင်တွေ မကြိုက်တာလည်း ပါမှာပေါ့... ထားတော့.. ခုတော့ သူများတွေနဲ့ဆိုတော့လည်း ဖြစ်သလိုပေါ့.. ဆူရှီဆိုင်ဆိုပေမဲ့ ကိုယ်က ဆူရှီလုံးဝ မစားတတ်ဘူး... အတူပါသူ နောက်တယောက်ကလည်း ဆူရှီမကြိုက်ဆိုတော့ အခြား ပေါက်တတ်ကရလေးတွေပဲ လျှောက်စားကြတယ်..
ကန်စွန်းရွက်ကြော်
ဒါကတော့ ဂဏန်းသားနဲ့ဆူရှီလို့ခေါ်မလားမသိ..
ငါးထောပတ်ကင်.. ဒါကိုတော်တော်ကြိုက်တယ်.. ဒီဆိုင်ရောက်တိုင်းစားဖြစ်တယ်.. ၃၅၀၀ လို့ထင်တယ်..
ပလာတူးငါးကင်တဲ့.. ဈေးပေါလို့မှာလိုက်တာ.. ၁၅၀၀ ပဲ..
ကိုက်လန် ဆီးဖုကြော်.. ၂၀၀၀ လား ၂၅၀၀ လားပဲ..
ဒါက ကင်းမွန်ကြော်.. ဒါလည်းပဲ ပေါတယ်.. ၁၀၀၀ လို့ထင်တာပဲ..
ကြက်သားကြော်.. ၃၀၀၀ လို့ထင်အိ.. စကားမစပ်.. ကိုယ်က ကြက်သားကြော်ဆိုတဲ့ အရာကို အတော်ကြိုက်ပါတယ်.. ဒါလည်း ကွကိုယ်မသိပါဘူး.. ချစ်သူက ပြောတာပါ.. နင်က ကြက်သားကြော်ဆို အငမ်းမရတွေဖြစ်တယ်ပေါ့... အရင်ဘ၀က ဘာဖြစ်ခဲ့လဲမသိဘူးတဲ့... ဘာမှလည်း မဆိုင်ဘူး..
သူပြောပြီးနောက်ပိုင်းမှ ကွကိုယ် သတိထားကြည့်မိတော့ ဟုတ်တော့ ဟုတ်သလိုပဲ.. အာ့လို မုန့်နှစ်နဲ့ ကပ်ကြော်တာလဲကြိုက်တယ်.. ရိုးရိုး အိမ်မှာ ကြော်တာကိုလည်း ကြိုက်တယ်.... စီပီ ကြက်ကြော်ကောင်တာမှာ ရောင်းတဲ့ဟာတွေတော့ မကြိုက်ဘူး..
အဲ့၂ခုက အတူလာတာ.. ကြက်သားပြားကြော်ချက်ဆိုလား ဘာလား... အဲ့တန်ပူရာတွေပါ အဆစ်ပါတယ်.. ဘယ်လောက်လဲတော့ မသိ.. မကြိုက်လို့ မြည်းလည်း မမြည်းလိုက်ဘူး.. အဲ့လို ထမင်းကို အနှစ်တွေနဲ့ နယ်လိုက်ရင် ဆမ်းထားရင်ကို မစားတတ်တော့တာ.. ဂျီးထူပါတယ်.. ဘူမှ မပြောခင် ကွကိုယ်ပြောတာ..
စားပြီးသောက်ပြီးတော့ ရှော့ပင်းတယ်ပေါ့နော်.. တကယ်တော့ ဖိနပ်ဝယ်ဖို့.. အားကစားဖိနပ်.. သို့ပေမဲ့ ကြိုက်တာမတွေ့.. ဒါဆိုလည်း ၀ယ်ဖို့လာတယ်ဆိုမှ တခုခုတော့ ၀ယ်ရမယ်ဆိုပြီး အားကစားဘောင်းဘီဝယ်တယ်... ဘောင်းဘီဆိုတော့ ပိုတယ်မရှိပါဘူးလေဆိုပြီး ၂ထည်.. အဲ့မှာ တော်တော်များသွားတော့ ဘာမှ ထပ်မ၀ယ်ဘူးလို့ စိတ်တင်းသော်လည်း ဒီကောင့်ချနေသော အကျီင်္များကို မြင်တော့ မနေနိုင်.. ဟိုဟာဆွဲ ဒီဟာဆွဲနဲ့ တထည်တော့ပါလာတယ်.. ဒါတောင် ဒီကောင့်ချတယ် တန်တယ်ဆိုပြီး ၃ထည်ယူတာ.. ကောင်တာမှာ ပိုက်ဆံရှင်းတော့ မတန်တဆတွေဖြစ်နေရာ... ဟယ် ဒီကောင့်ချထားတာ မဟုတ်ဝူးလားဆိုတော့ အဲ့ဒါမပါဘူးတဲ့.. အေး မပါရင်လည်း မယူဘူးလို့.. အဲ့ဆို ဘာလို့ ရေးထားသေးလဲလို့ဆိုတော့ မဟုတ်ဘူးတဲ့ ကပ်ထားတဲ့ဈေးက အတည်တဲ့.. သူတို့က အဲ့ဒီ့အတန်းမှာ ၉၉၀၀ ဆိုပြီးရေးထားတာပါ... ဆိုတော့ တတန်းလုံးပါတယ်လို့ ဘယ်သူမဆိုထင်မှာပါ... အဲ့တော့ ထပ်ရန်တွေ့ပါတယ်... အဲ့ဒါဆို အဲ့လိုမရေးနဲ့ပေါ့လို့ပြောတော့ ၉၉၀၀ ကစတယ်လို့ရေးတာတဲ့.. သောက်ချိုးကမပြေပါဘူး..... ကိုယ့်ပါးစပ်နဲ့တွေ့တာပေါ့.. အဲ့မှာ သေချာလည်း ပြန်ဖတ်ကြည့်ဦးလို့.. starting from 9900 ဆိုပြီးရေးထားတာမှ ၉၉၀၀ က စတာလို့ပြောလို့ရတာလို့ ခပ်မာမာနဲ့စွာပါတယ်.. အဲ့တော့မှ အဲ့ကောင်တာက ကောင်မက ပုပ်သိုးသောမျက်နှာနဲ့ ပါးစပ်ပိတ်ပါတယ်.. ဟုတ်ကဲ့.. ဆိုင်ကတော့ သရက်သီးဆိုင်ပါ.. မန်းဂိုးပေါ့နော်..
အဲ့လို သောက်ချိုးမပြေလို့ နောက်မ၀ယ်ဘူးလား.. မဟုတ်ဘူး.. ၀ယ်မှာပါ.. ကောင်းကောင်းကန်းကန်း ၀ယ်စရာဆိုင်.. ဆိုဒ်စုံသောဆိုင် ရှားပါတယ်.. စိတ်ချပါ.. မနေပါဘူး... ထပ်လာဝယ်ဦးမှာပါ.. အဲ့တော့ အဲ့လို ကောင်မတွေမျက်နှာကိုကြည့် အကုသိုလ်တွေအလုံးနဲ့အရင်းနဲ့ အဆစ်ယူပြီး ပိုက်ဆံကုန်ခံဝယ်မှာပါ..
အဲ့က ကိစ္စပြီးတော့ သူငယ်ချင်းတယောက်က အကျီင်္ချုပ်ဆိုင်လိုက်ပို့ပေးမယ်ပြောတော့ သူ့ကို သွားခေါ်ပြီး တောင်ဥက္ကလာကို ချီတက်ပါတယ်.. ရောက်တော့ အကျီင်္ချုပ်မဲ့သူက အကျီင်္ပြင်နေလို့တဲ့ ထွက်မလာပါဘူး.... ၄၅ မိနစ်လောက်ထိုင်စောင့်ရတယ်.. ကိစ္စမရှိပါဘူး.. သူငယ်ချင်းနဲ့ စကားပြောနေတာပဲလေ.. အမြဲတွေ့နေတာမဟုတ်တော့ ပြောစရာတွေပေါတာပဲ.. ထွက်လာပါတယ်.. အပျိုကြီးမမ ပဲများပြီးတော့.. သူငယ်ချင်းက ဟဲ့ အစပေးလိုက်လေဆိုတော့ အော်အေး ဒီမှာ အမ .. ဒါလေးဆိုတော့.. အဲ့ဒါတွေ ချုပ်ဘူးတဲ့.. ဒီမှာက ဆွဲသားတွေပဲတဲ့.. သေလိုက်လို့သာကွကိုယ်ပြောလိုက်ပါတယ်... သူငယ်ချင်းကလည်း မသိဘူးတဲ့.... သူ့ကိုတော့ အပြစ်မပြောတော့ပါဘူး... စေတနာနဲ့ပို့ပေးတာဆိုတော့... အဲ့ဒါနဲ့ နောက်တဆိုင်က ကိုယ့်အိမ်နားမှာ ရှိတဲ့ဆိုင်ကို သူက ထပ်ပို့ပေးတယ်.. အဆင်ပြေတယ်ပေါ့.. ဒါနဲ့ အကျီင်္အပ်ခဲ့ရတယ်.. နောက်တော့ ကြေုးအိုးစား.. သူ့ကို ပြန်လိုက်ပို့ .. ဆီဝင်ထည့်.. ကိုယ့်အိမ်ရောက်တော့ ၁၀ နာရီလောက်ရှိနေပြီထင်တယ်... ဘာမှမလုပ်နိုင်.. ရေချိုး.. ရုပ်ရှင်လေးကြည့်ပြီး အိပ်.... ရုပ်ရှင်က Thanks for sharing ဆိုတဲ့ကားလေးပါ.. Sex addict ဖြစ်နေတဲ့ လူတွေရဲ့အကြောင်း.. သိပ်တော့မကြိုက်ဘူး.. မင်းသားကြိုက်လို့ ကြည့်လိုက်တာ...
နောက်ရက်ကျတော့ လုပ်စရာမရှိဘူးဆိုပြီး ၂နာရီလောက်မှထတယ်.. နိုးတော့လည်း လုပ်စရာတွေရှိတယ် ဖြစ်သွားပြန်ရော.. လက်သည်းခြေသည်း ညှပ်ချင်တယ်.. gym လည်းပြေးဆော့ချင်သေးတယ်.. ဟင်းကလည်း ချက်ချင်သေးတယ်... ဒါနဲ့ တွက်လိုက်တော့ gym သွားမယ်ဆို ဟင်းချက်တာနောက်ကျမယ်ဆိုပြီး အပျင်းတစ်ပြီး မသွားတော့ဘဲ လက်သည်းခြေသည်း သွားညှပ်.... ဈေးဝယ်.. အိမ်ရောက်တော့ ချက်မှာက ခရမ်းချဉ်သီး ငပိချက် နံနံပင်ကမရှိဆိုတော့ တခေါက်ထွက်ဝယ်.... ပြန်ရောက်တော့ ၇နာရီကျော်နေပြီး... အဲ့ဒါနဲ့ စချက်.. ပုဇွန်ခြောက်တွေများသွားတော့ ပြန်ဖယ်ထုတ်.. ထုတ်ထားတဲ့ ဟာတွေပုလင်းထဲ ပြန်မထည့်ချင်တော့ ရေခဲသေတ္တာကိုမွှေနှောက် .. မျှစ်ပုစိညှောင့်တောက် အထုပ်လေးတွေ့တော့ ကြော်ပလိုက်တယ်.. ပြီးတော့ ကိုယ်စားဖို့ အရွက်ကြော်တယ်...
ထမင်းကလွဲရင် အကုန်စားတာမို့ ထမင်းမစားဘူး.. ပန်းပွင့်ကြော်စားတယ်..
ဒီ ၂ခွက် ရုံးထည့်မှာဆိုတော့ တခါတည်း ဗူးနဲ့ထည့်လိုက်တယ်..
နောက်တော့မပြီးသေးဘူး.. အများသူငါတောင်းဆိုချက်အရ သာကူပြင်ထပ်လုပ်တယ်.. သာကူပြင်လုပ်နေရင်း ချစ်သူဆီက ဖုန်းလာတော့ နင့်သာကူပြင်ဇာတ်လမ်းက မပြီးသေးဘူးလားတဲ့.. နောက်တော့ ခရမ်းချဉ်သီး ငပိချက်ချက်တာကိုသိတော့.. သူ့အတွက်တောင် ဘယ်တုန်းကမှ အဲ့လို ညကြီးမင်းကြီး ကြိုးကြိုးစားစား မလုပ်ပေးဖူးဘဲနဲ့တဲ့... ခုကျမှ ရုံးထည့်ဖို့ကို ကိုယ်တိုင် ပင်ပင်ပန်းပန်းချက်ပြုတ်နေရလားတဲ့...
"မနက် ၅ နာရီလောက်တွေ ထချက်ပေးခဲ့တာတွေ ရှင်ကမေ့နေပြီလား"
ညဘက်တွေ ဗိုက်ဆာလို့ တခုခု ထလုပ်ခိုင်းရင် ဘယ်တော့မှ မလုပ်ပေးဘူးတဲ့...သူပဲ အမြဲလုပ်ပေးရတယ်တဲ့..
"အော် ညဘက်ကြီး ဗိုက်ဆာလို့ ထမင်းသုပ်ပေးခဲ့တာတွေ ရှင်က ခုတော့မေ့ပြီပေါ့... "
ဒါကျတော့ မမေ့ပါဘူးတဲ့.. (ကိုယ့်မှာလည်း ပြောစရာက အဲ့တပေါက်ပဲရှိတာပါ.. သူဘာလုပ်ခိုင်းခိုင်း လုံးဝမထတမ်း အပျင်းထူတာပါ :P)
ဒါပေမဲ့ သင်္ကြန်တုန်းက ဘယ်သူကပဲ ထချက်ရတာလဲ.. ကြက်သားသုပ်တုန်းက အိပ်နေတာလေ.. အီးတောင် တချက်လှည့်မပေါက်ဘူးလေဆိုပြီး စကားနာတွေထိုးး.. မဆိုင်တာတွေပါထည့်ပြောပေါ့.... အဲ့ကြက်သားသုပ်တဲ့ကိစ္စကြောင့် မွေးသဖခင်က ချစ်သူအပေါ်မှာ အမှတ်တွေ အရမ်းပေးပါတယ်.. ကိုယ်က အိပ်ချင်လို့ဆိုပြီး သိုးနေအောင် အိပ်နေတဲ့ အချိန်မှာ ချစ်သူက ရွှေညောင်ပင် ကြက်သားသုပ်လိုဟာကို အိမ်မှာ သုပ်ဖို့ ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်နေခဲ့တာပါ.... ရခါနီးမှာ ကိုယ်ကနိုးထလာပြီး ပြီးပြီလား စားမယ်ဘာညာလုပ်တော့ ဒယ်ဒီက ညည်းအေ အဲ့လိုလုပ်စရာလား ဘာလားညာလားနဲ့... နောက်ပိုင်းကြုံတိုင်းလည်း အဲ့ဒါကိုပြောပြီး ကျေနပ်တာလား ဘာလားတော့မသိ... ခဏခဏပြောပါတယ်.. ဒါကို ချစ်သူကို ပြန်ပြောပေါ့..
"ရှင် အဲ့ဒီ့ ကြက်သားသုပ်လိုက်တဲ့အတွက် father ကြီးက ရှင့်ကို ဘယ်လောက်တောင်အမှတ်တွေ ပေးနေလဲဆိုတာ ရှင်သိရဲ့လား.."
ဆိုပြီး ပြောတော့ ချစ်သူကလည်း အကျေနပ်ကြီးကျေနပ်ပေါ့..... ဒီလိုပဲ ချစ်သူနဲ့ ခဏတာ စကားပြောရတဲ့အချိန်လေးမှာ ကြည်နူးစရာလေးတွေပဲ ဖြစ်ချင်တာပါ.... အဲ့လို ကိစ္စသေးသေးလေးတွေ ပြန်ပြောရင် ကိုယ်ကတော့ ငါတို့ဒီလောက်တောင် ချစ်ကြတာပဲလို့ တွေးမိပြီး ကြည်နူးမိတယ်.. သူလည်း ဒီလိုပဲဖြစ်မှာပါလေ.. အဲ့မျိုးလေးတွေပြောတိုင်း သူရောကိုယ်ရော အကြီးကြီး ပြုံးပြီး ပီတိတွေဖြာကြတယ်ပေါ့... (စကိုက်ပိပြောကြတာပါ.. ဖုန်းထဲကနေ အပြုံးတွေမြင်တယ် ထင်နေမဆိုးလို့) .. ဘာလိုလိုနဲ့ အတော်ရှည်နေပြီ.. ကဲကဲ.. သာဂူပြင်လေးတော့ ရှုလိုက်ပါဦး...
သာဂူပြင်ကို မြင်တော့ ရုံးကလူတွေက ထပ်ပြောကြပြန်ပါတယ်.. ကိုယ်က အကုန်လုပ်တတ်တာပဲနော်တဲ့.. သူတို့က မထင်ကြပါဘူး.. အရင်တခေါက်က ဘာချက်တုန်းကလည်း မသိဘူး.. တခါပြောကြသေးတယ်..
ကိုယ့်ပုံစံက အရမ်းကို ဆတ်ကော့လတ်ကော့ အပိုးမကျိုးတဲ့ပုံပေါက်နေလို့လားဟင်လို့ ပြန်မေးတော့... ဘာမှကို ချက်တတ်ပြုတ်တတ်မဲ့ပုံတော့ မပေါ်ဘူးတဲ့.... ကောင်းရော...
No comments:
Post a Comment